သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ကော်မရှင်ဖွဲ့စည်းရေးကန့်ကွက်မှု လွှတ်တော်မှာ မဲရှုံး


ရခိုင်ပြည်နယ်အတွင်း ပြန်လည်သင့်မြတ်ရေး တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ဖို့ အမျိုးသားအစီအစဉ် တစ်ရပ်အနေနဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းဖို့ ဆိုတဲ့ သမ္မတရုံးရဲ့ကြေညာချက်မှာ နိုင်ငံခြားသားတဦးပါဝင်မယ်ဆိုတာကို ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်တဲ့ အရေးကြီးအဆိုတရပ်ကို ပြည်သူ့လွှတ်တော်မှာတင်သွင်း ဆွေးနွေးခဲ့ကြပြီး ကန့်ကွက်မဲများတဲ့အတွက် ဒီအဆိုကို လွှတ်တော်က အတည်မပြုခဲ့ပါဘူး။ ဒီအကြောင်းအသေးစိတ်ကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးမှာပါ။

ရခိုင်ပြည်နယ်တွက် နိုင်ငံတကာပုဂ္ဂိုလ်တစ်ဦး စုစုပေါင်းသုံးဦးပါတဲ့ လွတ်လပ်တဲ့စုံစမ်းရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းသွားမယ်လို့ နိုင်ငံတော်သမ္မတရုံးက မေလကုန်ပိုင်းက ကြေငြာခဲ့တဲ့အပေါ် ရှမ်းပြည်နယ် မိုင်းပန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်မိုးက အရေးကြီးအဆို တင်သွင်းခဲ့ပြီး လွှတ်တော်မှာ ကိုယ်စားလှယ် ၂၁ဦးက ဒီနေ့ဆွေးနွေးခဲ့တဲ့အပေါ် မဲခွဲဆုံးဖြတ်တဲ့အခါမှာ ကန့်ကွက်မဲများခဲ့တာကြောင့် လွှတ်တော်က အတည်မပြုခဲ့ပါဘူး။

နိုင်ငံတော်အတွက် စိုးရိမ်စရာအခြေအနေတွေ ဖြစ်လာမှာစိုးရိမ်တဲ့အတွက် အရေးကြီးအဆိုကို တင်သွင်း ရတာဖြစ်ကြောင်း ဦးစိုင်းကျော်မိုးက အခုလိုပြောပါတယ်။

“နိုင်ငံခြားသားတွေ ပါလာတယ်ဆိုရင်တော့ အရင်အစဉ်အဆက်က ဖြစ်ခဲ့တဲ့ကော်မရှင်တွေ၊ ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်တွေ ကိုဖီအာနန်ကော်မရှင် ဖွဲ့ပြီးတဲ့အချိန်တုန်းကလည်း သိပ်မကြာဘူး တစ်ပတ်ပဲရှိသေးတယ် အကြမ်းဖက်တိုက်ခိုက်မှုတွေ စပြီးဖြစ်လာတယ်။ ကိုဖီအာနန်ကော်မရှင်စဖွဲ့တုန်းကလည်း ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ အများစုကန့်ကွက်ခဲ့ကြတာ အားလုံးအသိပဲလေ။ အဲဒါကြောင့်မို့ ကျွန်တော်တို့က ဒါနဲ့ပတ်သတ်ပြီး လက်မခံနိုင်ဘူးလို့ဆိုတဲ့အကြောင်း ရှင်းရှင်းပြောရင် ကန့်ကွက်တယ် ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။ အခုနိုင်ငံတကာရဲ့ ဖိအားပေးမှုအပေါ်မှာ ဖြေရှင်းလိုတဲ့အတွက်ကြောင့်မို့ နိုင်ငံတကာက ပုဂ္ဂိုလ်တစ်ဦးနဲ့ ဖွဲ့မယ်လို့ဆိုပြီးတော့များ ဆုံးဖြတ်လိုက်သလားလို့ ကျွန်တော်လည်း မပြောတတ်ဘူး။ ဒါကအစိုးရရဲ့အပိုင်းပဲဖြစ်တယ်။”

အဲဒီစုံစမ်းရေးကော်မရှင်မှာပါဝင်မယ့် နိုင်ငံခြားသားတစ်ဦးကို မသိရသေးပေမဲ့ လွှတ်တော်မှာ သဘောထားကွဲလွဲနေကြတာဖြစ်ပါတယ်။ ဇွန်လ ၆ရက်မှာကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်မိုးက ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သတ်လို့ စုံစမ်းရေးကော်မရှင် ဖွဲ့မယ်ဆိုရင် နိုင်ငံခြားသားမပါဘဲ ပြည်တွင်း ကျွမ်းကျင်ပညာရှင်တွေနဲ့ပဲ ဖွဲ့စည်းဖို့ အစိုးရကို တိုက်တွန်းတဲ့ အရေးကြီးအဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ တင်သွင်းတဲ့အဆိုကို ကန့်ကွက်ခဲ့သူတွေထဲကတစ်ယောက်ဖြစ်တဲ့ ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်က ဦးတင်ထွန်းနိုင်က သမ္မတရုံးရဲ့ထုတ်ပြန်ချက်ကို ထောက်ခံကြောင်း၊ အရေးကြီးအဆိုကိုတင်သွင်းခဲ့တဲ့ ဦးစိုင်းကျော်မိုးရဲ့ အဆိုကို ကန့်ကွက်ကြောင်း လွှတ်တော်မှာအခုလိုဆွေးနွေးခဲ့ပါတယ်။

“၂၀၁၅ ရွေးကောက်ပွဲနဲ့အတူ ဖြစ်ထွန်းပေါ်ပေါက်လာတဲ့ လက်ရှိအစိုးရဟာ ဘယ်တုန်းကမှ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ထိပါးစေမယ့် ကိစ္စတွေကိုလက်သင့်မခံခဲ့သလို လူ့အခွင့်အရေးဆိုတဲ့ အသံကြားတိုင်း ဦးစားပေးလိုက်လျောနေတဲ့ အစိုးရတစ်ရပ်မဟုတ်ဘူးဆိုတာကိုလည်း ကိုယ်စားလှယ်တော်ကြီးများအားလုံး လက်ခံနိုင်မယ် ထင်ပါတယ်။ တိုင်းပြည်ရဲ့ ဒီနေ့အခြေအနေဟာ စိတ်ခံစားချက်တွေနောက် တကောက်ကောက် လိုက်ပြီး ခြောက်တိုင်းကြောက်မနေသင့်သလို ဖိအားပေးတိုင်း ခေါင်းညိတ်စရာ မလိုသလို ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတဲ့ အကျိုးဆက်တွေကိုလည်း သတိမူမိဖို့ အရေးကြီးပါတယ်။ ကြောက်သင့် မကြောက်သင့်ကို ဉာဏ်အမြော်မမြင်နဲ့ ပိုင်းခြားသုံးသပ် ဆုံးဖြတ်ပြီး လုပ်သင့်လုပ်ထိုက်တာကို ရဲရဲဝံ့ဝံ့လုပ်ကိုင်ဆောင်ရွက်ရမယ့် အချိန်အခါပဲဖြစ်ပါတယ်။ ဒါကြောင့် စိတ်ခံစားချက်ကို ဘယ်တုန်းကမှ ဦးစားမပေးခဲ့တဲ့ နိုင်ငံ့အကြီးအကဲတွေ ဘယ်တုန်းကမှ စဉ်းစားတွေးဆပြီး ဉာဏ်အမြော်အမြင်ရှိရှိနဲ့ ဖွဲ့စည်း ထားတဲ့ သမ္မတရုံးရဲ့သတင်းပြန်ကြားချက်ကို လေလေးနက်နက်ထောက်ခံကြိုဆိုကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။”

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်မိုးရဲ့အဆိုကို ဒီနေ့ ပြည်သူ့လွှွတ်တော်ကမဲခွဲဆုံးဖြတ်တဲ့အခါမှာ ထောက်ခံမဲ ၁၃၈မဲ၊ ကန့်ကွက်မဲ ၂၅၁ မဲနဲ့ လွှတ်တော်က အတည်မပြုခဲ့ပါဘူး။ ဇွန်လ ၈ရက်မှာလုပ်ခဲ့တဲ့ နိုင်ငံ့ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အရေးပေါ်အစည်းအဝေးမှာလည်း ဒီစုံစမ်းစစ်ဆေးရေး ကော်မရှင်ကိစ္စ အပါအဝင် ရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG