သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထွက်ပြေးဒုက္ခသည်တိုးလာမှု မြန်မာကို ဘင်္ဂလားဒေ့ရှ် ကန့်ကွက်


ရခိုင်ပြည်နယ်မှ ထွက်ပြေးဒုက္ခသည်များ
ရခိုင်ပြည်နယ်မှ ထွက်ပြေးဒုက္ခသည်များ

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ကနေ နောက်ထပ် ဒုက္ခသည်တွေ ထပ်မံထွက်ပြေးလာနေတဲ့အပေါ် မြန်မာအစိုးရကို ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်လိုက်ပါတယ်။

ဗုဒ္ဓဘာသာဝင် ရခိုင်တွေနဲ့ တခြားတိုင်းရင်းသားတွေပါ ထပ်မံရောက်ရှိလာတဲ့အတွက် မနေ့နှောင်းပိုင်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြောဆိုခဲ့တာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတဦးကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

ထွက်ပြေးလာသူ အရေအတွက် တိုးလာနေပြီး၊ နယ်စပ်မှာရှိနေသူ တချို့ဟာလည်း မကြာခင် ထပ်မံဝင်ရောက်လာဖွယ် ရှိတာကြောင့် တိုက်ပွဲတွေ ရပ်တန့်နိုင်အောင် ဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းခဲ့ကြောင်းလည်း အမည်မဖော်လိုသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာန အရာရှိက ပြောဆိုထားပါတယ်။

ဒါပေမဲ့လည်း နောက်ထပ် အသစ်ရောက်လာတယ်လို့ဆိုတဲ့ လူဦးရေ ကိန်းဂဏန်း အတိအကျကိုတော့ ပြောဆိုတာမျိုး မရှိပါဘူး။ မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း Bandarban ခရိုင်က လူသူအရောက်အပေါက်နည်းတဲ့ ဒေသကနေ ဝင်ရောက်လာတာ ဖြစ်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ကန့်ကွက်ချက်နဲ့ ပတ်သက်လို့ မြန်မာတာဝန်ရှိသူတွေဘက်က တစုံတရာ တုန့်ပြန်တာမျိုးတော့ မကြားရသေးပါဘူး။

ရခိုင်ပြည်နယ် ကျောက်တော်မြို့က ရဲကင်းစခန်းတွေကို ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) က ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံရှင်းလင်းရာက တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေတာပါ။

၂၀၁၇ သြဂုတ်လတုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက် အဖွဲ့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းတဲ့ စစ်ဆင်ရေးတွေအတွင်း သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးခိုလှုံနေတဲ့အတွက် ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက တိုက်တွန်းနေချိန်မှာပဲ နောက်ထပ် ဒုက္ခသည်တွေ ထွက်ပြေးတဲ့ သတင်းတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားပေမဲ့ ထွက်ပြေးသွားသူတွေကို စိစစ်ပြီး ပြန်လည်လက်ခံဖို့ ကတိပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG