သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အကျဉ်းသားဦးရေ ရှိသင့်တာထက်နှစ်ဆပို


Myanmar prison
Myanmar prison

မြန်မာနိုင်ငံအကျဉ်းထောင်ထဲတွေမှာ အကျဉ်းသားဦးရေဟာ ရှိသင့်တဲ့ပမာဏထက် နှစ်ဆ ပိုများနေ တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ပြောပါတယ်။ အကျဉ်းထောင်ထဲမှာ တရား ရင်ဆိုင်နေဆဲ အချုပ်သားအရေအတွက် များနေပြီး သာမန်မူးယစ် ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရသူက ထက်ဝက် နီးပါးရှိနေတယ်လို့ AAPP က နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒီအကြောင်း AAPP ရဲ့အစီရင်ခံစာထုတ်ပြန်ပွဲမှာ ကိုယ်တိုင် သွားပြီး သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က ရန်ကုန်မြို့ ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံက အကျဉ်းထောင်နဲ့ အလုပ်စခန်းပေါင်း ၉၃ ခုမှာ အကျဉ်းသားဦးရေ ၉ သောင်းကျော် ရှိနေပြီး ရှိသင့်တဲ့ပမာဏ ၆ သောင်းကျော်ထက် ပိုများနေတယ်လို့ AAPP ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အကျဉ်းသား ၉ သောင်းကျော်မှာ မူးယစ်ဆေးဝါးအမှုနဲ့ အကျဉ်းကျနေသူက ထက်ဝက်ခန့်ရှိနေပြီး ဒီအချက်ဟာ ထောင်နဲ့ အလုပ်စခန်းတွေမှာ အကျဉ်းသားများပြားရတဲ့ အဓိကအချက်ဖြစ်တယ်လို့ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က အခုလို ပြောပါတယ်။

"ဒီအစီရင်ခံစာထဲမှာ အဓိကဖော်ပြထားတာရှိပါတယ်။ ရာခိုင်နှုန်းနဲ့ အတိအကျ ဖော်ပြထားတာ ရှိပါတယ်။ ယေဘုယျအားဖြင့် ဆိုရင်တော့ ကျနော်တို့ အကျဉ်းထောင်ထဲမှာ ခုနကပြောတဲ့ တသိန်း နီးနီးရှိနေတဲ့ထဲမှာ မူးယစ်ဆေးဝါးအမှုနဲ့က ၅၀% ကျော် ဆိုတဲ့အခါကျတော့ တော်တော်များပါတယ်။ အချုပ်က ၁၀ ရာခိုင်နှုန်း ရှိပါတယ်။ အဲ့ဒါတွေလျော့ချလိုက်ရင် ထားနိုင်တဲ့ လူဦးရေရဲ့ တဝက်ေ၏ လောက်ပဲ အကျဉ်းထောင်ထဲမှာ ရှိမှာပါ။ အခုဖြစ်နေတာက မနေ့တနေ့ကလား မိုးအောင်ရင် လက်ဝယ် တွေ့ရှိတဲ့ကိစ္စမှာ ၁၇ နှစ်ကျပါတယ်။ ကားအစီး လိုက်မိတဲ့အခါမှာ ပိုင်ရှင်မဲ့ ဖြစ်ပါတယ်။ အိမ်ထဲမှာ မိတဲ့ကိစ္စတောင်မှ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ အိမ်ထဲမှာမိတာ နည်းနည်း နောနော မဟုတ်ဘူး။ ပိုင်ရှင်မဲ့ဖြစ်ပါတယ်။ သဘောက အဲ့လိုကိစ္စမျိုးတွေ လက်ဝယ်တွေ့ရှိတဲ့ထဲမှာ နည်းနည်းပါးပါး မဆိုသလောက် သုံးစွဲတာကတော့ ၁၇ နှစ် ဖြစ်မယ် ပြောချင်တာ၊ ဒီလိုပြသာနာ တွေကြောင့် အကျဉ်းထောင်ထဲမှာ လူဦးရေ ထူထပ်နေတဲ့ကိစ္စဖြစ်နေတယ်။"

မူးယစ်ဆေးဝါး အမှု အကျဉ်းသား ၅၀ ရာခိုင်နှုန်းအပြင် အချုပ်ကျ အကျဉ်းသား ၁၀ ရာခိုင်နှုန်း ရှိနေတာက လည်း များပြားတဲ့ ပမာဏဖြစ်တယ်လို့ အစီရင်ခံစာ ထုတ်ပြန်သူ တွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေဟာ နှစ်ပေါင်း ၃၀ နီးပါး သက်တမ်း ရှိနေပြီး ပြန်လည် ပြင်ဆင် သင့်တယ်လို့လည်း AAPP အဖွဲ့ရဲ့ မှတ်တမ်းနဲ့ သုတေသနတာဝန်ခံ ကိုဇော်မိုးက ထောက်ပြ ပါတယ်။

"နောက် တည်ဆဲဥပဒေတွေအကြောင်း ပြောမယ်ဆိုရင် ကျနော်တို့ရဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မက ၁၉၈၉ ခုနှစ်က ရေးဆွဲပြဌာန်းထားတာ ဖြစ်တယ်။ ပြင်ဆင်ချက်တွေ လုပ်ထားတာရှိပါတယ်။ ပြင်ဆင်ချက်တွေ သည် ဒဏ်ငွေကို တိုးထားတာတို့၊ ထောင်ဒဏ်တွေကို ပြောင်းထားတာတို့၊ ကျွန်း ကို နှစ်နဲ့ပြောင်းထားတာတို့ ဒီလောက်ပဲရှိတယ်။ ကျန်တဲ့ဟာတွေက တိတိပပ ပြောင်းလဲထားတာ မရှိဘူး။ ဒါကြောင့် ဒါတွေကိုလည်း ခေတ်နဲ့အညီ ပြန်လည် ပြုပြင်တာကို လိုအပ်နေတာကိုလည်း တွေ့ရတယ်။ နောက်တခုက လက်ရှိဖြစ်နေတဲ့ ပြသာနာပါ။ အသရေဖျက်မှုဟာ ရာဇဝတ်မှုဖြစ်နေ တယ်။ Telecommunication Law လိုဟာတွေနဲ့ ဖမ်းနေတာ တွေ ရှိတယ်။ ဒါတွေက အကျဉ်းထောင်ထဲမှာ လူဦးရေ ပိုမိုများပြားစေဖို့အတွက် အထောက်အကူပေးနေတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ တရားဥပဒေတွေမှာ ဖွင့်ဆိုမှု မတိကျတဲ့အတွက် လိုသလို Interpret လုပ်လို့ရပါ တယ်။ အဲ့လို လိုသလို Interpret လုပ်ပြီး ဖမ်းဆီးထိန်းသိမ်း ထောင်ချ နေတာတွေလည်း တွေ့နေရပါတယ်။"

အကျဉ်းသား များပြားနေခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ ထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက် မှု၊ ရာဇဝတ်မှုများပြားပြီး ရောဂါဘယ ပျံ့နှံ့လွယ်တာတွေ ထောင်ဝန်ထမ်းအင်အား မမျှတ တဲ့အတွက် ဝန်ထမ်း တွေရဲ့ အသက်အန္တရယ် စိုးရိမ်ရမှု စတာတွေရှိလာနိုင်တယ်လို့ အစီရင်ခံစာ ထုတ်ဝေသူတွေက ထောက်ပြကြပါတယ်။

လက်ရှိမှာ အကျဉ်းသားတွေ များပြားလာတဲ့အတွက် အာဏာပိုင်တွေဘက်က ဒိုက်ဦးနဲ့ ကျိုက်မရော မှာ ထောင်အသစ် တိုးချဲ့လိုက်ပြီး အခုလိုတိုးချဲ့တာဟာ ဆေးမြီးတိုနဲ့ကုသတာသာ ဖြစ်တယ် လို့လည်း ထောက်ပြပါတယ်။

ဒီအစီရင်ခံစာကိုတော့ အိမ်နီးချင်းနိုင်ငံတွေက ထောင်တွေအပြင် အမေရိကန်၊ ပါကစ္စတန်၊ အိန္ဒိယ အစရှိတဲ့ နိုင်ငံတွေက ထောင်တွေမှာ လူဦးရေ လျှော့ချနည်းတွေကို လေ့လာပြီး ထုတ်ပြန်တာ ဖြစ်ပါတယ်လို့လည်း အစီရင်ခံစာ ပြုစုသူတွေက ပြောပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG