သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်လက်ခံရေး အစီအစဉ် ဆိုင်းငံ့တဲ့ သမ္မတထရမ့်ရဲ့ မူဝါဒ မြန်မာတွေစိုးရိမ်


ထိုင်းမြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်း
ထိုင်းမြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်း

အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်တွေ ရွှေ့ပြောင်းအခြေချနေထိုင်ခွင့်ပေးထားတဲ့ USRAP ခေါ် ဒုက္ခသည် လက်ခံရေး အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်တဲ့အကြောင်း အမေရိကန်သမ္မတ Donald Trump က လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်လိုက်တဲ့အတွက် ဆယ်စုနှစ် ၂စုကျော်ထိ ထိုင်းမြန်မာနယ်စပ်ဒုက္ခသည်စခန်းမှာနေထိုင်နေကြရတဲ့ဒုက္ခသည်တွေအတွက်မျှော်လင့်ချက်မဲ့သလိုတွေဖြစ်သွားရပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။

အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်တွေ ရွှေ့ပြောင်းအခြေချနေထိုင်ခွင့်ပေးထားတဲ့ USRAP ခေါ် ဒုက္ခသည် လက်ခံရေးအစီအစဉ်ကို ဆိုင်းငံ့ထားလိုက်တဲ့အကြောင်း အမေရိကန်သမ္မတ Donald Trump က သူ သမ္မတသက်တမ်းနောက်တကြိမ်ပြန်ဖြစ်တဲ့ပထမဦးဆုံးနေ့မှာပဲ လက်မှတ်ရေးထိုးခဲ့တာပါ။ ဒီအတွက် နယ်စပ်ဒုက္ခသည်းစခန်းတွေမှာ နေထိုင်နေတဲ့ ဒုက္ခသည် ၉သောင်းကျော်ကတော့မျှော်လင့်ချက်မဲ့သလိုဖြစ်သွားခဲ့တယ်လို့ဆိုပါတယ်။ လူဦးရေ တသောင်းဝန်းကျင်ရှိတဲ့ နို့ဖိုးဒုက္ခသည်စခန်းက ဒုက္ခသည်တဦးကတော့VOAကိုအခုလိုပြောပါတယ်။

"သတင်းတွေကြားတော့တချို့လူတွေကလည်းစိတ်မကောင်းကြဘူး၊သူတို့ရလာမယ့်အခွင့်ရေးကိုစောင့်မျှော်နေတာပါ သမ္မတဂျိုးဘိုင်ဒင်တုန်းကလက်မှတ်ထိုးထားတယ် သမ္မတ ဒေါ်နယ်ထရမ့်တက်လာတော့ အဲဒီလိုကြေညာတယ်ဆိုတော့ သူတို့အားလုံး(ဒုက္ခသည်)တွေကစိတ်မကောင်းကြဘူးပေါ့နော်၊ ဘာမှလည်းမလုပ်နိုင်ဘူး ဘယ်အချိန်မှာပြန်ခေါ်မလဲဆိုတဲ့မျှော်လင့်ချက်တွေပဲထားရတာပေါ့ တချို့တွေကစိတ်အားငယ်ကြရတယ် အားမရှိဘူးပေါ့ ကျနော်တို့အမေရိကန်ကိုမျှော်လင့်ကြတာ စိတ်အားတွေတက်ကြွကြတာပေါ့ ပထမတဆင့်တုန်းက အမေရိကန်ကိုနေမယ့်လူတွေလက်မှတ်လားထိုးကြပါဆိုတုန်းကတော့ အင်တားဗျူးတဲ့အဆင့်တုန်းကတော့ အားတက်တာပေါ့ အရမ်းလည်းစိတ်ဓါတ်တွေတက်ကြွကြတယ် အခုကျတော့ ယာယီရပ်ဆိုင်းထားမယ်ဆိုတော့ကျနော်တို့တွေက ခံစားရတာပေါ့ ဒီစခန်းထဲမှာရှိတဲ့မိသားစုတွေကတော့ခံစားရတာပေါ့။"

သမ္မတအပြောင်းအလဲအစိုးရအပြောင်းအလဲကာလများ အခုလိုအမေရိကန်မှာ ဒုက္ခသည်ခေါ်ယူရေးယာယီရပ်ဆိုင်းထားမယ်ဆိုပေမယ့် လူ့အခွင့်ရေးကိုလေးစားလိုက်ပြီး လူသားချင်းစာနာမူအထောက်အကူတွေပေးလေ့ရှိတဲ့ အမေရိကန်နိုင်ငံဟာသူတို့ကို ပစ်ပယ်ထားမှာမဟုတ်ဘူးလို့ယုံကြည်နေကြသူတွေလည်းရှိနေဆဲဖြစ်ပါတယ် ။မျှော်လင့်ချက်တွေဆက်လက်ထားသူတွေရှိတယ်လို့ မယ်လာအူးဒုက္ခသည်စခန်းက ဒုက္ခသည်တဦးကလည်းအခုလိုပြောပြပါတယ်။

"သမ္မတထရမ့်တက်လာတဲ့အပေါ်မှာ ဒုက္ခသည်တချို့ကတော့မျှော်လင့်နေတုန်းပဲ ဘာပဲဖြစ်ဖြစ်ခေါ်မှာဆိုပြီး တချို့ကတော့ ထရမ့်တက်လာတော့ငါတို့သွားရဖို့ မျှော်လင့်ချက်ဝေးသွားပြီဆိုတာလည်း တော်တော်များများမှာဖြစ်နေကြတယ်။"

ဒုက္ခသည်စခန်းထဲမှာတော့ အကူညီပေးတဲ့အဖွဲ့တွေက ကူညီထားတာက ဒုက္ခသည်တဦးကိုတလ ကို ဘတ်ငွေ ၂၀၀ကျော် အမေရိကန်ဒေါ်လာနဲ့တဦးကို ၉ ဒေါ်လာလောက်နဲ့ တလလုံးကို ရပ်တည်စားသောက်နေထိုင်နေရတာပါ။ ခက်ခဲမှုတွေ အလုပ်လုပ်ကိုင်လို့မရတာတွေကြောင့်လည်း ကလေးတွေပညာရေးကအစ ကျောင်းတက်နိုင်ဖို့တွေလည်းခက်ခဲလာကြတာပါ ။ အဆင်မပြေမူတွေများတော့ စိတ်ကျရောဂါခံစားရတာတွေလည်းများလာတယ်လို့ဒုက္ခသည်တဦးကပြောပါတယ်။

ထိုင်းမြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်း
ထိုင်းမြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်း

"ဒုက္ခသည်က တလလုံးကို ဘတ်ငွေ ၂၀၀ကျော်ရတယ်၊ ခန္ဓာကိုယ်ချို့ယွင်းသူတွေသက်ကြီးရွယ်အိုတွေကတော့ တလကို ၃၀၀ကျော်လောက်ရတယ် နေလာတဲ့ နှစ်တွေကြာတေ့ စောင့်မျှော်ရတာ နေလာတာကြာပေမယ့် ဘယ်သူတွေဘာလုပ်လုပ် ပြောပိုင်ခွင့်တင်ပြပိုင်ခွင့်တွေလည်းမရှိတော့ ဒီဘ၀တွေနဲ့ပဲနေသားကြာလာပြီ အခုတော့ သမ္မတက ပြောင်းတာပဲ ၄ဆက်လောက်ဖြစ်သွားပြီ ကျနော်တို့လည်းဆယ်စုနှစ် ၂စုနီးပါးလည်းရှိသွားတယ် အခုကဘ၀တွေကအဆင်မပြေမှုတွေများတော့ စိတ်ဓါတ်ကျတာတွေလူနေထိုင်မှု၊ ဘ၀ရပ်တည်ရေးခက်ခဲတော့ စိတ်ကျရောဂါသမားတွေ ဆိုက်ကို (psycho) ဖြစ်နေတဲ့သမားတွေများလာတာပေါ့ ဆိုးကျိုးအရ ဒါတွေများလာတယ်။"

ထိုင်းမြန်မာနယ်စပ်မှာဒုက္ခသည်စခန်း ၉ခုရှိပြီးဒုက္ခသည် ၉သောင်းကျော်လောက်နေထိုင်နေကြတာပါ ။ သူတို့ဟာ အနည်းဆုံး ၁၀နှစ်ကျော်ကနေ နှစ်၂၀ကျော်ထိ ဒုက္ခသည်စခန်းထဲမှာ နေထိုင်နေရတာဖြစ်ပါတယ် ။

၂၀၂၁ခုနှစ်စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်း ၃နှစ်ကျော်အတွင်းမှာပဲ ထိုင်းမြန်မာနယ်စပ်ဒုက္ခသည်စခန်းတွေမှာခိုလှုံခွင့်မရသေးတဲ့မြန်မာ ဒုက္ခသည် အသစ် သောင်းဂဏန်းလောက်လဲဆက်ရှိနေသလို မလေးရှားနိုင်ငံဘက်မှာလည်း UNHCR ကို လျှောက်ထားတဲ့ မြန်မာဒုက္ခသည်တွေလည်းသောင်းဂဏန်းနဲ့လည်းရှိနေပါတယ် ။

ဒုက္ခသည် လက်ခံရေးအစီအစဉ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားကို မထိခိုက်ဘူးဆိုရင် ဒီဆုံးဖြတ်ချက်ကို ပြန်ပြင်ပေးဖို့ ရက် ၉၀ အတွင်း အမိမြေလုံခြုံရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ တိုင်ပင်ပြီး သူ့ကို တင်ပြနိုင်တယ်လို့လည်း သမ္မတထရမ့်ရဲ့ အမိန့်ကြေညာချက်ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG