ျမန္မာႏိုင္ငံမွာ အာဏာသိမ္းထားတဲ့ စစ္တပ္ကို ကူညီေနတယ္လို႔ သတင္းေတြထြက္လာၿပီးေနာက္ တ႐ုတ္ႏိုင္ငံအေပၚ ဆႏၵျပသူေတြ ဖိအားေပး ေတာင္းဆိုမႈေတြလည္း ထြက္ေပၚလာေနပါတယ္။ ဒီကေန႔မွာဆိုရင္လည္း ရန္ကုန္ၿမိဳ႕က တ႐ုတ္သံ႐ုံးေရွ႕မွာ ဆႏၵျပသူေတြက ျမန္မာစစ္တပ္ကို အားေပးကူညီတာေတြ မလုပ္ဖို႔ ေတာင္းဆိုခဲ့ၾကတာပါ။ ျမန္မာ့အေရးမွာ တ႐ုတ္ႏိုင္ငံရဲ႕ ပါဝင္မႈအေပၚ သေဘာထား အျမင္ေတြကိုေတာ့ VOA ျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက စုစည္းတင္ျပပါမယ္။
အရပ္သားအစိုးရကို ဖယ္ရွားၿပီး အာဏာသိမ္းခဲ့တဲ့ စစ္တပ္ကို အကူအညီေပးဖို႔ ပညာရွင္ေတြနဲ႔ နည္းပညာပစၥည္း အေထာက္အပံ့ေတြ ေပးေနတယ္ဆိုတဲ့ သတင္းေတြ အင္တာနက္ လူမႈကြန္ရက္ေတြမွာ ထြက္ေပၚလာခဲ့ၿပီးေနာက္ တ႐ုတ္ႏိုင္ငံကို ဖိအားေပးတဲ့ လႈပ္ရွားမႈေတြ ေပၚေပါက္လာတာပါ။ ဒီေန႔မွာဆိုရင္လည္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးေရွ႕မွာ ဆႏၵျပသူေတြက အာဏာသိမ္းထားတဲ့ စစ္တပ္ကို အားေပးကူညီတာေတြ မလုပ္ဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။
“ဒီစစ္တပ္ကေန မတရား လြတ္လပ္ခြင့္ေတြ၊ ေဖာ္ျပခြင့္ေတြကို ပိတ္ပင္ဖို႔အတြက္ အင္တာနက္ Server ေတြကို ပိတ္ပင္ဖို႔အတြက္ တ႐ုတ္ကေန အကူအညီယူေနတယ္ ၾကားပါတယ္။ အဲ့ဒီအကူအညီကို ပိတ္ပင္ေပးဖို႔ပါ။ တ႐ုတ္အစိုးရကိုလည္း ရႈံခ်ပါတယ္။ အဲ့ဒီကိစၥကို ေဖာ္ထုတ္ခ်င္လို႔ တ႐ုတ္သံ႐ုံးကို ေ႐ြးခ်ယ္ရျခင္းျဖစ္ပါတယ္။”
တ႐ုတ္ႏိုင္ငံက နည္းပညာဆိုင္ရာ ပစၥည္းေတြနဲ႔ ကြၽမ္းက်င္သူေတြကို မၾကာေသးခင္ကပဲ ေလေၾကာင္းကေန ပို႔ေဆာင္ေပးခဲ့တယ္ဆိုၿပီး လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့တဲ့ သတင္းေတြဟာ မမွန္ေၾကာင္း တ႐ုတ္သံ႐ုံးက ေၾကညာခ်က္ ထုတ္ျပန္ခဲ့သလို၊ ႏိုင္ငံျခားေရးဌာနကလည္း သတင္းအတုေတြကို မယုံၾကည္ၾကဖို႔ တိုက္တြန္းထားပါတယ္။
ျမန္မာႏိုင္ငံအေပၚ ႏိုင္ငံေရး၊ စီးပြားေရးအရ ၾသဇာေညာင္းတယ္လို႔ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆထားၾကတဲ့ တ႐ုတ္ႏိုင္ငံဟာ သူ႔အက်ိဳးစီးပြားအတြက္ အာဏာသိမ္းထားတဲ့ စစ္တပ္ကို လက္ခံအားေပးမွာကိုလည္း တက္ႂကြလႈပ္ရွားသူေတြ စိုးရိမ္ေနၾကတာပါ။ ဒါေၾကာင့္လည္း တ႐ုတ္ႏိုင္ငံအေပၚ ဖိအားေပးဖို႔ လိုအပ္တယ္လို႔ ဆႏၵျပလႈပ္ရွားမႈေတြမွာ ဦးေဆာင္ပါဝင္ေနတဲ့ အေထြေထြသပိတ္ ပူးေပါင္းေဆာင္႐ြက္ေရး ေကာ္မတီ ေျပာေရးဆိုခြင့္ရွိသူ ကိုလင္းထက္ႏိုင္က ေျပာပါတယ္။
“ႏိုင္ငံတကာမွာ ကမာၻ႔ကုလသမဂၢရဲ႕ အစည္းအေဝးေတြမွာ ျဖစ္ျဖစ္ ကုလသမဂၢလုံၿခဳံေရးေကာင္စီအစည္းအေဝးမွာျဖစ္ျဖစ္ ျမန္မာအေရးနဲ႔ ပတ္သက္ရင္ ျမန္မာစစ္တပ္ရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈနဲ႔ ပတ္သက္ရင္ တ႐ုတ္နဲ႔ ႐ုရွားဟာ ႀကိမ္ဖန္မ်ားစြာ ကာကြယ္ေပးေနတာမ်ိဳးေတြ ကြၽန္ေတာ္တို႔ သမိုင္းတစ္ေလွ်ာက္မွာႀကဳံခဲ့ရတာျဖစ္ပါတယ္။ အဲ့လို တ႐ုတ္နဲ႔ ႐ုရွားလိုႏိုင္ငံေတြကသာ ကြၽန္ေတာ္တို႔ ျပည္သူေတြနဲ႔ အတူရွိခဲ့မယ္ဆိုလို႔ရွိရင္ ကြၽန္ေတာ္တို႔ ဒီစစ္အာဏာရွင္စနစ္ကို ျဖဳတ္ခ်ဖို႔က အမ်ားႀကီး လြယ္ကူသြားမွာျဖစ္ပါတယ္။ ေန႔ခ်င္းညခ်င္းေတာင္ ေအာင္ျမင္သြားႏိုင္တဲ့အေနအထားမ်ိဳးျဖစ္သြားႏိုင္ပါတယ္။ တ႐ုတ္သည္ သူ႔ရဲ႕ Super Power ဆိုတဲ့ေနရာမွာ သူတို႔ ဂုဏ္သိကၡာတည္ေဆာက္ဖို႔လိုတယ္ေပါ့ေႏွာ္။ အဲ့တာေၾကာင့္မို႔လို႔ သူတို႔အေနနဲ႔ ျမန္မာျပည္သူေတြရဲ႕ ဆႏၵကို ေလးစားဖို႔လိုပါတယ္။”
ျမန္မာ့အေရးနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာ အသိုင္းအဝန္းက ေဆြးေႏြးတိုင္ပင္မႈေတြမွာ တ႐ုတ္ႏိုင္ငံက ႏႈတ္ဆိတ္ေနတယ္လို႔လည္း အေမရိကန္က မၾကာေသးခင္ကပဲ ေျပာဆိုထားသလို၊ အာဏာသိမ္းထားတဲ့ စစ္တပ္ကို ဖိအားေပးဖို႔လည္း အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးက တိုက္တြန္းထားတာပါ။ ျမန္မာ့အေရး သုံးသပ္သူ ေဒါက္တာခင္ေဇာ္ဝင္းကေတာ့ ျပည္တြင္း၊ ျပည္ပက ဖိအားေတြ တိုးလာေနခ်ိန္မွာ တ႐ုတ္ႏိုင္ငံအေနနဲ႔ ရပ္တည္ခ်က္ကို ရွင္းရွင္းလင္းလင္းရွိဖို႔ လိုတယ္လို႔ ျမင္ပါတယ္။
“ဒီလိုအခ်ိန္မွာတ႐ုတ္ရဲ႕ Stand ကို ျပတ္ျပတ္သားသားေပၚလြင္ေအာင္မေျပာဘူး။ ေနာက္ၿပီးေတာ့ ဒီလိုလုပ္ျခင္းအားျဖင့္ စစ္အစိုးရ အာဏာသိမ္းအစိုးရကို အားေပးသလိုျဖစ္ေနပါတယ္ဆိုတာကို သူသိပါတယ္။ သိဖို႔လိုတယ္။ အဲ့ဒါေၾကာင့္ျမန္မာျပည္သူလူထုကလည္း ဒီဟာကို မႀကိဳက္ပါဘူးဆိုတာကို ျပရမယ္။ လူထုကလည္း သူတို႔ အစီအစဥ္ထဲမွာ လူထုရဲ႕ဆႏၵ ဒီေလာက္ ႀကီးလာလိမ့္မယ္လို႔ မထင္ဘူးနဲ႔တူပါတယ္။ လူထုက ဒီေလာက္ ဆႏၵျပင္းျပေနတဲ့ အခ်ိန္မွာ စစ္တပ္အေပၚမွာ ဖိအားေပးဖို႔ကေတာ့ လိုလိမ့္မယ္။ တ႐ုတ္က ဖိအားေပးမယ္ဆိုရင္ေတာ့ ထိေရာက္လိမ့္မယ္။”
တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကေတာ့ ျမန္မာႏိုင္ငံက အေျခအေတြအေပၚ စိုးရိမ္ေၾကာင္းနဲ႔ သက္ဆိုင္သူေတြၾကား ညႇိႏႈိင္းေဆြးေႏြး ေျဖရွင္းႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း မေန႔တုန္းကပဲ ေျပာဆိုထားတာပါ။ တခ်ိန္တည္းမွာပဲ အေမရိကန္ ျပည္ေထာင္စုကေတာ့ အာဏာသိမ္းလိုက္တဲ့ စစ္ေခါင္းေဆာင္ေတြ၊ ပတ္သက္ဆက္ႏြယ္သူေတြအေပၚ ပိတ္ဆို႔ဒဏ္ခတ္ အေရးယူမယ့္အေၾကာင္း မေန႔တုန္းကပဲ သမၼတ ဂ်ိဳးဘိုင္ဒင္ ကိုယ္တိုင္ ေၾကညာထားပါတယ္ရွင္။
............................................
Unicode
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ကို ကူညီနေတယ်လို့ သတင်းတွေထွက်လာပြီးနောက် တရုတ်နိုင်ငံအပေါ် ဆန္ဒပြသူတွေ ဖိအားပေး တောင်းဆိုမှုတွေလည်း ထွက်ပေါ်လာနေပါတယ်။ ဒီကနေ့မှာဆိုရင်လည်း ရန်ကုန်မြို့က တရုတ်သံရုံးရှေ့မှာ ဆန္ဒပြသူတွေက မြန်မာစစ်တပ်ကို အားပေးကူညီတာတွေ မလုပ်ဖို့ တောင်းဆိုခဲ့ကြတာပါ။ မြန်မာ့အရေးမှာ တရုတ်နိုင်ငံရဲ့ ပါဝင်မှုအပေါ် သဘောထား အမြင်တွေကိုတော့ VOA မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက စုစည်းတင်ပြပါမယ်။
အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကို အကူအညီပေးဖို့ ပညာရှင်တွေနဲ့ နည်းပညာပစ္စည်း အထောက်အပံ့တွေ ပေးနေတယ်ဆိုတဲ့ သတင်းတွေ အင်တာနက် လူမှုကွန်ရက်တွေမှာ ထွက်ပေါ်လာခဲ့ပြီးနောက် တရုတ်နိုင်ငံကို ဖိအားပေးတဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာတာပါ။ ဒီနေ့မှာဆိုရင်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြသူတွေက အာဏာသိမ်းထားတဲ့ စစ်တပ်ကို အားပေးကူညီတာတွေ မလုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
“ဒီစစ်တပ်ကနေ မတရား လွတ်လပ်ခွင့်တွေ၊ ဖော်ပြခွင့်တွေကို ပိတ်ပင်ဖို့အတွက် အင်တာနက် Server တွေကို ပိတ်ပင်ဖို့အတွက် တရုတ်ကနေ အကူအညီယူနေတယ် ကြားပါတယ်။ အဲ့ဒီအကူအညီကို ပိတ်ပင်ပေးဖို့ပါ။ တရုတ်အစိုးရကိုလည်း ရှုံချပါတယ်။ အဲ့ဒီကိစ္စကို ဖော်ထုတ်ချင်လို့ တရုတ်သံရုံးကို ရွေးချယ်ရခြင်းဖြစ်ပါတယ်။”
တရုတ်နိုင်ငံက နည်းပညာဆိုင်ရာ ပစ္စည်းတွေနဲ့ ကျွမ်းကျင်သူတွေကို မကြာသေးခင်ကပဲ လေကြောင်းကနေ ပို့ဆောင်ပေးခဲ့တယ်ဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ သတင်းတွေဟာ မမှန်ကြောင်း တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့သလို၊ နိုင်ငံခြားရေးဌာနကလည်း သတင်းအတုတွေကို မယုံကြည်ကြဖို့ တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေးအရ သြဇာညောင်းတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြတဲ့ တရုတ်နိုင်ငံဟာ သူ့အကျိုးစီးပွားအတွက် အာဏာသိမ်းထားတဲ့ စစ်တပ်ကို လက်ခံအားပေးမှာကိုလည်း တက်ကြွလှုပ်ရှားသူတွေ စိုးရိမ်နေကြတာပါ။ ဒါကြောင့်လည်း တရုတ်နိုင်ငံအပေါ် ဖိအားပေးဖို့ လိုအပ်တယ်လို့ ဆန္ဒပြလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေတဲ့ အထွေထွေသပိတ် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ကိုလင်းထက်နိုင်က ပြောပါတယ်။
“နိုင်ငံတကာမှာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အစည်းအဝေးတွေမှာ ဖြစ်ဖြစ် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာဖြစ်ဖြစ် မြန်မာအရေးနဲ့ ပတ်သက်ရင် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ ပတ်သက်ရင် တရုတ်နဲ့ ရုရှားဟာ ကြိမ်ဖန်များစွာ ကာကွယ်ပေးနေတာမျိုးတွေ ကျွန်တော်တို့ သမိုင်းတစ်လျှောက်မှာကြုံခဲ့ရတာဖြစ်ပါတယ်။ အဲ့လို တရုတ်နဲ့ ရုရှားလိုနိုင်ငံတွေကသာ ကျွန်တော်တို့ ပြည်သူတွေနဲ့ အတူရှိခဲ့မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဒီစစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့က အများကြီး လွယ်ကူသွားမှာဖြစ်ပါတယ်။ နေ့ချင်းညချင်းတောင် အောင်မြင်သွားနိုင်တဲ့အနေအထားမျိုးဖြစ်သွားနိုင်ပါတယ်။ တရုတ်သည် သူ့ရဲ့ Super Power ဆိုတဲ့နေရာမှာ သူတို့ ဂုဏ်သိက္ခာတည်ဆောက်ဖို့လိုတယ်ပေါ့နှော်။ အဲ့တာကြောင့်မို့လို့ သူတို့အနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့လိုပါတယ်။”
မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝန်းက ဆွေးနွေးတိုင်ပင်မှုတွေမှာ တရုတ်နိုင်ငံက နှုတ်ဆိတ်နေတယ်လို့လည်း အမေရိကန်က မကြာသေးခင်ကပဲ ပြောဆိုထားသလို၊ အာဏာသိမ်းထားတဲ့ စစ်တပ်ကို ဖိအားပေးဖို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက တိုက်တွန်းထားတာပါ။ မြန်မာ့အရေး သုံးသပ်သူ ဒေါက်တာခင်ဇော်ဝင်းကတော့ ပြည်တွင်း၊ ပြည်ပက ဖိအားတွေ တိုးလာနေချိန်မှာ တရုတ်နိုင်ငံအနေနဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းရှိဖို့ လိုတယ်လို့ မြင်ပါတယ်။
“ဒီလိုအချိန်မှာတရုတ်ရဲ့ Stand ကို ပြတ်ပြတ်သားသားပေါ်လွင်အောင်မပြောဘူး။ နောက်ပြီးတော့ ဒီလိုလုပ်ခြင်းအားဖြင့် စစ်အစိုးရ အာဏာသိမ်းအစိုးရကို အားပေးသလိုဖြစ်နေပါတယ်ဆိုတာကို သူသိပါတယ်။ သိဖို့လိုတယ်။ အဲ့ဒါကြောင့်မြန်မာပြည်သူလူထုကလည်း ဒီဟာကို မကြိုက်ပါဘူးဆိုတာကို ပြရမယ်။ လူထုကလည်း သူတို့ အစီအစဉ်ထဲမှာ လူထုရဲ့ဆန္ဒ ဒီလောက် ကြီးလာလိမ့်မယ်လို့ မထင်ဘူးနဲ့တူပါတယ်။ လူထုက ဒီလောက် ဆန္ဒပြင်းပြနေတဲ့ အချိန်မှာ စစ်တပ်အပေါ်မှာ ဖိအားပေးဖို့ကတော့ လိုလိမ့်မယ်။ တရုတ်က ဖိအားပေးမယ်ဆိုရင်တော့ ထိရောက်လိမ့်မယ်။”
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံက အခြေအတွေအပေါ် စိုးရိမ်ကြောင်းနဲ့ သက်ဆိုင်သူတွေကြား ညှိနှိုင်းဆွေးနွေး ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း မနေ့တုန်းကပဲ ပြောဆိုထားတာပါ။ တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စုကတော့ အာဏာသိမ်းလိုက်တဲ့ စစ်ခေါင်းဆောင်တွေ၊ ပတ်သက်ဆက်နွယ်သူတွေအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမယ့်အကြောင်း မနေ့တုန်းကပဲ သမ္မတ ဂျိုးဘိုင်ဒင် ကိုယ်တိုင် ကြေညာထားပါတယ်ရှင်။