သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေးကိုင်တွယ်ဖို့ အစိုးရအဆုံးအဖြတ်အတိုင်းဆောင်ရွက်နေဟု တပ်မတော်ရှင်းလင်း


ရခိုင်အရေး တပ်မတော် သတင်းစာ ရှင်းလင်းပွဲ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
ရခိုင်အရေး တပ်မတော် သတင်းစာ ရှင်းလင်းပွဲ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရခိုင်ပြည်နယ်မောင်တောအခြေအနေကို ကိုင်တွယ်နိုင်ဖို့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး အမြန်ဆုံးခေါ်ယူဖို့ကို တပ်မတော်က အစိုးရကို တိုက် တွန်းလိုက်ပါတယ်။ တပ်မတော်အနေနဲ့ မောင်တောဒေသကို ကိုင်တွယ်တာမှာ အစိုးရရဲ့အဆုံးအဖြတ်နဲ့ ကိုင်တွယ်နေတာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး၊ ဂျနီဖာကွန်ဖန်းရှင်းကချမှတ်ထားတဲ့ အချက်တွေအပြင် ပြည်တွင်းဥပဒေတွေနဲ့အညီ လိုက်နာဆောင်ရွက်လျက်ရှိ တယ်လို့ပြောဆိုလိုက်ပါတယ်။ အကြမ်းဖက်မှုတွေ တကျော့ပြန် ဖြစ်ပေါ်လာတာဟာ လုံခြုံရေး ကျိုးပေါက်မှုတွေရှိခဲ့တယ်လို့ ဝေဖန်နေကြတဲ့ အပေါ်တပ်မတော်ဘက်က ငြင်းဆိုလိုက်ပါတယ်။ ဒီသတင်းတွေကို နေပြည်တော်မှာ ရောက်နေတဲ့ ဗွီအိုအေသတင်းထောက်မေခကပြောပြပေးမှာပါ။

ဒီကနေ့ နေပြည်တော်မှာ လက်ရှိမောင်တောဒေသနဲ့ ပတ်သတ်ပြီး တပ်မတော်က သတင်းစာရှင်းလင်းပွဲမှာ အခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။ တပ်မတော်ဘက်က နိုင်ငံအနောက်ခြမ်း လုံခြုံရေးဆိုင်ရာတွေနဲ့ပတ်သတ်လို့ လွှတ်တော်၊ အစိုးရတို့ကို အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့ဘူးပေမယ့် လက်ခံ ခြင်းမရှိခဲ့ဘူးလို့လည်း သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လက်ရှိ မောင်တောအခြေအနေနဲ့ပတ်သတ်လို့ အစိုးရအနေနဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို အမြန်ဆုံးခေါ်ယူဖို့ကို တပ်မတော်ကိုယ်စား တပ်မတော်သတင်းမှန်ပြန်ကြားရေး ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်အောင် ရဲဝင်းက တိုက်တွန်းသွားတာပါ။

တပ်မတော်အနေနဲ့ ကာလုံကို ခေါ်ယူနိုင်ရေးတောင်းဆိုပေမယ့် အဓိကအဆုံးအဖြတ်ပေးနိုင်ဆုံးသူမှာ နိုင်ငံတော်သမ္မတသာဖြစ်တယ်လို့ လည်းပြောဆိုလိုက် ဒီပြင် တပ်မတော်အနေနဲ့ အစိုးရအဆုံးအဖြတ်နဲ့သာ လုပ်ကိုင်ဆောင်ရွက်နေတာဖြစ်တယ်လို့ ဗိုလ်ချုပ်အောင်ရဲဝင်းကပြောပါတယ်။

"ကျနော်တို့တပ်မတော်ရဲ့အနေအထားပါ ကျနော်တို့သည်နိုင်ငံတော်အစိုးရရဲ့ ကွပ်ကဲမှုအောက်မှာပဲ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။ တခုခုလုပ်မယ်ဆိုရင်လည်း ကျနော်တို့သည် အဆုံးအဖြတ်ကိုယူရပါတယ်။ ကျနော်တို့တပ်မတော်ပိုင်းကနေပြီးတော့မှ ကာကွယ်ရေးဝန်ကြီးတို့ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ကလည်း နိုင်ငံတော်အစိုးရနဲ့ တွေ့တဲ့အခါမှာ ယခုရခိုင်ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့မှ ဖြစ်နေတဲ့အနေအထားတွေ ၊ ပြီးသွားရင် ဖြစ်သင့်တဲ့အနေအထားတွေ ၊ ပြီးသွားတော့ ကျနော်တို့ တပ်မတော်ဖြစ်ချင်တဲ့အနေအထား တွေ ဒီ၃ခုလုံး ကျနော်တို့ ဆွေးနွေးပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်မှာလည်း ကျနော်တို့ ကာလုံတွေခေါ်ခဲ့ပါတယ်။ ခေါ်တဲ့အခါမှာလည်း တကယ့် decision ကတော့ သမ္မတပဲ ဖြစ်ပါတယ်။ ကျနော်တို့ အပေါ်မှာ မြင်တဲ့သဘောထား ကာလုံရဲ့သဘောတရားမှာ တပ်မတော်က ၆ မဲပါတယ်၊ ဒီဘက်က အရပ်ဘက်က ၅ မဲပါတယ်။ ကာလုံကိုခေါ်ပြီးတော့ ဆုံးဖြတ်မယ်ဆိုရင်တော့ တပ်မတော်လုပ်ချင်တာလုပ်မယ်ဆိုပြီးတော့ မြင်နေတာတွေအများကြီးရှိပါတယ်။ ဘယ်လိုပဲဆွေးနွေးဆွေးနွေးနောက်ဆုံးအဆုံးအဖြတ်ကတော့ သမ္မတကြီးရဲ့ အဆုံးအဖြတ်ပါပဲ။"

မောင်တောဒေသမှာ အ ကြမ်းဖက်မှုတွေ တကျော့ပြန် ဖြစ်ပေါ်လာတာဟာ လုံခြုံရေး ကျိုးပေါက်မှုတွေရှိခဲ့တယ်လို့ ဝေဖန်နေကြတဲ့ အပေါ်တပ်မတော်ဘက်က ငြင်းဆိုလိုက် ပါတယ်။

“လုံခြုံရေးစည်းမပေါက်ခဲ့ပါဘူး။ မေယုတောင်တုန်းပေါ်မှာ စခန်းတွေ့တာကတော့ ဒါသူတို့တည်ဆောက်ခဲ့တဲ့ စခန်းတွေဖြစ်ပါတယ်။ လုံခြုံရေးစည်းပေါက်မယ်ဆိုရင်တော့ ကျနော်တို့ စခန်း ၃၀ တခါတည်းအတိုက်ခံရတာရှိပါတယ်။ သို့သော်လည်း တခုမှ ကျခဲ့တာ လုံခြုံရေးစခန်းတွေကို ကျနော်တို့ ပြည့်ပြည့်၀၀ပြန်ပြီးတော့ ခုခံနိုင်ခဲ့ပါတယ် စခန်းတွေကို။”

ဗွီအိုအေသတင်းဌာနကမေးမြန်းမှုကို စစ်ဘက်ရေးရာလုံခြုံရေးဆိုင်ရာ ဒုတိယအရာရှိချုပ် ဗိုလ်ချုပ်သန်းထွဋ်သိန်းက ခုလိုဖြေခဲ့တာပါ.

ရခိုင်ဒေသ တကျော့ပြန် တိုက်ခိုက်မှုတွေ ဖြစ်လာတာဟာ ဘာသာရေးဖိနှိပ်မှု၊ အမျိုးသားရေးဖိနှိပ်မှုတွေကြောင့်လို့ နိူင်ငံတကာက သုံးသပ်နေတာဟာ မမှန် ကန်ဘူးလို့ တပ်မတော်ဘက်ကပြောဆိုလိုက်ပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေဟာ နိုင်ငံတော်ကို ကျူူးကျော်မှုသာဖြစ်ပြီး အကြမ်းဖက်သမားတွေရဲ့ ရည်မှန်းချက်နဲ့ပတ်သတ်ပြီး စစ်ဆေးပေါ်ပေါက်ချက်ကို ဗိုလ်ချုပ်သန်းထွဋ်သိန်းက ခုလိုပြောပြတာပါ။

“အခုဖြစ်စဉ်များမှာ အစွန်းရောက်ဘဂါၤလီအကြမ်းဖက် အဖွဲ့အစည်းများဟာ ဘာသာရေးကို ခုတုံးလုပ်ပြီးတော့ မော်လဝီများမှတဆင့် နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းများနဲ့ ချိတ်ဆက်ပြီးတော့ ဘူးသီးတောင်၊ မောင်တောနယ်မြေများကို နည်းမျိုးစုံစည်းရုံးပြီးတော့ အခြေခံနယ်မြေ၊ အမာခံနယ်မြေ စသဖြင့်အဆင့်ဆင့် တိုးမြင့်တည်ဆောက်လျက်ရှိပါတယ်။ နောက်ဆုံးမှာတော့ လွတ်မြောက်နယ်မြေရတဲ့အထိ ရည်မှန်းလုပ်ဆောင်နေကြောင်း သုံးသပ်ရပါတယ်။”

ဒီကနေ့ ရှင်းလင်းပွဲကို နိုင်ငံတကာစစ်သံမှုးတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီလိုတက်ရောက်လာတာမှာ ဘင်္ဂလားဒေရှ့် စစ်သံမှူးက ဘင်္ဂလားဒေရှ့် နယ်စပ် မြန်မာဘက်ခြမ်းက အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေကို ဘင်္ဂလားဒေရှ့် အစိုးရကို မျှဝေပေးဖို့ကိုလည်း တောင်းဆို ခဲ့သလို အကြမ်းဖက်အဖွဲ့တွေကို နှစ်နိုင်ငံ ပူးပေါင်းကာ တိုက်ခိုက်သွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

လက်ရှိတကျော့ပြန် မောင်တော တိုက်ခိုက်မှုတွေကြောင့် သြဂုတ် ၂၇ရက်နေ့ထိစာရင်းအရ ဌာနေရခိုင်တိုင်းရင်းသား ၉ ဦး၊ မူဆလင် အယောက် ၅၀နီးပါးကို အကြမ်းဖက်တွေက သတ်ဖြတ်ခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်လိုက်ပါတယ်။ ဒီအပြင် ရခိုင် ၃ဦး၊ မူဆလင် ၁၂ဦးပျောက်ဆုံး နေတယ်လို့ ပြောပါတယ်။ အကြမ်းဖက်မှုနဲ့ပတ်သတ်လို့ သံသရရှိသူ မွတ်ဆလင် ၁၇ဦးကိုဖမ်းထားတယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန် ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG