သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကုလစွပ်စွဲချက် မြန်မာချေပ


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တနင်္လာနေ့တုန်းက ဆွေးနွေးတဲ့ “ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု” ဆိုတဲ့ ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်း လူနည်းစုရိုဟင်ဂျာအမျိုးသမီးတွေအပေါ် မြန်မာတပ်မတော်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေဟာ ခိုင်မာတဲ့ အထောက်အထား မရှိဘူးလို့ မြန်မာဘက်က တုန့်ပြန်ပါတယ်။ ဒီ အစည်းအဝေးကို တင်သွင်းတဲ့ ကုလ အတွင်းရေးမှုးချုပ်ရဲ့အစီရင်ခံပါ လိင်အကြမ်းဖက်မှုတွေကျူးလွန်တဲ့စာရင်းထဲ မြန်မာ့တပ်မတော်ကို ထည့်သွင်းလိုက်တဲ့အပေါ်မှာလည်း လက်ခံနိုင်စရာမရှိဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေကို ပြောပါတယ်။

ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဒီ အစည်းအဝေးနဲ့ပတ်သက်ပြီး ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ ။ မြန်မာနိုင်ငံမှာ ယဉ်ကျေးမှုအရရော ဥပဒေစည်းကမ်းအရရော လိင်ပိုင်းဆိုင်ရာပြစ်မှုတွေ မုဒိမ်းမှုတွေဖြစ် တယ် ဆိုတာက အင်မတန်မှပဲ လူမှုရေးအရရော ဘာသာရေးအရရော ယဉ်ကျေးမှု အရရော ဘယ်လိုမှ လက်မခံနိုင်စရာဟာပါ။ တပ်မတော်ဆိုရင်လည်း ၁၉၅၉ခုနှစ် တပ်မတော်ရဲ့ အက်ဥပဒေ ရှိသလို တခြားနည်းဥပဒေတွေလည်း အများကြီးရှိတယ်။ သင်တန်းကျောင်းတွေမှာဆိုလို့ရှိရင်လည်း လူ့အခွင့်အရေး ဥပဒေတွေ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ရှောင်ရမယ့်ဟာတွေ အများကြီးရှိပါတယ်။ နောက် ညွှန်ကြားချက်တွေလည်း တိတိကျကျ လုပ်ထားတာ။ ဒီလိုကျူးလွန်တယ်ဆိုရင်လည်း ကျနော်တို့ ပြစ်ဒဏ်တွေ ပေးထားတာ သာဓကတွေအများကြီးပဲ။ ဒီရခိုင်ကိစ္စနဲ့ ပတ်သက်လို့ စွပ်စွဲချက်တွေကို ကျနော်တို့ အစကတည်းကလည်းပြောတယ်။ ဒါအထောက်အထားရှိရင်ပြော ကျနော်တို့အရေးယူမယ်။ အဲ့လိုပြောတဲ့အပြင်ကို ဒီလိုစွပ်စွဲတာနဲ့ပတ်သက်ပြီးတော့ သီးခြားစုံစမ်းစစ်ဆေးဖို့ဆိုပြီး လူတွေ သပ်သပ်လွှတ်သေးတယ်။ သွားပြီး အင်တာဗျူးလုပ်မယ်ဆိုတော့ လုပ်ခွင့်မပေးဘူး။ သူတို့ကိုယ်တိုင်က လုပ်ခွင့်မပေးဘူး။

ကိုသားညွန့်ဦး။ ။ လုပ်ခွင့်မပေးဘူးဆိုတာက ဘယ်ဘက်ကလဲခင်ဗျ။ ဘင်္ဂလားဘက်ကိုပြောတာလားခင်ဗျ။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ ။ ကော့ဒ်ဇက်ဘဇား ဘက်ကို ကျနော်တို့လွှတ်တယ်။ ကျနော်တို့ဆီက စုံစမ်းစစ်ဆေးရေး အဖွဲ့တွေ လွှတ်ခဲ့တယ်။ တွေ့ခွင့်မပေးဘူး မှန်တယ်ဆိုရင် သူတို့ကို သူတို့အတွက် လုံခြုံရေးကို တာဝန်ယူပြီးတော့ ဥပဒေကြောင်းအရ တရားစွဲတာတွေ ကျနော်တို့ လုပ်ခွင့်ပေးမယ်။ ပြီးရင် သူတို့လုံခြုံရေးအတွက် တာဝန်ယူတယ်။ သူတို့ပြန်ချင်တယ် ဆိုရင်လည်း ပြန်ပို့ပေးမယ်။ ဥပဒေအရ တရားစွဲဆိုတာကို သေချာလုပ်ပေးမယ်လို့ ကျနော်တို့က ပြောပြီးသား။

ကိုသားညွန့်ဦး။ ။ အဲ့ဒီ့တော့ မနေ့က ဆွေးနွေးတဲ့အထဲမှာ NGO အဖွဲ့ကိုယ်စားပြုပြီးတော့ Ms Razia က ဆွေးနွေးသွားတဲ့အထဲမှာ သူ ဒုက္ခသည်စခန်းတွေကိုသွားတယ်။ မိန်းကလေးငယ်တွေကို အင်တာဗျူးလုပ်တယ် သူပြောတဲ့အချက်အလက်တွေနဲ့ ပတ်သက်လို့ရော ဘယ်လောက်အထိ သံအမတ်ကြီးတို့ ထည့်သွင်းစဉ်းစားနိုင်လဲ။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ ။ ဒါကတော့ ဇာတ်တိုက်ထားတဲ့ကိစ္စတွေပဲ ခင်ဗျားတို့ မှန်မမှန်ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ စုံစမ်းမယ် မေးမြန်းမယ်ဆိုတော့ ခွင့်မပြုဘူး။ တဘက်သတ်ဖြစ်နေတယ်။ သူတို့ပြောတဲ့ independence ဖြစ်တယ်ဆိုတာ ဘယ်လောက်ဖြစ်မလဲ။ ကျနော်တို့ဘက်ကလည်း မေးခွန်းထုတ်လို့ရတဲ့အပိုင်းပေါ့နော်။

ကိုသားညွန့်ဦး။ ။ တဘက်ကစဉ်းစားမယ်ဆိုရင်လည်း ကြားလူအဖွဲ့အစည်းဖြစ်တဲ့ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး လုပ်မယ်ဆိုရင်ရော။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ ။ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးမယ်ဆိုတာ ကုလသမဂ္ဂကလည်း ဘယ်သူတွေနဲ့ဖွဲ့စည်းမှာလဲ။ နောက်ပြီးတော့ စွပ်စွဲခံရတဲ့ဟာတွေအပေါ်မှာ မူတည်ပြီးတော့ သူတို့က ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ ဘယ်လို သမာသမတ်ကျကျ လုပ်နိုင်မယ်ဆိုတာလည်း ကျနော်တို့မှာ မေးခွန်းတွေက အများကြီးရှိတယ်။

ကိုသားညွန့်ဦး။ ။ အခုဆွေးနွေးသွားတဲ့အထဲမှာ ရခိုင်ဒေသတင်မကပါဘူး ရှမ်းကရင် ကချင်ဒေသက အခြေအနေတွေပါ သူတို့ကပြောသွားတဲ့အခါကျတော့ တဆက်တည်းပဲ ICC ကိစ္စတွေပါ ပြောသွားတဲ့အခါကျတော့ အဲ့တော့ ဒီအလားအလာတွေက တဘက်မှာကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ဆုံးဖြတ်ချက်တွေ ရှိထားတော့- ပိုပြီးတော့ မြန်မာနိုင်ငံအတွက် ဖိအားတွေ တိုးလာနိုင်မယ့်သဘောရှိပါသလားခင်ဗျ။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ ။ အခုဟာက သူတို့ စည်းဝါးရိုက် ထားသလိုတော့ လုပ်နေတာပေါ့လေ။ ဒီဟာလေး ကွက်ကွက်လေး ပဲတော့ ကြည့်လို့မရဘူးလို့ ကျနော်မြင်တယ်လေ။ အခု ကျနော်တို့ ဒီမိုကရေစီအစိုးရ တက်ပြီးတော့ နှစ်နှစ်ပေါ့ဗျာ။ နှစ်နှစ်အတွင်းမှာ ဘက်ပေါင်းစုံကနေ ဘယ်လောက် အခက်အခဲတွေရှိသလဲဆိုတာ ကိုသားညွန့်ဦးတို့သိတဲ့အတိုင်းပဲလေ။ ဒီနေရာမှာ အထူးသဖြင့်ကတော့ ရခိုင်ကိစ္စကြောင့်ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲအကျိုးတရားတွေနဲ့ ဖိအားတွေကတော့ ကိစ္စလေး တခုခုကို ကြည့်လို့မရဘူးလို့ ကျနော်ကတော့ အဲ့လိုမြင်တယ်။ တခုလုံးအပေါ်မှာ ကျနော်တို့ကြည့်ရမှာပေါ့နော်။

ကိုသားညွန့်ဦး။ ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာပါ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဖော်ပြချက်ပေါ့ ဘယ်လောက်အထိ ဘယ်လောက် အတိုင်းအတာအထိ သံအမတ်ကြီးတို့ လက်ခံလို့ရသလဲ။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ ။ တပ်မတော် အပေါ်မှာ လိင်မှုကိစ္စကျူးလွန်တယ်လို့ယူဆလို့ရတဲ့ သံသယရှိတဲ့စာရင်းထဲမှာ ထည့်တာ။ အတိအကျပြောရင်တော့ အဲ့တာပါပဲ တိုက်ရိုက်စွပ်စွဲတာတော့မဟုတ်ဘူး။ သူတို့ရရှိထားတဲ့စာရင်းအရ အဲ့ဒီ့ထဲမှာ ထည့်ထားတဲ့သဘောပေါ့။ ဒီကိစ္စကို လက်မခံနိုင်ဘူး ဘာဖြစ်လို့လဲဆိုတော့ ဒီ့မတိုင်ခင်က ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ အတွင်းရေးမှူးချုပ်ရဲ့ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ အထူး ကိုယ်စားလှယ်ပေါ့နော် မြန်မာနိုင်ငံကို လာတယ် ကျနော်တို့ကလည်း ဖိတ်ခေါ်တယ် ဒီကိစ္စတွေမဖြစ်အောင် ပညာပေးလုပ်ငန်းတွေ သင်တန်းတွေ ဘယ်လိုလုပ်မလဲ။ ကာကွယ်တားဆီးရေးတွေကို ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ ကျနော်တို့ ဆွေးနွေးပြီးတော့ တော်တော်လေးကို ကြာကြာပါ အဲ့ဒီ့တုန်းက ဗိုလ်ချုပ်ကြီးအေးဝင်းတို့နဲ့ အကြာကြီး ကျနော်တို့ ဆွေးနွေးခဲ့တယ်။ တော်တော်လေးလည်း သူတို့လည်း အားရတယ် ကျနော်တို့လည်း အားရတယ်။ ဒါပေမဲ့ အခု Report ထဲမှာ ဒီကိစ္စကို Category ထဲ ထည့်လိုက်တာကိုတော့ ကျနော်တို့က လုံးဝ လက်မခံဘူး ဘာဖြစ်လို့လဲဆိုတော့ သူတို့က အပြင်ဘက်ကနေ တဘက်သတ်စွပ်စွဲတာ ဖြစ်တယ်။ သက်သေအထောက်အထားနဲ့ ပြနိုင်တဲ့ဟာ မဟုတ်ပဲနဲ့ အဲ့တာကို ဒီကိစ္စကို အခြေခံပြီးတော့ အပြင်ကနေ ရေးသားနေတဲ့ဟာ အချက်အလက်တွေကို အခြေခံပြီးတော့ ထည့်လိုက်တာကိုတော့ ကျနော်တို့က လုံးဝ လက်မခံနိုင်ဘူးဆိုတာကိုတော့ ပြောပါရစေ။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကို ဗွီအိုအေကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG