သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ဆန်းတရက် လွတ်လာတဲ့ နိုင်ကျဉ်းနဲ့ ကျန်ရစ်သူများအရေး


နှစ်ဆန်းတရက်နေ့ အင်းစိန်ထောက်ကလွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားများ။
နှစ်ဆန်းတရက်နေ့ အင်းစိန်ထောက်ကလွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားများ။

နိုင်ငံတော်သမ္မတဦးထင်ကျော်ရဲ့ လွတ်ငြိမ်းခွင့်အမိန့်နဲ့ မနေ့ မြန်မာနှစ်ဆန်း (၁)ရက်နေ့က လွတ်မြောက်လာတဲ့ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေကတော့ လူထုအစိုးရသစ်ရဲ့ ဦးဆောင်မှုကိုယုံကြည်မှုရှိပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့ ကျန်နေသေးတာကတော့ ကာလုံရဲ့ သဘောတူညီချက်ရအောင်ညှိုနှိုင်းမယ့် အဆင့်ကျန်နေတာကြောင့် ဖြစ်နိုင်တယ်လို့ ဥပဒေပညာရှင်တချို့က သုံးသပ်ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

မနေ့က အင်းစိန်ထောင်ကလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ကိုနေမျိုးဇင်ကတော့ ပြည်သူ့အစိုးရဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရရဲ့ ဦးဆောင်မှုကို ခံယူပြီး တိုင်းပြည်ဖွံဖြိုးရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ အင်းစိန်ထောင်ရှေ့မှာ သတင်းထောက်တွေကို အခုလိုပြောသွားပါတယ်။

“ခေါင်းဆောင်ကောင်းနဲ့ အစိုးရကောင်းရပါပြီ။ ကျနော်တို့ နောက်လိုက်ကောင်းနဲ့ နိုင်ငံသားကောင်းတွေဖြစ်ဖို့ပဲလိုအပ်ပါတယ်။ ဒါကျနော်တို့ ထောင်က လွတ်လွတ်ခြင်းပြောချင်တဲ့စကားပါ။ ကျနော်တဦးတယောက်ကြောင့် အစိုးရသစ်မှာ အနှောက်အယှက် အဟန့်အတားမရှိစေရပါဘူး။ ကျနော်နဲ့ ပတ်သက်ဆက်နွယ်တဲ့ အဝန်းအဝိုင်းနဲ့ ပတ်သက်ပြီးတော့ အစိုးရသစ်ဦးဆောင်တဲ့ မူဝါဒတွေကို အကောင်အထည်ဖော်သွားပြီးတော့ အဟန့်အတားမဖြစ်စေရပါဘူး။ ကျနော်တို့ တတ်နိုင်တဲ့နေရာက ရသလောက်စွမ်းဆောင်ပြီးတော့ ပံ့ပိုးကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

ဗုဒ္ဓတရားတော်နဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန်ဟောကြားခဲ့လို့ဆိုပြီး မဘသရဲ့ တရားစွဲဆိုမှုနဲ့ ထောင်ဒဏ် (၂)နှစ်ချမှတ်ခံရတဲ့ စာရေးဆရာထင်လင်းဦးလည်း မနေ့က မုံရွာအကျဉ်းထောင်ကလွတ်မြောက်လာ တာနဲ့ပတ်သက်လို့ ဗွီအိုအေကို အခုလိုပြောပါတယ်။

"အမေစုအပေါ်မှာ အပြည့်အဝယုံကြည်တယ်။ ငါတို့အမေသည် ငါတို့နိုင်ငံကို ပြုပြင်ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ယုံကြည်တယ်။ ဒီယုံကြည်ချက်ကြောင့်လည်း သူ့နောက်ကနေပြီး တိုက်ပွဲဝင်ခဲ့တယ်။ ကျနော်ရဲ့လုပ်ဆောင်ချက်တွေက အမေ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ ဒါဟာ သားတယောက်ရဲ့နည်းနည်းလွဲချော်တဲ့ တိုက်ပွဲပုံစံဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့ အခုအစိုးရသစ်တက်လာတဲ့အချိန်မှာ မျက်ရည်ကျလောက်အောင်ဝမ်းသာတယ်လို့။ အဲလိုပဲပြောရမယ်။ နောက်တခါ အမေစုကပြောတယ်။ အတိတ်ရဲ့အပိတ်အလှောင်တွေထဲမှာ သူမနေဘူးတဲ့။ နောက်ကြောင်းကို ပြန်ပြန်ငှဲ့ပြီး ရှေ့ခရီးအပျက်မခံဘူးလို့။ ဒါကို သိပ်သဘောကျတယ်။ ကျနော်တို့က နောက်ပြန်ကြည့်ပြီး ရှေ့ခရီးနှောင့်နှေးချင်တဲ့သူတွေမဟုတ်ဘူး။"

သမ္မတဦးထင်ကျော်ရဲ့လွတ်ငြိမ်းခွင့်အမိန့်နဲ့ လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား (၈၃)ဦးဟာ ငြိမ်းစုစီ ပုဒ်မ (၁၈)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၊ ဆူပူအောင်ဖန်တီးတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရသူတွေဖြစ်ပြီး အခြားပုဒ်မတွေနဲ့ ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ဟာ အကျဉ်းထောင်တွေထဲမှာ ဆက်ပြီးရှိနေဆဲဖြစ်ပါတယ်။ သူတို့ကို လွတ်မြောက်အောင်လုပ်ဖို့ဆိုရင် တပ်မတော်က အာဏာအရှိဆုံးဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ သဘောတူညီချက်ရဖို့ လိုအပ်နေတယ်လို့ ယူဆကြောင်း ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးကပြောပါတယ်။

“ပြန်လည်လွတ်မြောက်လာတဲ့အထဲမှာ မတရားအသင်းနဲ့ ဆက်သွယ်တဲ့ ပုဒ်မ ၁၇ (၁) (၂) ၊ အရေးပေါ်စီမံမှုဥပဒေ ၅ (ည) စတာတွေနဲ့ ပတ်သက်တဲ့အမှုတွေက ပြစ်ဒဏ်ချမှတ်ခံထားရတဲ့သူတွေ လွတ်မြောက်လာခြင်းမရှိသေးဘူးဆိုတာကို ကျနော်တို့တွေ့ရတယ်။ အဲတော့ အဲဒီလူတွေလွတ်မြောက်ဖို့ဆိုရင်တော့ ကျနော်တို့ သမ္မတကနေပြီးတော့ ကာလုံရဲ့သဘောတူညီမှုကို ညှိနှိုင်းရယူပြီးမှ လွတ်လို့ရမယ့်သဘောအခြေအနေဖြစ်ပါတယ်။ အဲတော့ အဲဒီအဆင့်ကိုလည်း သူတို့ဆက်လက်ဆောင်ရွက်နေတယ်လို့ ကျနော်တို့ထင်မြင်ယူဆပါတယ်။”

အထူးသဖြင့် တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေထဲ စစ်တပ်က မတရားဖမ်းဆီးနှိပ်စက်ညှမ်းပန်းပြီး ထောင်ချခံထားရတဲ့ ဦးလဖိုင်ဂမ်နဲ့ ဦးဘရန်ရုန်းအပါအဝင် ၃ ဦးတို့ဟာ မတရားအသင်းဆက်ဆံမှုနဲ့ တရားရုံးချုပ်က မှားယွင်းစစ်ဆေးတာဖြစ်ကြောင်း တရားရုံးက လွှတ်မိန့်ချထားပြီး ဖြစ်ပေမယ့် အခုချိန်ထိလွတ်မြောက်လာခြင်း မရှိသေးဘူးလို့ ဦးမင်းလွင်ဦးကပြောပါတယ်။

“အထူးသဖြင့် ဘရန်ရုန်း၊ လဖိုင်ဂမ် ၊လရိန်ခွမ်း၊ မာလ တို့ဟာ တရားရုံးချုပ်ကနေပြီးတော့ ဒီအမှုမှာ မတရားဖြောင့်ချက်ရယူထားတာဖြစ်တဲ့အတွက် အပြီးပြတ်လွတ်စေဆိုပြီး အမိန့်ချထားသော်လည်း ယနေ့ထက်တိုင်လွတ်မြောက်လာခြင်းမရှိသေးဘူးဆိုတာလည်း ကျနော်တို့ကြားသိရပါတယ်။”

ဒါ့အပြင် အခု NLD အစိုးရသစ်လက်ထက် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဟာ နိုင်ငံရေးအကျဉ်းသားတွေအတွက် သီးသန့်ရည်ရွယ်ခဲ့တာဖြစ်ပြီး အရင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကတော့ ရာဇဝတ်မှုနဲ့ ထောင်ချခံထားရသူတွေအတွက်ဖြစ်တယ်လို့ ဦးမင်းလွင်ဦးကပြောပါတယ်။

“ဦးသိန်းစိန်လက်ထက်တုန်းက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေကျန်ခဲ့ပြီးတော့ လူသတ်မှု၊ မဒိမ်းမှု ၊ နောက်ပြစ်မှုကြီးတွေနဲ့ အရေးယူခံထားရတဲ့လူတော်တော်များများလွတ်မြောက်သွားတယ်ဆိုတာ ကျနော်တို့တွေ့ရတယ်။ အဲဒီလူတွေကလည်း အပြင်ရောက်ပြီးတဲ့တခါ ထပ်မံပြီးတော့ ပြစ်မှုတွေကျူးလွန်ပြီးတော့ အဖမ်းခံရတယ်ဆိုတဲ့ကိစ္စတွေ ကိုလည်း ကျနော်တို့ကြားရတယ်။ဒါကြောင့်လည်း အခုလွတ်ငြိမ်းချမ်းသာခွင့်ပြုတဲ့ကိစ္စမှာ ဒီတခေါက် ကိစ္စကို အထူးသတိပြုပြီးတော့ အလေးထားဆောင်ရွက်နေတယ်လို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က)အရ သမ္မတဦးထင်ကျော်က ပြစ်ဒဏ်လွတ်ငြိမ်းချမ်း သာခွင့်ပြုလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား (၈၃)ဦးရဲ့ စာရင်းအတိအကျကို အခုချိန်ထိ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရဆိုရင် မနေ့က အကျဉ်းထောင်အသီးသီးကလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း (၆၀)ကျော်ရှိပြီး နောက်ထပ်လွတ်မြောက်ဖို့ နိုင်ငံရေးအကျဉ်းသား ၆ဝ ကျော်ကျန်ရှိနေသေးတယ်လို့ အဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။

XS
SM
MD
LG