သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-တောင်ကိုရီးယား စီးပွားရေးအဓိကဆွေးနွေးမည်


တောင်ကိုရီးယားသမ္မတ အီမြောင်ဘက်ခ် နေပြည်တော် ကို ချစ်ကြည်ရေးခရီး ရောက်ရှိခဲ့စဉ် (မေ၁၄၊ ၂၀၁၂)
တောင်ကိုရီးယားသမ္မတ အီမြောင်ဘက်ခ် နေပြည်တော် ကို ချစ်ကြည်ရေးခရီး ရောက်ရှိခဲ့စဉ် (မေ၁၄၊ ၂၀၁၂)
တောင်ကိုရီးယားနိုင်ငံကို ရောက်လာမယ့် မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တောင်ကိုရီးယား သမ္မတအီမြောင်ဘခ် တို့ တွေ့ဆုံကြတဲ့အခါ ကိုရီးယား ကျွန်းဆွယ်ဒေသ အပါအဝင်ဒေသတွင်း အရေးကိစ္စတွေ ကို ဆွေးနွေးကြမှာ ဖြစ်တယ်လို့ တောင်ကိုရီးယား ဘက်က ပြောပါတယ်။ မြန်မာသမ္မတ ရဲ့ ခရီးစဉ် ကနေ တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေး ပိုပြီး တိုးတက်လာဖို့ မျှော်လင့်တယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။
မစုမြတ်မွန်က အပြည့်အစုံကို ဆက်ပြီး တင်ပြပါမယ်။

တောင်ကိုရီးယားသမ္မတအီမြောင်ဘခ်ရဲ့ ဖိတ်ကြားချက်နဲ့ အောက်တိုဘာလ ၈ ရက်ကနေ ၁၀ ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံကို လာရောက်မယ့် သမ္မတဦးသိန်းစိန်နဲ့
သမ္မတ အီမြောင်ဘခ်တို့ အောက်တိုဘာလ ၉ ရက်နေ့မှာ တွေ့ဆုံကြမယ် လို့
တောင်ကိုရီးယား သမ္မရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထား ပါတယ်။ ခေါင်းဆောင် ၂ ယောက်တွေ့ဆုံကြတဲ့အခါ ဆွေးနွေးကြဖို့ရှိတဲ့ ကိစ္စတွေ ကို သမ္မတရုံးပြောခွင့်ရသူ Lee Mi Yeon က VOA ကို ခုလိုပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်အပါအဝင် အရှေ့တောင်နဲ့ အရှေ့မြောက်အာရှဒေသ အရေးကိစ္စတွေ အပြင် နိုင်ငံတကာကိစ္စတွေမှာ ပူပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ကို ခေါင်းဆောင် ၂ ယောက်ကြား မှာ အမြင်ဖလှယ်ကြမှာဖြစ်တယ် လို့ တောင်ကိုရီးယား သမ္မတရုံး ပြောခွင့် ရသူ ပြောသွား တာဖြစ်ပါတယ်။

ဒါ့အပြင် ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အပြန်အလှန် ယဉ်ကျေးမှုဖလှယ်ရေးကိစ္စတွေကိုလည်း သမ္မတဦးသိန်းစိန်နဲ့ သမ္မတအီမြောင်ဘခ်တို့ ဆွေးနွေးကြဖို့ရှိပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ၃ ရက်ကြာ ခရီးစဉ်အတွင်း တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့လည်းတွေ့ဆုံ မှာဖြစ်တယ်လို့ တောင်ကိုရီးယား သမ္မတရုံးကပြောပါတယ်။

မြန်မာသမ္မတရဲ့ ခရီးစဉ်ဟာ တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို အဓိက အာရုံစိုက် မှာဖြစ်ပေမယ့် မြန်မာနဲ့ မြောက်ကိုရီးယားကြား စစ်ရေး ဆက်ဆံမှုရှိနေတဲ့ ကိစ္စကိုလည်းဆွေးနွေးကြလိမ့်မယ်လို့ အမည်မဖော်လိုတဲ့ တောင်ကိုရီးယား တာဝန်ရှိသူ တယောက်က VOA ကိုပြောပါတယ်။

ဒီနှစ် မေလတုန်းက တောင်ကိုရီးယားသမ္မတအီမြောင်ဘခ် မြန်မာနိုင်ငံကို နိုင်ငံတော်ခရီးစဉ် အဖြစ် သွားရောက်ခဲ့စဉ်တုန်းကလည်း စီးပွားရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်နဲ့ အရင်းအမြစ် ကိစ္စတွေကို ဆွေးနွေးခဲ့ကြတဲ့ အပြင်၊ လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် Scholarship အစီအစဉ်တွေလုပ်ဖို့၊ Korea Development Institute ကို နမူနာ ယူပြီး နိုင်ငံတော်ပိုင် စီးပွားရေးသုတေသနသိပ္ပံတခု တည်ထောင်ဖို့အတွက် ပူးပေါင်း လုပ်ကြဖို့
သဘောတူခဲ့ကြပါတယ်။

အခုတောင်ကိုရီးယားကိုလာရောက်မယ့် မြန်မာသမ္မတရဲ့ ခရီးစဉ်ကနေ
၂ နိုင်ငံကြား ဆက်ဆံရေး ပိုမိုခိုင်မြဲစေဖို့ မျှော်လင့်ထားတယ် လို့
တောင်ကိုရီးယား သမ္မတရုံးက ပြောပါတယ်။
XS
SM
MD
LG