သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုး ဘာသာ ခွဲခြားမှု မရှိကြောင်း လူ့အခွင့်အရေး ကောင်စီမှာ မြန်မာ အစိုးရ တင်ပြ


လူမျိုးဘာသာ ခွဲခြားမှု မရှိကြောင်း ဂျနီဗာမှာကျင်းပတဲ့ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာအစိုးရ တင်ပြ။
လူမျိုးဘာသာ ခွဲခြားမှု မရှိကြောင်း ဂျနီဗာမှာကျင်းပတဲ့ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာအစိုးရ တင်ပြ။

မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုတွေ မရှိဘူးလို့ ဂျီနီဗာမှာကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာအစိုးရ ကိုယ်စားလှယ် က ပြောကြား လိုက်ပါတယ်။ လူမျိုး၊ ဘာသာ ခွဲခြားမှုတွေ မြန်မာနိုင်ငံ တွင်း ဖြစ်ပေါ်နေတယ် ဆိုတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း ရဲ့ ပြောဆိုထောက်ပြ ချက်တွေကို တုန့်ပြန်ရင်း မြန်မာအစိုးရကိုယ်စားလှယ်က အခုလို ပြောဆို လိုက်တာပါ။ အကြောင်းစုံကို မအင်ကြင်းနိုင်က ပြောပြမှာပါ။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ စက်တင်ဘာလ (၁၄)ရက်နေ့ ကနေ အောက်တိုဘာလ (၂)ရက်နေ့ထိ ကျင်းပနေတဲ့ အကြိမ် (၃၀)မြောက် လူ့ အခွင့်အရေးကောင်စီရဲ့ နှစ်ပတ်လည် ညီလာခံမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ ဆုတ်ယုတ်လာနေတယ် ဆိုပြီး နိုင်ငံတကာ က ဝေဖန်ပြောဆိုနေကြတာပါ။

ပြီးခဲ့တဲ့တနင်္လာနေ့က စတင်ကျင်းပတဲ့ ညီလာခံမှာလည်း ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရာ ဝန်ကြီး Hugo Swire က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ကျင့်စဉ်တွေဟာ ကျဉ်းမြောင်း လာတဲ့အပြင် ခွဲခြားဆက်ဆံမှုတွေဖြစ် လာနိုင်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းခဲ့တဲ့အကြောင်း ထောက်ပြပြောဆိုသွားပါတယ်။

အခုလို နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဝေဖန် ပြောကြားချက်တွေကို လူ့အခွင့်အရေးကောင်စီ ညီလာခံကို တက်ရောက်နေတဲ့ မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့ဝင် ဒေါ်သက်သဉ္ဇာထွန်းက မနေ့က အခုလိုတုန့်ပြန်ပြောဆို သွားပါတယ်။

"မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ နဲ့ ယဉ်ကျေးမှုပေါင်းစုံ ရှိနေတဲ့နိုင်ငံဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လည်းပဲ လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုတွေကို အခြေခံပြီး ခွဲခြားဆက်ဆံမှုတွေကို တားမြစ် ထားတယ်။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ လိုက်နာ ကျင့်သုံးခွင့်တို့ကို ပြဋ္ဌာန်း ထားတယ်။ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ နတ်ကိုးကွယ်မှုတို့ကိုလည်းပဲ အသိအမှတ်ပြု ထားတယ်။ ဘယ်ဘာသာရေးနဲ့မဆို သက်ဆိုင်တဲ့နေရာတွေကို ထိပါးစော်ကားရင် တရားဥပဒေအရ အရေးယူမှာဖြစ်ပါတယ်။ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုဟာ မြန်မာနိုင်ငံမှာ အခိုင်အမာတည်ရှိနေပါတယ်။
အဲဒီလို အခြေအနေကောင်းတွေ မမြင်တဲ့သူကတော့ အမှန်အတိုင်း မကြည့်တတ်လို့ပဲဖြစ်ပါလိမ့်မယ်။"

ဒါပေမဲ့လည်း ရွေးကောက်ပွဲအတွက် ဘာသာရေးကို အကြောင်းပြပြီး မြန်မာအစိုးရ ကိုယ်တိုင် မဲဆွယ် စည်းရုံးနေတာတွေ ရှိနေတယ်လို့ မြန်မာ့ လူ့အခွင့်အရေး စောင့်ကြည့်နေတဲ့ ဟောင်ကောင် အခြေစိုက် AHRC အာရှ လူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးက ပြောပါတယ်။

" အစိုးရကိုယ်တိုင်ကိုက အခုရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘာသာရေးကို အကြောင်းပြပြီးတော့ မဲဆွယ်စည်းရုံးနေတဲ့ ကိစ္စရပ်တွေက သိသိသာသာ ဖြစ်ပေါ်နေတယ် ဆိုတာကို ကျနော်တို့ ပြည်တွင်းက လာတဲ့ သတင်းတွေအရ ကျနော်တို့ ကြားသိရတယ်။ အထူးသဖြင့်ကတော့ ဗုဒ္ဓဘာသာ လူမျိုး အများစုဖြစ်တဲ့ မြန်မာနိုင်ငံ မှာ ဘာသာရေးကို အကြောင်းပြပြီး မျိုးစောင့် ဥပဒေပြဋ္ဌာန်းတဲ့ ကိစ္စရပ်တွေလိုမျိုး နောက်တခါ ဆရာ ဒကာ ကိစ္စရပ်တွေမှာ မဲဆွယ်စည်းရုံးတဲ့ကိစ္စတွေ တော်တော်များများ ရှိနေတယ်ဆိုတာကို ကျနော်တို့ ကြားသိရတယ် သို့သော်လည်းပဲ အစိုးရဘက်ကတော့ အခုချိန်အထိ ငြင်းကွယ်နေဆဲ ပဲဖြစ်တယ်။ တူညီတဲ့အခွင့်အရေးတွေ အကုန်လုံး ပေးထားတယ်ဆိုတာကို အကြောင်းပြပြီးတော့ ခုခံခြေပနေတယ်ဆိုတာတွေကို ကျနော်တို့ တွေ့ရပါတယ်။"

နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ဟာ မြန်မာ့ ဒီမိုကရေစီပြု ပြင်ပြောင်းလဲမှု ကို စမ်းသပ်စစ်ဆေးမှာဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီး Swire ကလည်း လူ့အခွင့်အရေးကောင်စီညီလာခံမှာ ပြောသွားတာပါ။

ရွေးကောက်ပွဲမှာ တရားမျှတမှု လွတ်လပ်မှုရှိဖို့နဲ့ အားလုံးပါဝင်နိုင်ဖို့ နိုင်ငံတကာက လိုလားနေကြပေမယ့် ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင် ဘက်လိုက်ပြီး လက်ရှိအာဏာရပါတီ အနိုင်ရရေး ဘက်ပေါင်းစုံကကြိုးပမ်းနေတာတွေ့ရတယ်လို့ ဦးမင်းလွင်ဦးကဆိုပါတယ်။

" ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ မျှမျှတတ စဉ်းစားမှု မရှိဘူးဆိုတာ ကျနော်တို့ သိရတယ်။ ဥပမာ ပြည်ထောင်စုရုံးဝန်ကြီးဖြစ်တဲ့ ဦးသိန်းညွှန့်ရဲ့ မိဘနှစ်ပါးဟာ တရုတ်ဖြစ်သော်လည်းပဲ အချိန်နှောင်းသွားတဲ့အတွက် ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ကန့်သတ်ပြီးတော့ ကန့်ကွက်လို့ မရဘူးဆိုပြီးတော့ အကြောင်းပြတဲ့ကိစ္စကတော့ တော်တော်မှပင် ဘက်လိုက်တဲ့ ကိစ္စမျိုးဖြစ်တယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။

ဒါကြောင့် ကျနော်တို့ကတော့ ဒီ ၂၀၁၅ ရွေးကောက်ပွဲက ၂၀၁၀ ရွေးကောက်ပွဲလို မဟုတ်ပဲနဲ့ အစိုးရကိုယ်တိုင် ဘက်ပေါင်းစုံက နည်းမျိုးစုံနဲ့ ပြည်ထောင်စုကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ အနိုင်ရအောင် ဆောင်ရွက်ဖို့ လုပ်နေတယ်ဆိုတာကို သိသိသာသာ ကျနော်တို့ တွေ့ရတယ်လို့ ပြောချင်ပါတယ်။"

ဒီအတောအတွင်းမှာပဲ ဗုဒ္ဓဘာသာ အများစုနေထိုင်တဲ့ မြန်မာနိုင်ငံ မှာ ရွေးကောက်ပွဲအတွက် ဘာသာရေးကို ခုတုံးလုပ်အသုံးချမှုတွေရှိလာမှာကို စိုးရိမ်မိကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံး အပါအဝင်၊ ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျ၊ ကနေဒါ စတဲ့ နိုင်ငံခြားသံရုံး (၉)ရုံးက စက်တင်ဘာလ (၁၅)ရက်နေ့ ရက်စွဲနဲ့ ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး သတိပေးခဲ့ပါတယ်။


ဒါပေမဲ့လည်း ရွေးကောက်ပွဲကို တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ၊ ဘက်လိုက် ခွဲခြားမှုမရှိဘဲ တရားမျှတစွာကျင်းပနိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်က စီစဉ်ထားတဲ့ အတွက် အခုလိုကြေညာချက်ကြောင့် အထင်အမြင်လွဲမှားပြီး သံသယတွေပေါ် လာနိုင်တယ်ဆိုပြီး နိုင်ငံခြားသံရုံးတွေရဲ့ ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း မြန်မာအစိုးရဘက်က မနေ့က တုန့်ပြန်ထားပါတယ်။

XS
SM
MD
LG