သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး လိုအပ်ချက်တွေ ဌာနေ ကုလ ချပြ


ရခိုင်နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာလ ၂ ၂၀၁၇)

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းပြန်ရေး လုံခြုံရေးနဲ့ သက်သေခံကဒ်ပြား ရရှိရေး အဓိက အရေးကြီးဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂအကြီးအကဲ က ပြောကြားလိုက်ပါတယ်။

ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အထောက်အကူပြုနိုင်ရေး မြန်မာအစိုးရနဲ့ ကုလသမဂ္ဂအေဂျင်စီ နှစ်ခု ကြား ဗုဒ္ဓဟူးနေ့က နားလည်မှုစာချွန်လွှာ လက်မှတ်ရေး မထိုးခင်မှာ သတင်းမီဒီယာတွေကို သူက အဲဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

မြန်မာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး ပြည်သူ့အင်အားဝန်ကြီးဌာနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR၊ ကုလသမဂ္ဂဖွံဖြိုးမှုအစီအစဉ် UNDP တို့ မနေ့ ဇွန်လ (၆) ရက်နေ့က နေပြည်တော်မှာ သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြတာပါ။

အခုလို မြန်မာအစိုးရနဲ့ သဘောတူညီချက်တွေ ရရှိပြီးတဲ့နောက် ပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ကုလသမဂ္ဂ၀န်ထမ်းတွေ တတ်နိုင်သမျှ အမြန်ဆုံးချက်ချင်း သွားရောက်နိုင်ခွင့်ရဖို့ မျှော်လင့်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး OCHR ရဲ့ဌာနေကိုယ်စားလှယ် Knut Ostby က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်မှာရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနေရပ်ပြန်ဖို့ ဆုံးဖြတ်ချက်ချရာမှာသတင်းအချက်လက်တွေ အထောက်အကူပြုနိုင်ရေး အခြေအနေတွေကို အရင်ဆုံး သွားရောက်ဆန်းစစ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးအတွက် အဓိက အရေးကြီးဆုံး အချက် နှစ်ချက်ကတော့ သက်သေခံ ကဒ်ပြားရှိဖို့ နဲ့ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေး ဖြစ်တယ်လို့ Knut Ostby က ကုလသမဂ္ဂ သတင်းဌာနနဲ့ ဗုဒ္ဓဟူးနေ့က သီးသန့် ဆက်သွယ်မေးမြန်းခန်းမှာ အခုလို ပြောသွားပါတယ်။

"ဒုက္ခသည်တွေပြန်ရေး ဖြစ်သင့်ဖြစ်ထိုက်ရှိတဲ့အခြေအနေတွေ ရှိဖို့လိုအပ်ပါတယ်။ တကယ်တမ်းပြန်နိုင်မယ့် အခြေအနေရှိမရှိ ဆိုတဲ့ မေးခွန်းရှိနေပါတယ်။ စာချုပ်ထဲက အစီအစဉ်မှာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အကူပြုဖို့ လိုအပ်တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ တိကျတဲ့ အချက်အလက်တွေ အသေးစိတ် ထည့် မထားပေမယ့် အရေးကြီးဆုံး အချက်နှစ်ချက်ရှိနေတယ်လို့ ကျနော်မြင်ပါတယ်။ လူတွေအနေနဲ့ သက်သေခံ အထောက်အထားကဒ်ပြားတွေရှိဖို့ လိုအပ်ပါတယ်။ လူမှုအသိုင်းအ၀ိုင်းထဲမှာ ပုံမှန်လူသားတယောက်အနေနဲ့ နေထိုင်ရပ်တည်ခွင့်၊ ပညာသင်ခွင့်၊ လွတ်လွတ်လပ်လပ်သွားလာခွင့် စတာတွေ ရှိဖို့လိုအပ်ပါတယ်။ ဒုတိယအချက်အနေနဲ့ ဒုက္ခသည်တွေ ငြိမ်းငြိမ်းချမ်းချမ်း ပြန်နိုင်ဖို့ အကြမ်းဖက်မှုတွေ မရှိဖို့ လိုအပ်ပါတယ်။ သေချာတာကတော့ ဒါတွေ အလိုအလျောက်ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒုက္ခသည်တွေအတွက် အဆောက်အဦးနေရာချထားရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ပိုင်ခွင့် စတာတွေ လိုအပ်သလို ၀န်ဆောင်မှုတွေလည်း ပေးရမှာဖြစ်ပါတယ်။"

နိုင်ငံသားဖြစ်ခွင့် ရရှိရေးမြန်မာအစိုးရမှာ လုပ်ပိုင်ခွင့် အပြည့်ရှိနေပေမယ့် နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ အညီ ဆောင်ရွက်ဖို့ ကုလသမဂ္ဂဘက်က အမြဲတိုက်တွန်းနေမှာဖြစ်တယ်လို့ Ostby က ဆိုပါတယ်။ မြန်မာအစိုးရဘက်ကလည်း နိုင်ငံမဲ့ ဖြစ်နေသူတွေရဲ့ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

"ဒုက္ခသည်တွေအနေနဲ့ နိုင်ငံမဲ့ဖြစ်နေတာ ဆယ်စုနှစ်လောက်ကြာနေပါပြီ။ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ မနှစ်က အကြံပြုချက်ထဲမှာလည်း ဒီအချက် ပါဝင်ပါတယ်။ အခြေအနေတွေ ဘယ်လိုတိုးတက်အောင်ဆောင်ရွက်ရမလဲ၊ လက်ရှိဥပဒေကို ဘယ်လို မြင်လဲ၊ အကြမ်းဖက်မှုတွေဖြစ်နေတဲ့ နှစ်ဘက်အသိုင်းအ၀ိုင်းကြား ဘယ်လို ရင်ကြားစေ့နေထိုင်မလဲ စတာတွေဟာ အဓိကအကြံပြုချက်တွေအဖြစ် ကော်မရှင်ရဲ့ အကြုံချက်ထဲမှာ ပါဝင်ပါတယ်။ မြန်မာအစိုးရဘက်ကလည်း ဒီအကြံပြုချက်တွေကို ထောက်ခံကြောင်း မကြာခဏ ထုတ်ဖေါ်ပြောဆိုထားပါ။"

မြန်မာအစိုးရဘက်က အခုလို ရိုဟင်ဂျာဒုက္ခသည်တွေနေရပ်ပြန်ရေး စီစဉ်ဆောင်ရွက်နေပေမယ့် လက်ရှိအခြေအနေမှာ ဒုက္ခသည်တွေအနေနဲ့ လုံလုံခြုံခြုံ သိက္ခာရှိရှိ ဆန္ဒအလျောက် ပြန်နိုင်ရေး မဖြစ်နိုင်သေးဘူးလို့ ကုလသမဂ္ဂက သုံးသပ်ထုတ်ပြန်ထားတာပါ။ ဒါနဲ့ပတ်သက်လို့ Ostby က အခုလိုပြောပါတယ်။

"အရေးကြီးဆုံးကိစ္စကတော့ လူမှုအသိုင်းအ၀ိုင်းမှာ ပုံမှန်အတိုင်း သွားလာ၊ရပ်တည်ခွင့် တတ်နိုင်သလောက် ရှိဖို့ဖြစ်ပါတယ်။ သူတို့တွေကို အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ နောက် သက်သေခံကဒ် တွေရှိဖို့ လိုအပ်ပါတယ်။ဒုတိယအချက်အနေနဲ့ သူတို့အိမ်နီးချင်းတွေနဲ့ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ ဖြစ်ပါတယ်။ ကမ္ဘာ့နေရာ တော်တော်များများမှာဖြစ်နေသလို ရခိုင်ပြည်နယ်မှာလည်း နှစ်ဘက်အသိုင်းအ၀ိုင်းကြား အကြမ်းဖက် တင်းမာမှုတွေရှိနေတာပါ။ တဖက်နဲ့ တဖက် သံသယတွေရှိနေကြပါတယ်။ လူမှုအသိုင်းအ၀ိုင်းအချင်းချင်း စည်းစည်းလုံးလုံးနေထိုင်ဖို့ အကြံပေးဆွေးနွေးတဲ့ အစီအစဉ်တွေ လိုအပ်ပါတယ်။ ဒီကိစ္စတွေဟာ ဖွံဖြိုးရေးအစီအစဉ်နဲ့ ဆက်စပ်နေပါတယ်။ ခိုင်မာတောင့်တင်းတဲ့ အခြေအနေရောက်ဖို့ နိုင်ငံရေးအဆင့်နဲ့တင်မဟုတ်ပဲ ဖွံဖြိုးရေးပါ လုပ်ဆောင်ရမှာဖြစ်ပါတယ်။"

လူသားချင်းစာနာမှုပေးရေးအကူအညီနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ ဆောင်ရွက်ခွင့်ရရှိမယ့် အခြေအနေကိုလည်း Ostby က အခုလိုပြောပြပါတယ်။

"သဘောတူညီချက်ထဲမှာ UNHCR အနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးခွင့်ပြုထားသလို၊ အဲဒီဒေသတွေကို သွားရောက် အကဲဖြတ်ဖို့ လည်း သဘောတူထားပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ကုလသမဂ္ဂဘက်ကနေ အကဲဖြတ်မယ့်အဖွဲ့အနည်းငယ် စတင်စေလွှတ်မှာဖြစ်ပါတယ်။ကုလသမဂ္ဂအနေနဲ့ အဲဒီဒေသဘက်ကို သွားခွင့်မရတာ အတော်လေးကြာနေပါပြီ။ အဲတော့ ကျနော်တို့ အစီအစဉ်နဲ့ တာဝန်တွေကို စတင်နိုင်ဖို့ လေ့လာရေးအဖွဲ့ တချို့အရင်သွားရောက် မှာဖြစ်ပါတယ်။ အဲဒီနောက်မှာ လုပ်ငန်းတွေကို အကောင်အထည်ဖေါ်လုပ်ဆောင်မယ့် အဖွဲ့တွေ သွားရောက်မှာဖြစ်ပါတယ်။"

ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်တဲ့ UNHCR နဲ့ UNDP တို့ပူးတွဲ ကြေညာချက်မှာတော့ ၂၀၁၇ခုနှစ် သြဂုတ်လမှာ အကြမ်းဖက်မှုတွေ တကြော့ပြန်ဖြစ်ပွားပြီးကတည်းက ကန့်သတ်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက်ခွင့်ပြုထားပြီး ဒုက္ခသည်တွေ နေရပ်ပြန်လာရေး အထောက်အကူပြုဖို့ နဲ့ အကာအကွယ်ပေးရေးအစီစဉ်တွေ ဆက်လက်ဆောက်ရွက်ဖို့သဘောတူညီချက်ထဲမှာ ပါဝင်ကြောင်း ဖေါ်ပြထားပါတယ်။

အလားတူ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့လည်း ရိုဟင်ဂျာတွေ ဆန္ဒအလျောက်ပြန်နိုင်ရေ့း UNHCR တို့ ကြား နားလည်မှု စာချွန်လွှာကို ဧပြီလ ၁၃ ရက် က လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီသဘောတူညီချက်အရ မြန်မာနိုင်ငံမှာ အခြေအနေတွေ ကောင်းမွန်လာပြီဆိုမှ ပြန်လည်နေရာချထားရေး အစီအစဉ်စတင်မယ်လို့ ဖေါ်ပြထားပါတယ်။

ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကိုတော့ မြန်မာအစိုးရ လက်ခံထားခြင်းမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG