သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ သမ္မတ ကတိပြု


သမ္မတ ဦးသိန်းစိန် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးနေပုံ။
သမ္မတ ဦးသိန်းစိန် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးနေပုံ။

လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပတော့မယ့် အထွေထွေရွေးကောက်ပွဲကို ရာနှုန်းပြည့် ပြီးပြည့်စုံစေဖို့ အခက်အခဲတွေရှိပေမယ့်လည်း သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ အတတ်နိုင်ဆုံး သန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားထားတယ်လို့ လစဉ် ရေဒီယို မိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးတဲ့ အဖွဲ့အစည်းတွေနဲ့လည်း လက်မှတ်ထိုးဖို့ ဆောင်ရွက် သွားမယ်လို့ ပြောဆို ထားပါတယ်။အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂ ီလင်းကပြောပြပါမယ်။

ဒီမိုကရေစီ အတွေ့အကြုံ နုနယ်သေးတာကြောင့် လာမယ့်ရွေးကောက်ပွဲကို ရာနှုန်းပြည့် ပြီးပြည့်စုံအောင် ဆောင်ရွက်ဖို့ ခက်ခဲပေမယ့် သမ္မတဦးသိန်းစိန် အစိုးရ အနေနဲ့ သန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းထားတယ်လို့ ဒီကနေ့ လစဉ်ရေဒီယို မိန့်ခွန်းမှာ အခုလိုပြောဆိုလိုက်ပါတယ်။

““ကျန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ၊ နိုင်ငံ တည်ဆောက်ရေးဆိုင်ရာ Institutions တွေ အားကောင်းမောင်းသန် မဖြစ်သေးတာဟာ အရှိတရား ပဲဖြစ်ပါတယ်။ ဒီလို အခက်အခဲတွေ ရှိနေတဲ့ အတွက် ရာနှုန်းပြည့် ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲ ဆိုတာတွေကို ကျင်းပဖို့ အခက်အခဲများ ရှိနေတာကိုလည်း ကျွန်တော့်အနေနဲ့ နားလည် လက်ခံထားပါတယ်။ သို့သော်လည်းပဲ ကျန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ သန့်ရှင်း လွတ်လပ်တဲ့ ရွေးကောက်ပွဲများကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ဖို့ အတွက် ရာနှုန်းပြည့် ကြိုးစား လုပ်ဆောင်ထားကြောင်း အသိပေးပြောကြားလိုပါတယ်။

ဒါပေမယ့်လည်း အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဝင်းထိန် ကတော့ သမ္မတရဲ့ ပြောစကားကို မယုံကြည်နိုင်ဘူးလို့ အခုလို တုံ့ပြန်လိုက်ပါတယ်။

“ဘာကြောင့်လဲဆိုတော့ အထောက်အထားတွေ အများကြီးရှိတယ်။ မနေ့ကဆို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဦးသိန်းစိန် ရဲ့ ပြုမှုဆောင်ရွက်ချက်တွေဟာ သမ္မတ လုပ်ငန်းကော၊ ပါတီဥက္ကဋ္ဌလုပ်ငန်းကော ရောပြီးလုပ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီဖြစ်စဉ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြပြီးပြီ။ ရွေးကောက်ပွဲကော်မရှင်က အရေးယူ၊ မယူတာ သူတို့အလုပ်။ ကျနော်တို့ကတော့ တရားမဲ့ ဥပဒေမဲ့ လုပ်နေတာကို တင်ပြဖို့က ကျနော်တို့အလုပ် ဒါကြောင့်မို့လို့ သူ-ဘာပြောပြော ကျနော်မယုံဘူးလို့ ပြောလိုက်ပါ။”

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာလက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း ပါဝင်လက်မှတ်ရေးထိုးဖို့ ဆက်လက်ကြိုးစား သွားမယ် လို့ သမ္မတ ဦးသိန်းစိန်ကပြောပါတယ်။

“လက်ရှိ အချိန်မှာ စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခြင်း မပြုရသေးတဲ့ ကျန်ရှိနေသေးတဲ့ အဖွဲ့အစည်းများ ပါဝင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် လမ်းဖွင့်ထားပြီး ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒီကိစ္စတွေဟာ လွယ်ကူမှု မရှိသလို ခက်ခဲတဲ့ အနေအထားတွေနဲ့ ပဋိပက္ခအချို့ ဆက်လက် ရှိနေသေးတာကိုလည်း တွေ့မြင်နေရပါတယ်။ သို့သော်လည်းပဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ချုပ်ငြိမ်းသွားပြီး အားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပဖို့ ကြိုးပမ်း ဆောင်ရွက် သွားကြရမှာပဲဖြစ်ပါတယ်။ ဒီစာချုပ်ကို ကောင်းမွန်စွာ အကောင်အထည်ဖော်နေ ရမယ့် နည်းတူ ပဋိပက္ခ ဒဏ်ခံ ဒေသများမှ ပြည်သူများ ကိုလည်း ငြိမ်းချမ်းရေးရဲ့ လက်ငင်း အကျိုးရလဒ်တွေ မြန်နိုင်သမျှမြန်မြန် ခံစားရရှိစေဖို့ ဆောင်ရွက် သွားကြ ရမှာလည်း ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆမ်းမြို့တော်မှာ NCA လက်မှတ်ရေးမထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း စည်းဝေးခဲ့တာကြောင့် အားလုံးပါဝင် လက်မှတ်ရေးထိုးရေး အတွက် အခက်အခဲ ရှိနိုင်တယ်လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။

“ပထမတချက်ကတော့ အခုလက်မှတ်ထိုးပြီးသားအဖွဲ့တွေနဲ့ အစိုးရနဲ့ လက်မှတ်ထိုးပြီး တဲ့နောက်မှာ သူတို့စာချုပ်ပါအချက်တွေကို အကောင်အထည်ဖော်နေ ကြတာရှိတယ်။ အဲဒါက ဘယ်လောက်ထိ အကောင်အထည်ဖော်နိုင် သလဲဆိုတာမှာ မှုတည်နေတယ်။ သူတို့ အကောင်အထည်ဖော်တာ အောင်မြင်လို့ ကောင်းလို့ ပဋိပက္ခတွေလျှော့နည်း လာတယ်။ တိုက်ပွဲတွေ လျှော့နည်းတယ်။ နောက်ဒေသခံ တိုင်းရင်းသားတွေရဲ့ စီးပွားရေးတွေ၊ အကျိုးစီးပွားတွေကို လုပ်ကိုင်လာနိုင်တယ်ဆိုရင်တော့ ဒါဟာ အခြားသော အဖွဲ့အစည်းတွေအတွက် စံပြနမူနာဖြစ်မှာပေါ့။ အဲဒီအချက်ပေါ် မူတည်မယ်။ နောက်ဒုတိယတချက်က အခုဒီ လက်မှတ်မထိုးတဲ့ အဖွဲ့တွေ အကုန်လုံးကို အခု ၀ တွေက ပန်ဆမ်းမှာ ခေါ်စုပြီးတော့ အစည်းအဝေးတွေ လုပ်နေတယ်။ ဒီတဖက်ကလည်း မထိုးတဲ့လူတွေကို အင်အားစုပြီးတော့မှ ဟိုဘယ်လိုလဲ ရင်ဆိုင်ဖို့ပေါ့နော် ၊ အဲလိုလုပ်လာတဲ့ အခြေအနေပေါ်မှာ ဒါကလည်း ဟို သူ သမ္မတ ပြောသလိုမျိုး ဒီလူတွေက ဘက်တဖက်ကို ရောက် သွားပြီဆိုတဲ့အခါကျတော့ လုပ်ရကိုင်ရတာက ခက်လာလိမ့်မယ်။”

ဒီကနေ့ နိုင်ငံတော်သမ္မတပြောဆိုတဲ့ မိန့်ခွန်းထဲမှာတော့ ပြည်သူလူထုအနေနဲ့ မိမိတို့ရဲ့ ဆန္ဒသဘောထားအတိုင်း ရွေးကောက်ပွဲမှာ လွတ်လပ်စွာ ဆန္ဒမဲပေးရွေးချယ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG