ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို တင်ပြနိုင်ဖို့အတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ ထိုင်း၊ မြန်မာ နယ်စပ်တွေမှာ အခြေစိုက် လှုပ်ရှားနေတဲ့ လူ့အခွင့်ရေးအဖွဲ့တွေ၊ မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ဘယ်အဖွဲ့တွေနဲ့တွေ့ပြီး ဘယ်လို အချက်တွေကို အဓိက ဆွေးနွေးနေကြသလဲ ဆိုတာကို စုံစမ်းမေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို သွားရောက်ခွင့် ဗီဇာ ငြင်းပယ်ခံထားရတာမို့ လာမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးအတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အစီရင်ခံစာကို ဆက်လက် တင်ပြနိုင်ဖို့ အခုလို မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံထဲ ရောက်နေတာပါ။ ဒါကြောင့် ထိုင်း၊ မြန်မာနယ်စပ်တလျှောက် အခြေစိုက်ပြီး မြန်မာ့အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေနဲ့ တွေ့ပြီး လူ့အခွင့်အရေး အခြေအနေတွေအတွက် အချက်အလက်တွေ ရှာဖွေ ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့ကတော့ မဲဆောက်မြို့ဘက်ရောက်ပြီး ၇ ရက်နေ့မှာ မဲဆောက်မှာရှိတဲ့ အဖွဲ့တွေနဲ့ တွေ့ပါတယ်။ သက်ဆိုင်ရာ လှုပ်ရှားမှု အဖွဲ့တွေအလိုက် သီးခြား တွေ့ဆုံခဲ့တာပါ။ ဒီလို တွေ့ဆုံမှုအတွင်း နိုင်ငံရေး အကျဉ်းသားတွေရဲ့ ထောင်တွင်း အခြေအနေတွေကို အသေးစိတ် တင်ပြ ဆွေးနွေးခဲ့ကြတယ်လို့ AAPPB မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။
“နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးအခြေအနေတွေကို သူ သိချင်တဲ့အတွက် ကျနော်တို့ဆီကနေ အချက်အလက် လာပြီး စုံစမ်း လေ့လာတာပါ။ ကျနော်တို့ အနေနဲ့ကလည်း ဥပမာ တွံတေးမှာဖြစ်နေတဲ့ ဆရာမတယောက် သေတယ်၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းသား အမြောက်အမြားကို မတရားဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်တယ်။ နောက်တခါ သင်္ကြန်မှာ ဗုံးကွဲတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မသက်ဆိုင်သူတွေကို အပြင်းအထန် ရိုက်နှက်ပြီး ၀န်ခံချက်တွေ ထွက်ခိုင်းတယ် ဆိုတဲ့ ကိစ္စတွေကို ကျနော်တို့ ရရှိထားတဲ့ အသေးစိတ် အချက်တွေကို ကျနော်တို့အနေနဲ့ သူတို့ကို ရှင်းပြခွင့် ရခဲ့ပါတယ်။
“ဒီနေ့ ထောင်ထဲမှာ ရှိနေတဲ့ ဆေးဝါးကုသမှု မလုံလောက်တဲ့ ကိစ္စတွေ၊ နယ်ဝေးဒေသတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု မရှိတဲ့ အကျဉ်းသားတွေရဲ့ ကျန်းမာရေး ဆိုးဝါးနေတဲ့ အခြေအနေတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ အကြောင်းကို ကျနော်တို့ အဓိကထားပြီး ပြောခဲ့ပါတယ်။”
ဒါ့အပြင် ပြည်တွင်းထိုးစစ်တွေကြောင့် နယ်စပ်ဘက်တွေကို ထွက်ပြေးလာကြတဲ့ ရွာပုန်းရွာရှောင် ပြဿနာတွေ၊ ထိုင်း၊ မြန်မာ နယ်စပ်တလျှောက် ဒုက္ခသည် စခန်းတွင်းက မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေနဲ့အတူ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံပြီး အချက်အလက်တွေ စုံစမ်း စုဆောင်းသွားခဲ့ပါတယ်။ မြန်မာစစ်အစိုးရ အနေနဲ့ စစ်ရာဇ၀တ်မှုတွေကို ကျူးလွန်ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးဖို့အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ လိုတယ်လို့ မစ္စတာ ကင်တားနား အနေနဲ့ ပြီးခဲ့တဲ့ မတ်လက ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အစီရင်ခံစာထဲမှာ ပြောဆိုခဲ့ပါတယ်။ အခု ဒီအချက်အပေါ်မှာလည်း မြန်မာ့အရေး အဖွဲ့တွေနဲ့ မစ္စတာ ကင်တားနားတို့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ကိုတိတ်နိုင်က ဆက်ပြောပြပါတယ်။
“သူက Commission of Enquiry ပေါ့၊ အဲဒီကိစ္စမျိုးတွေကို သူက အရင်အစီရင်ခံစာမှာ တင်ထားတာတွေ ရှိပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့က ဆက်လက် ဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့ဆီမှာ ရှိနေတဲ့ အထောက်အထားတွေကို ဘယ်လို အထောက်အကူ ပြုရမလဲ၊ သူတင်ထားတဲ့ ကိစ္စက ကျနော်တို့ အနေနဲ့လည်း အစီအစဉ်ရှိတယ်ဆိုတော့ ဒီကိစ္စကို ဘယ်လိုလုပ်ပြီး ကျနော်တို့ အနေနဲ့ အပြန်အလှန် အထောက်အကူ ပြုမလဲ ဆိုတဲ့ ကိစ္စမျိုးတွေကို ဆွေးနွေးတဲ့ ကိစ္စမျိုးတွေ ရှိပါတယ်။”
AAPPB အဖွဲ့က အတွင်းရေးမှူး ကိုတိတ်နိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ ကင်တားနားဟာ မနေ့ သြဂုတ်လ ၈ ရက်နေ့က မဲဆောက်ကနေတဆင့် ချင်းမိုင်မြို့ကို ရောက်ခဲ့ပြီးတော့ ဒီကနေ့မှာတော့ ချင်းမိုင်မြို့မှာရှိတဲ့ မြန်မာ့ လူ့အခွင့်အရေး အဖွဲ့တွေ၊ မြန်မာ့အရေး လှုပ်ရှားတဲ့ အဖွဲ့တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ မစ္စတာ ကင်တားနားဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် ၂၀၀၈ ခုနှစ်က တာဝန်စယူခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအတွက် စတုတ္ထမြောက် ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။ သူတာဝန်ယူခဲ့တဲ့ သက်တမ်း၂ နှစ်ကျော်အတွင်း မြန်မာနိုင်ငံကို ၃ကြိမ် သွားရောက်ခဲ့ဖူးပြီး ဒီနှစ် ၂၀၁၀ ဖေဖော်ဝါရီမှာ ၅ ရက်ကြာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေ စုံစမ်းခဲ့တာလည်း ဖြစ်ပါတယ်။