သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအရေးပေါ်-အရန်ဆန်တောင်းခံနိုင်ရေး မြန်မာဝန်ကြီးဌာနတွေ ညှိနှိုင်းနေ


မြန်မာနိုင်ငံနေရာအများစုမှာ ရေဘေးဖြစ်နေပြီး တစ်ချို့ဒေသတွေကို ဆန်ပေးဝေဖို့လိုအပ်နေတဲ့အတွက် အာဆီယံအဖွဲ့အစည်းဖြစ်တဲ့ APTERR ဆီကနေ မြန်မာနိုင်ငံကဆန်အကူအညီတောင်းခံသွားဖို့ညှိနိုင်းနေပါတယ်။ ထောက်ပံ့ရမယ့်အတိုင်းအတာနဲ့ လူဦးရေအချိုးအစားကိုသိရဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ညှိနှိုင်းတိုင်ပင်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်း ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကပြောလိုက်ပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေး မှာပါ။

ရေကြီးနေတဲ့ဒေသတွေ အထူးသဖြင့် မွန်၊ ကရင်နဲ့ ပဲခူးဒေသတွေမှာ မိုးများပြီးရေကြီးရေလျှံမှုတွေဖြစ်ခဲ့တာကြောင့် ရေဘေး ကယ်ဆယ်ရေး စခန်းတွေဖွင့်ထားရပြီး စားနပ်ရိက္ခာတွေကိုလည်းထောက်ပံ့ခဲ့ရပါတယ်။ ရေဘေးရဲ့နောက်ဆက်တွဲ ကူညီမှုအပိုင်းမှာ လိုအပ်မယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းအရေးပေါ်ကိစ္စရပ်တွေမှာ ဆန်အကူအညီပေးနေတဲ့ ASEAN Plus Three Emergency Rice Reserve Programme လို့ခေါ်တဲ့ APTERR အဖွဲ့ဆီကနေ ထောက်ပံ့ဆန်အကူအညီတောင်းခံသွားဖို့ ရှိနေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းဒုတိယအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောပါတယ်။

“တောင်းခံဖို့အစီအစဉ်တော့ ရှိတယ် ဒါပေမဲ့ ကျွန်တော်တို့အခု လောလောဆယ်တော့ APTERR အဖွဲ့နဲ့ညှိတာပေါ့လေ။ ထပ်တောင်းဖို့ အဆင်ပြေ၊ မပြေပေါ့။ ဟိုဘက်ကတော့ တောင်းပါလို့တော့ သတင်းရပါတယ်။ အဓိကတော့ ထောက်ပံ့မယ့် ဧရိယာနဲ့လူဦးရေပေါ့ အဲဒါတော့ကျွန်တော်တို့က လူမှုကယ်ဆယ်ရေးဝန်ကြီးဌာနနဲ့ နည်းနည်းညှိနှိုင်းရဦးမယ်ထင်တယ်။ ပြီးတော့မှ လိုအပ်ချက်က ထွက်လာမှာ ပေါ့လေ”

ရေကြီးတာ စိုးရိမ်ရတဲ့အခြေအနေဖြစ်ခဲ့တဲ့ မွန်၊ ကရင်၊ တနင်္သာရီ၊ ပဲခူးမှာ အကူအညီတွေလိုနေတုန်းပါ။ အဲဒီဒေသတွေမှာ ရေပြန်ကျနေပြီ ဆိုပေမဲ့ ကယ်ဆယ်ရေးစခန်းတချို့ကိုတော့ဖွင့်ထားရဆဲဖြစ်ပါတယ်လို့ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ပြောပါတယ်။

“ကရင်မှာလည်းမနေ့က နည်းနည်းပြန်တက်လို့ တချို့လူတွေက အိမ်ပြန်သွားပြီးတော့မှ ပြန်ရောက်လာတာတွေရှိတယ် ဒါပေမဲ့ မဆိုးလှဘူး ဒေသခံတွေကဖူဖူလုံလုံပဲ လတ်တလော စားရေးသောက်ရေးပေါ့နော်။ အရင်က ကရင်မှာ ၅၉ စခန်းတောင်ဖွင့်ခဲ့တာ အခု ဆယ်ခုပဲကျန်တော့တယ်။ မွန်မှာ ၅၄ခုပိတ်ပြီးပြီ လေးခုပဲကျန်တော့တယ်။ ပြီးတော့ရေထရက်လည်းပြီးသွားပြီ ဆိုတော့လေ။ ကျွန်တော်တို့ ဌာနတွေကတော့ ကယ်ဆယ်ရေးစည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ အကုန်ထောက်ပံ့ထားတယ် နော့။”

ပြည်တွင်းမှာ ၂၀၁၅ခုနှစ်ရေကြီးတုန်းက APTERR အဖွဲ့ကနေ ဆန်တန်ချိန် ၁၀၀၀ အကူအညီတောင်းခဲ့ပါတယ်။ အဲဒီနှစ်က ဆန်တွေကို ရခိုင်မြောက်ပိုင်း ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာက ဒေသခံတွေကို တန် ၂၆၀ကျော်၊ ကချင်ဒေသတိုက်ပွဲဖြစ်ပွားတဲ့ မြို့နယ် ၁၄ခုက စစ်ဘေးရှောင်တွေကို တန်ချိန် ၃၀၀ကျော် နဲ့ ကရင်၊ မွန်၊ နဲ့ မကွေးတိုင်းက ရေဘေးသင့်ဒေသကို တန်၂၀၀ကျော်ပေးဝေခဲ့ပါတယ်။ လက်ကျန်တချို့ကိုတော့ အခုနှစ်ရေဘေးခံရတဲ့ဒေသတွေကို ပေးဖို့စီစဉ်နေပြီး လိုအပ်ရင် ထပ်ပြီးတောင်းခံသွားဖို့ APTERR ကဖွဲ့နဲ့ ဆွေးနွေးနေတာပါ။

(၁၄)ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးရဲ့ သဘောတူညီချက်နဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ၂၀၁၁ခုနှစ်ကလုပ်ခဲ့တဲ့ အာစီယံနိုင်ငံ စိုက်ပျိုးရေးနဲ့ သစ်တောဝန်ကြီးဌာန ဝန်ကြီးချုပ်များရဲ့ အစည်းအဝေးမှာ ဒေသတွင်းနိုင်ငံတွေမှာ ဘဝနေထိုင်မှုနဲ့ အစားအစာအတွက် လုံခြုံစိတ်ချမှုရဖို့ APTERR အစီအစဉ်ကို လက်မှတ်ထိုးခဲ့တာပါ။ အဲဒီအဖွဲ့အမှာ အာစီယံနိုင်ငံတွေအပြင် တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား သုံးနိုင်ငံက ထပ်ပြီးပူးပေါင်းပါဝင်လာတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG