သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးထင်ကျော် ရှေ့သီတင်းပတ် ဂျပန်ခရီးထွက်မည်


သမ္မတ ဦးထင်ကျော် ရှေ့သီတင်းထဲသွားရောက်မယ့် ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ရခိုင်အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရက ဆောင်ရွက်နေ တာတွေကို ထောက်ခံမှု ပိုရလာအောင် ဂျပန်အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနိုင်လိမ့်မယ်လို့ ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာ့အရေး လှုပ်ရှားသူ တွေက မျှော်လင့်နေကြပါတယ်။ သမ္မတ ဦးထင်ကျော်ဟာ ဒီဇင်ဘာ ၁၂ ကနေ ၁၅ ရက်နေ့ထိ တိုကျိုမြို့မှာကျင်းပမယ့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ညီလာခံကို တက်ရောက်ဖို့ ဂျပန်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ဂျပန်နိုင်ငံ တိုကျိုမြို့ Prince Hotel မှာ ဒီဇင်ဘာ ၁၂ ကနေ ၁၅ ရက်နေ့ထိကျင်းပမယ့် လူသားတိုင်း ကျန်းမာရေး စောင့်ရှောက်မှု ခံစားနိုင်ခွင့် ဆိုင်ရာ ညီလာခံ Universal Health Coverage (UHC) Forum 2017 ကို တက်ရောက်ဖို့ ရှေ့တပတ်ထဲ သမ္မတ ဦးထင်ကျော် ဂျပန်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်မှာ ဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ဖိတ်ကြားချက်အရ UHC ကျန်းမာရေး ညီလာခံကို တက်ရောက်ဖို့နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ဖို့ မကြာမီ ကာလအတွင်း ဂျပန်နိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီးအဖြစ် သမ္မတ ဦးထင်ကျော် သွားရောက်မှာ ဖြစ်တယ်လို့ မြန်မာအစိုးရက သတင်း ထုတ်ပြန်ထားပါတယ်။ ဒီခရီးစဉ်ဟာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်ကစပြီး သမ္မတဦးထင်ကျော်ရဲ့ ပထမဦးဆုံး ဂျပန်နိုင်ငံ ခရီးစဉ်လည်း ဖြစ်ပါတယ်။

UHC ကျန်းမာရေး ညီလာခံကို တက်ရောက်မယ့် သမ္မတ ဦးထင်ကျော်ရဲ့ ဂျပန်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေး ကဏ္ဍကို မြှင့်တင်နိုင်မယ့် အကူအညီ ရရှိရေးကို ဆွေးနွေးလိမ့်မယ်လို့ ကျန်းမာရေးနဲ့ အားကစားရေးဝန်ကြီးဌာနကနေ မကြာသေးမီကမှ အငြိမ်းစားယူသွားတဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာ မြင့်ဟန် ကပြောပါတယ်။

“ဂျပန်ကတော့ ကျနော်တို့ကို ကူညီခဲ့တဲ့ အပိုင်းတွေ အများကြီးရှိပါတယ်။ လက်ရှိလည်း ဆေးရုံတွေ upgrade လုပ်တာတွေလည်း ဂျပန်ကကူညီနေတယ်။ နောက်ပြီးတော့ ဆေးရုံအသစ်တွေဆောက်ဖို့လည်း သူတို့ ကူညီနေတာတွေရှိပါတယ် ။ ရှိတော့ နောက်ပိုင်းကူညီတာတွေလုပ်ဖို့ကတော့ အလားအလာရှိတာပေါ့နော်။သမ္မတကြီးခရီးစဉ်ပြီးရင်ပေါ့နော်။ နောက်ပြီး ဂျပန်ကတော့ ကူညီတဲ့အစဉ်အလာလည်း ရှိခဲ့တော့ ဆက်ပြီးတော့ ကူညီဖို့ အခွင့်အလမ်းလည်းရှိမယ်ထင်ပါတယ်။”

အခုကာလဟာ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရကို ကုလသမဂ္ဂ၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပြစ်တင်ဝေဖန် ဖိအား ပေးနေတဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတ ဦးထင်ကျော်ရဲ့ ဒီ ဂျပန်နိုင်ငံခရီးမှာ ရခိုင်အရေးနဲ့ပတ်သက်လို့ ဂျပန်နိုင်ငံရဲ့ထောက်ခံမှု ပိုရ လာအောင် ဆွေးနွေးမှုတွေ ရှိလာနိုင်တယ်လို့ တိုကျိုမြို့က ဂျပန်-မြန်မာအရေး လေ့လာသူ ဦးကျော်ကျော်စိုးက သုံးသပ်ပါတယ်။

“သမ္မတ ဦးထင်ကျော်လာတဲ့အချိန်မှာလည်း ဝန်ကြီးချုပ် အာဘေးနဲ့အတူ ညစာစားရင်းနဲ့ လက်ရှိရခိုင်အရေးရော ပါမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကမ္ဘာလုံးမှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့ အုန်းအုန်းကျပ်ကျပ် ဖြစ်နေတော့ တခုခုတော့ ထုတ်ဖော်ပြောမယ်လု့ိထင်တယ်။ စိုးရိမ်ပူပန်တယ်ပေါ့ဗျာ နောက်တချက်ကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြားမှာ ဒီ ထွက်ပြေးသွားတဲ့ မွတ်စလင်တွေ ပြန်လာဖို့ ကိစ္စကို အကောင်အထည်ဖော်မယ့်အစီအစဉ်ကိုလည်း အမြန်ဆုံးစတင်တော့မယ်ဆိုတဲ့အခါကျတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သမ္မတဦးထင်ကျော်က ဘယ်လောက်အတိုင်းအတာအထိ ဖြစ်ထွန်းနေပါပြီဆိုတာကို ပြောမယ်ဆိုတာ ကျနော်ယူဆပါတယ်။”

မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ စိတ်အားထက်သန်နေတဲ့ ဂျပန်ကုမ္ပဏီတွေဟာ လက်တွေ့မှာ ထင်သလောက် ရင်းနှီးမြှုပ်နှံဖို့ မလာရောက် သေးတာကြောင့် သမ္မတဦးထင်ကျော်ရဲ့ ခရီးစဉ်အတွင်း ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အမြန်ဆုံးလာရောက်ဖို့ကို ဆွေးနွေးနိုင် တယ်လို့ဦးကျော်ကျော်စိုးက မြင်ပါတယ်။

“စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ ဂျပန်ကတော့ မြန်မာကို ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်တာကတော့ အမှန်ပါပဲ။ ဒါပေမယ့် မြန်မာပြည်လက်ရှိအခြေအနေတွေအရ ဂျပန်ကုမ္ပဏီတွေက ထဲထဲဝင်ဝင်လုပ်ကိုင်ဖို့ နောက်ပြီး ပြတ်ပြတ်သားသားဝင်ရောက်လုပ်ကိုင်ဖို့ဆိုတာက နည်းနည်းလေး တွန့်ဆုတ်နေတယ်လို့ ယူဆပါတယ်။ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်လောက်က မြန်မာပြည်က အဖွဲ့တဖွဲ့က ကုမ္ပဏီတွေကအကြီးအကဲတွေ ဂျပန်ကို ရောက်လာပါသေးတယ်။ ရောက်လာပြီးတော့ ဒီမှာရှိတဲ့ ဂျပန်ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့အတွက် ဖိတ်ခေါ်တာမျိုး ဆွေးနွေးတာမျိုး အခြေအနေတွေ လုပ်ခဲ့တယ်လို့ တော့ ကျနော်သိရပါတယ်။ အခုသမ္မတဦးထင်ကျော်လာတဲ့အခါမှာ စီးပွားရေးကိစ္စကိုလည်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ဆွေးနွေးဖြစ်မယ်လို့ ယူဆပါတယ်။”

တကမ္ဘာလုံး လူတိုင်းကျန်းမာ ဆိုတဲ့ဆောင်ပုဒ်နဲ့ ရှေ့သီတင်းပတ်ထဲ သမ္မတဦးထင်ကျော် တက်ရောက်မယ့် UHC ညီလာခံမှာတော့ လူသားတိုင်း ကျန်းမာရေး စောင့်ရှောက်မှု ခံစားခွင့်ရစေမယ့် ဘယ်လို လှုပ်ရှားမှုမျိုးတွေ လုပ်ဆောင်သွားမလဲဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်နိုင်ဖို့ ဆွေးနွေးကြမယ်လို့ ညီလာခံတာဝန်ရှိသူတွေက ကြေညာထားပါတယ်။

UHC ညီလာခံကို အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးပွဲနဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ စတင်မှာဖြစ်ပြီး၊ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာတော့ ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ ဆွေးနွေးကြမှာပါ။ ဒီဇင်ဘာ ၁၄ ရက်နေ့ကျရင် ဖိတ်ကြားထားတဲ့ နိုင်ငံ့ခေါင်းဆောင် တွေ ဆွေးနွေးကြမှာဖြစ်ပြီး၊ ဒီဇင်ဘာ ၁၅ အပိတ်နေ့မှာတော့ အရပ်ဖက် အဖွဲ့အစည်းတွေ ထပ်မံဆွေးနွေးကြဖို့ ရှိပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်နေ့ကို UHC Day အဖြစ် ကုသမဂ္ဂက ၂၀၁၂ ခုနှစ်ကစပြီး သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG