သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတနှစ်သစ်ကူးမိန့်ခွန်းနှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းသူများ


သမ္မတနှစ်သစ်ကူးမိန့်ခွန်း (Myanmar President office Facebook)
သမ္မတနှစ်သစ်ကူးမိန့်ခွန်း (Myanmar President office Facebook)

မြန်မာနှစ်ဆန်းတရက်နေ့ ဒီကနေ့မှာ နိုင်ငံတော်သမ္မတက နိုင်ငံသူနိုင်ငံသားတွေအတွက် နှစ်သစ်ကူးနှုတ်ခွန်းဆက်လွှာနဲ့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ သမ္မတရဲ့ ပထမဆုံးအကြိမ် မြန်မာနှစ်သစ်ကူးဆုမွန်တောင်းတဲ့ နှုတ်ခွန်းဆက်လွှာထဲ နိုင်ငံသားများနှစ်ထောင်းအားရရှိစေကြောင်း အစိုးရသစ်လုပ်ဆောင်ပေးနေမှုတွေ ဆက်လုပ်ဆောင်မယ့်ဆောင်ရွက်ချက်တွေကို ထည့်သွင်းပြောကြားခဲ့တာပါ။ နိုင်ငံသစ်တည်ဆောက်ရေး အရေးကြီးဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးအသီးအပွင့်ကို တိုင်းရင်းသား ပြည်သူတွေ အမြန်ဆုံးခံစားရပါစေကြောင်းကိုလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တဦးနဲ့ ပြည်တွင်းငြိမ်းချမ်း ရေးဖော်ဆောင်နိုင်ရေး ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလှုပ်ရှားသူတွေကလည်း ဆုတောင်းပေးကြပါတယ်။ မဆုမွန်က တင်ပြထားပါတယ်။

ဒီကနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ် တန်ခူးလဆန်း (၁၀) ရက် ၂၀၁၆ ခုနှစ် ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတရက်နေ့ ဖြစ်ပါတယ်။ နှစ်သစ်မင်္ဂလာ အခါသမယမှာ နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း အစချီပြီးယုံကြည်ချက်အကျဉ်းသားတွေ လွတ်မြောက်ရေး ဆက်လုပ်သွားမယ့်အကြောင်း သမ္မတက ကတိပေးပါတယ်။

“နှစ်သစ်ကူးကာလမှာ နိုင်ငံသားအများပြည်သူ နှစ်ထောင်းအားရရှိစေဖို့အတွက် နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရတဲ့ ကျောင်းသား ကျောင်းသူများ လွတ်မြောက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေများမှာ ပြဋ္ဌာန်းထားရှိပြီးဖြစ်တဲ့ နည်းလမ်းများကို အသုံးပြုဆောင်ရွက်ကာ သူတို့အသီးသီးကျခံနေရတဲ့ ပြစ်ဒဏ်များ၊ စွဲဆိုထားတဲ့အမှုတွေက လွတ်မြောက်စေဖို့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒါဟာ လတ်တလောကိစ္စရပ်များအတွက် ဖြေရှင်းဆောင်ရွက်တာ ဖြစ်ပြီး ရှေ့အဖို့မှာလည်း နိုင်ငံရေးအပါအဝင် မိမိတို့ရဲ့ ယုံကြည်ချက်များအတွက် ဥပဒေစည်း မျဉ်းများနဲ့ အညီ ကျင့်သုံးဆောင်ရွက် ကြသူတို့ အကျဉ်းချခံရခြင်းဘေးက ကင်းဝေးစေဖို့ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

သမ္မတဦးထင်ကျော်က နိုင်ငံသူနိုင်ငံသားတွေကို နှစ်သစ်မှသည် အစိုးရသစ်ရဲ့နိုင်ငံတော်တည်ဆောက်ရေး ခြေလှမ်းသစ်တွေမှာ ပါဝင်ပူးပေါင်းဆောင်ရွက်ပေးဖို့ကိုလည်း နှုတ်ခွန်းဆက်လွှာထဲ ထည့်သွင်းမေတ္တာရပ်ခံပါတယ်။

“ကျွန်တော်တို့အစိုးရကတိုင်းပြည်အကျိုးအတွက်ရည်ရွယ် ချမှတ်ထားတဲ့မူဝါဒများဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်မှုကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရေးနဲ့ ပြည်သူအများစုရဲ့ လူနေမှုဘဝများ တိုးတက်မြင့်မားရေးတို့ကို အကောင်အထည်ဖော်ဆောင် ရွက်တဲ့နေရာမှာ ကျွန်တော်တို့ကိုရွေးချယ်ပြီး တာဝန်အပ်နှင်းခဲ့တဲ့ မဲဆန္ဒရှင်ပြည်သူ များကလည်း မိမိတို့နေရာကဏ္ဍအသီးသီးက ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျွန်တော်တို့ရဲ့ချို့ယွင်းချက်များ ကို ဝေဖန်ထောက်ပြခြင်း၊ လုပ်ဆောင်သင့်တာတွေကို အကြံပြု လမ်းညွှန်ခြင်းစတဲ့ နည်းလမ်းတွေနဲ့ ဆက်လက်တက်ကြွစွာ ဝိုင်းဝန်းပါဝင်ပေးကြဖို့ အလေးအနက်ပန်ကြားလိုပါတယ်။”

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံတော်၏ အနာဂတ်ခရီးအတွက် နှစ်ထောင်းအားရ ဂုဏ်ယူ ဝမ်းမြောက်ရသလို ရှေ့လာမယ့် နှစ်သစ်မှာလည်း စိတ်သစ်၊ လူသစ်၊ မျှော်လင့်ချက်အသစ်တွေနဲ့ လျှောက်လှမ်းတဲ့ နေရာမှာ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံ မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ဧပြီလ ၁၇ရက်နေ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ထုတ်ပြန်ချက်အဖြစ် ကျေးဇူးတင်လွှာမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဧပြီလ ၁၈ ရက်နေ့ တနင်္လာနေ့မှာတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံကို နှစ်သစ်မိန့်ခွန်း ပြောကြားမှာဖြစ်ပါတယ်။

မြန်မာနှစ်သစ်ကူးအခါသမယမှာ နိုင်ငံတော်သစ်ကို အစိုးရသစ်ရဲ့ဦးဆောင်မှုနဲ့ အကောင်းဆုံး တည်ဆောက်သွားနိုင်ဖို့ နိုင်ငံတော်တည်ဆောက်ရေးမှာ အရေးကြီးဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်တွင်း စစ်ရေးပဋိပက္ခတွေ အေးလို့ ငြိမ်းချမ်းပါစေကြောင်းကိုလည်း ဆုမွန်ကောင်းပို့သကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်လည်းဖြစ် ပအို့ဝ်တိုင်းရင်းသားများလွတ်မြောက်ရေးအဖွဲ့ PNLO ရဲ့ နာယကဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ အားလုံးပူးပေါင်းပါဝင်ကြဖို့ နှစ်သစ်ကူးဆုမွန်တောင်းပေးပါတယ်။

“ဒီနှစ် နှစ်သစ်မင်္ဂလာကတော့ မြန်မာပြည်သမိုင်းမှာ အထူးခြားဆုံး နှစ်သစ်မင်္ဂလာဖြစ်ပါတယ်။ မင်္ဂလာအရှိဆုံး နှစ်သစ်လို့လည်းပြောနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ကိုယ်တိုင်တောထဲမှာ အနှစ် ၄၀ ကျော်တိုက်ပွဲဝင်လာတဲ့ ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ပြီးတော့ ဆောင်ရွက်သွားမယ့်အစိုးရသစ်ပေါ့လေ။ ဒီမိုကရေစီအစိုးရသစ်၊ ပြည်သူတွေရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရသစ်ရဲ့လက်ထဲမှာ ဒါတွေကို အကောင်အထည်ဖော်ခွင့်ရပြီ လုပ်ခွင့်ရပြီဆိုတဲ့အချက်က ကျနော်တို့အားလုံးရဲ့အောင်ပွဲဖြစ်တဲ့အတွက် ဒီနှစ်သစ်မှာ ဒီအောင်ပွဲနှင့်အတူ နိုင်ငံရေးရည်မှန်းချက်တွေရောက်အောင် ဆက်လက်ပြီးတော့ ဝိုင်းဝန်းကြိုးပမ်းကြဖို့ နှုတ်ခွန်း ဆက်လိုက်ရပါတယ်။ ဒီလက်နက်ကိုင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအားလုံးကိုလည်း မေတ္တာရပ်ခံချင်တာက ဒီနှစ်သစ်မှာ အတူတကွပူးပေါင်းဆောင်ရွက်ကြဖို့ ကျနော်ဖိတ်ခေါ်တဲ့အကြောင်း ဒါလည်းထည့်ပြောချင်ပါတယ်ခင်ဗျ။”

ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်အဖွဲ့က ဦးထွန်းဝင်းငြိမ်းက ပြည်တွင်းငြိမ်းချမ်းရေးအမြန်ဆုံးရဖို့ နဲ့ စစ်ပြေးဒုက္ခသည်တွေ အမြန်ဆုံးပြန်လာနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်။

“အခုလာမယ့်နှစ်သစ်မှာ အစိုးရသစ်အနေနဲ့ ပြည်သူလူထုနဲ့အတူ တသားတည်းငြိမ်းချမ်းရေးကို ပြည်သူလူထုပြည့်ပြည့်၀၀ ခံစားရပါစေလို့ ကျနော်တို့ အဓိက ဆုတောင်းချင်ပါတယ်။ ပြည်သူလူထုက ငြိမ်းချမ်းရေးနဲ့ ဝေးခဲ့တာ နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပါပြီ။ အားလုံးစစ်ဘေးဒဏ်ကင်းဝေးပြီးတော့ ငြိမ်းချမ်းရေးရဲ့ အရသာကို ပြည့်ပြည့်၀၀ ခံစားနိုင်ကြပါစေလို့ အဓိက ဆုတောင်းလိုပါတယ်ခင်ဗျ။”

ဝါရင့်နိုင်ငံရေးသမားကြီးလည်းဖြစ် အရင်အစိုးရလက်ထက် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ ဦးဆောင်ပါဝင်ခဲ့သူတဦးလည်းဖြစ်တဲ့ ဦးသုဝေကလည်း အမြင်မတူ သဘောထားမတူညီမှုတွေရှိနိုင်ပေမယ့် နိုင်ငံသစ် တည်ဆောက်ရေးမှာ အားလုံးပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းရင်း နှစ်သစ်ဆုမွန်ကောင်း တောင်းပါတယ်။

“နှစ်သစ်ကြီးမှာ တကယ့်ကိုကောင်းတဲ့ အချက်အလက်တွေ ကို ကောင်းတဲ့ လုပ်ငန်းတွေကို ကောင်းတဲ့အနှစ်သာရတွေကို အားလုံးဝိုင်းပြီးမှ လုပ်ကြမယ် ဆိုရင်ဖြင့် ကျနော်တို့တိုင်းပြည်တခုလုံး ကပေါ့နော် ပြည်သူတွေမျှော်မှန်းတဲ့ပန်းတိုင်ကိုရောက်ကြမှာပါ။ ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာနဲ့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်ဗျာ။”

အခုလိုမျိုး ငြိမ်းချမ်းရေးအသီးပွင့်ကို ခံစားစေလိုကြောင်း ဆုတောင်းခဲ့ကြ သလို ပြည်သူအပေါင်း နိုင်ငံတော်သစ်ကို ခွန်သစ်အားသစ် စိတ်စေတနာ သစ်တွေနဲ့ ဖြတ်သန်းနိုင်ကြစေကြောင်း သမ္မတဦးထင်ကျော်က ပထမဆုံးအကြိမ်အဖြစ် နှစ်ဆန်းတရက်နေ့မှာ နိုင်ငံကို နှုတ်ခွန်းဆက်လွှာပေးပို့ပြီး နှစ်သစ်ဆုမွန်ကောင်းတောင်းခဲ့တာလည်းဖြစ်ပါတယ်။

XS
SM
MD
LG