ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံက သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံမယ့် လုပ်ငန်းစဉ်တွေကို မြန်မာအစိုးရဘက်က နှောင့်နှေးအောင်လုပ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာစီနာက စွပ်စွဲပြောဆိုလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်လာတဲ့ ၀န်ကြီးချုပ်ဟာစီနာက တွေ့ဆုံမေးမြန်းခန်းတခုအတွင်း အင်္ဂါနေ့က အဲဒီလိုပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ရိုက်တာသတင်းကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လက ရခိုင်ပြည်နယ်တွင်း မြန်မာအစိုးရရဲ့ အကြမ်းဖက်တဲ့ နယ်မြေရှင်းလင်းမှုတွေကနေ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်ဘက် သွားရောက်ခိုလှုံခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ကိုပြန်ပြီးလက်ခံဖို့ ကိစ္စမှာ မြန်မာအစိုးရဘက်က အကြောင်းပြချက် အမျိုးမျိုးပေးနေတယ်လို့ ၀န်ကြီးချုပ် ရှိတ်ဟာစီနာက စွပ်စွဲလိုက်တာပါ။ လူဦးရေထူထပ်လှတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘယ်လိုအခြေအနေမျိုးနဲ့မှ ဒီဒုက္ခသည်တွေကို အမြဲ ဆက်ြ့ပီးလက်ခံ မထားနိုင်ဘူး လို့လည်း ၀န်ကြီးချုပ် Hasina က ရိုက်တာသတင်းဌာနနဲ့ အင်္ဂါနေ့ကလုပ်တဲ့တွေ့ဆုံမေးမြန်းခန်းမှာ ခုလို ပြောဆိုသွားပါတယ်။
"ကျမတို့ရဲ့ တိုင်းပြည်မှာ လူဦးရေသန်းပေါင်း ၁၆၀ ကျော်ရှိနေပြီးသားပါ။ စတုရန်းကီလိုမီတာ ၁ သိန်း ၄ သောင်း ၇ ထောင်သာ အကျယ်အ၀န်းရှိတဲ့တိုင်းပြည်ထဲမှာ လူဦးရေက သန်းပေါင်း ၁၆၀ ရှိနှင့်ပြီးပါပြီ။ သူတို့ရဲ့ ၀မ်းစာရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ နေရေးထိုင်ရေး ကိစ္စအ၀၀ အားလုံးကို ကျမတို့ တာဝန်ယူထားရတာပါ။ အလုပ်အကိုင်တွေလည်း ဖန်တီးပေးရပါတယ်။ နောက်ထပ် ၀န်ထုပ်ဝန်ပိုးတွေကို ကျမတို့တိုင်းပြည်က မယူနိုင်ပါဘူး။"
လာမယ့်ဒီဇင်ဘာလအတွင်း ဘင်္ဂလားဒေ့ရှ်မှာ အထွေထွေရွေးကောက်ပွဲမှာကျင်းပဖို့ရှိနေတာမို့လို့ ၀န်ကြီးချုပ် ဟာစီနာ အနေနဲ့ ဒုက္ခသည်အရေးကြောင့် အိမ်နီးချင်းမြန်မာနိုင်ငံနဲ့ ပဋိပက္ခမဖြစ်ချင်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ပတ်သက်လို့ နိုလဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအဖွဲ့နဲ့လုပ်ကိုင်ရတာ သိပ်ပြီးစိတ်မရှည်နိုင်တော့သလို ဒီကိစ္စမှာ မြန်မာစစ်တပ်က အဓိကအာဏာရှိသူဖြစ်တယ်လို့လည်း မစ္စ ဟာစီနာက ပြောပါတယ်။ အရင်တုန်းကတော့ ရိုဟင်ဂျာဒုက္ခသည်ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး နှစ်ဘက် သဘောတူထားတဲ့အတိုင်း အကောင်အထည်ဖော်လာအောင် မြန်မာနိုင်ငံကို နိုင်ငံတကာက ၀ိုင်းပြီးဖိအားပေးကြဖို့ ၀န်ကြီးချုပ် Shiek Hasina က တိုက်တွန်းခဲ့ဖူးပါတယ်။
မနှစ် သြဂုတ်လနှောင်းပိုင်းက ရခိုင်ပြည်နယ် မြောက်ပိုင်း ကနယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ မွတ်ဆလင်တွေအပေါ် အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာ ၇ သိန်းနီးပါး ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြတယ်လို့ ကုလသမဂ္ဂ ပြောဆိုထားပါတယ်။ အဲဒီလိုသွားရောက်ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နှစ်လအတွင်း ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရကြား သဘောတူညီမှုတွေရခဲ့ပေမယ့် ခုချိန်ထိတော့ လုပ်ငန်းမစနိုင်သေးပါဘူး။ ဒီအချိန်မှာပဲ မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာတွေဟာ နယ်စပ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ကဒုက္ခသည်စခန်းတွေဆီဆက်ပြီးရောက်လာနေပါတယ်။ အဲဒီသဘောတူညီမှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့လုပ်ဆောင်ချက်တွေကို ၀န်ကြီးချုပ် ဟာစီနာက ခုလိုမြင်ပါတယ်။
"မြန်မာအစိုးရဘက်က ဘာမဆို သဘောတူပါတယ်။ ဒါပေမယ့် အကောင်အထည်တော့ မဖော်ပါဘူး။ အဲတာက ပြသနာပါ။ ဒုက္ခသည်တွေလက်ခံရေး အားလုံးအဆင်သင့်ဖြစ်နေပြီဆိုပေမယ့် မြန်မာအစိုးရဘက်က အမြဲလို အကြောင်းပြချက်အသစ်တွေကတော့ ရှိနေတာပါ။"
ဒုက္ခသည်တွေပြန်လည်လက်ခံဖို့ လက်ခံရေးစခန်းတွေ ကိုလည်းဖွင့်လှစ်ထား ပြီးပြန်လာကြတဲ့ဒုက္ခသည်တွေ လောလောဆယ်နေနိုင်အောင် နေအိမ်တွေလည်းဆောက်လုပ်ထားပြီ လို့မြန်မာအစိုးရက ပြောဆိုထားတာပါ။ ဒါပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က တရားဝင်စာရွက်စာတမ်းတွေ ပေးပို့ခြင်းမရှိဘူးလို့ မြန်မာဘက်က ပြစ်တင်ပြောဆိုထားတာပါ။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း မြန်မာနိုင်ငံတွင်းမှာ လုံခြုံမှုမရှိသေးတဲ့အတွက် ဒုက္ခသည်တွေပြန်သွားဖို့ မဖြစ်နိုင်သေးဘူးလို့ကုလသမဂ္ဂအဖွဲ့အစည်းတွေကပြောတယ်လို့ ပြန်ပြီးချေပပါတယ်။
ဒုက္ခသည်တွေ နေရပ်ပြန်ရေးနှောင့်နှေးနေချိန်မှာပဲ ဘင်္ဂလာဒေ့ရှ်ဘက်က လူသူအရောက်အပေါက်နည်းတဲ့ Bhasan Char ကျွန်းပေါ်မှာ ဒုက္ခသည်တွေကိုနေရာချပေးဖို့ ပြင်ဆင်နေပါတယ်။ ဒီကျွန်းမှာ ရေလွှမ်းနိုင်တဲ့ အန္တရယ်ရှိတယ်ဆိုပြီးလူ့ အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ Cox's Bazar မှာရေကြီးရေလျှံမှုတွေဖြစ်နိုင်ပေမယ့် ဒီနှစ်မိုးရာသီမှာတော့ မိုးသိပ်မများခဲ့ပါဘူး။
ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံကဖြစ်တာကြောင့် သူတို့ကို အမြဲလက်ခံထားလို့မဖြစ်ပဲ နေရပ်ပြန်ပို့ရမယ်လို့ မစ္စ ဟာစီနာက ပြောပါတယ်။ ရိုဟင်ဂျာတွေမှာ မြန်မာမှတ်ပုံတင်တွေမရှိပေမယ့် သူတို့ကိုယ်သူတို့ ရခိုင်ပြည်နယ်ဒေသခံအဖြစ် ယူဆထားတာပါ။ ဒါပေမယ့် ဗုဒ္ဓဘာသာအများစုဖြစ်တဲ့မြန်မာနိုင်ငံသားအတော်များများက အဲဒီလိုအသိအမှတ်မပြုကြပါဘူး။
၂၀၁၇ ခုသြဂုတ်လက အစိုးရလုံခြုံရေးစခန်းတွေကို ARSA ရိုဟင်ဂျာလက်နက်ကိုင်တွေ ၀င်တိုက်လို့ မြန်မာအစိုးရက နယ်မြေရှင်းလင်းရေးလုပ်ဆောင်မှုအတွင်း သေဆုံးရတဲ့ ရိုဟင်ဂျာပေါင်း ထောင်နဲ့ချီရှိတယ်လို့လူ့အလွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ခန့်မှန်းကြပါတယ်။
တခါ ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အုပ်စုလိုက် မုဒိန်းကျင့်တာတွေ၊ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်တာတွေနဲ့ ပတ်သက်လို့ သက်သေအထောက် အထား အချက်အလက်တွေ အမေရိကန်အစိုးရက စုံစမ်း ပြုစုထားတဲ့ အစီရင်ခံစာကို ဒီသီတင်းပတ်ထဲမှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီလိုအလားတူတွေ့ရှိမှုမျိုးကို မြန်မာအစိုးရက ငြင်းဆိုထားသလို ရိုဟင်ဂျာဆိုတဲ့အသုံးအနှုံးကိုလည်း လက်မခံပါဘူး။ အဲဒီတွေ့ရှိချက်တွေဟာ တဘက်သတ်ဖြစ်ပြီး နိုင်ငံတကာကစွပ်စွဲနေတဲ့ အတိုင်းအတာနဲ့ လူ့အခွင့်အရေးချိုးဖောက်ထားတာမရှိဘူးလို့ မြန်မာစိုးရဘက်က အစဉ်တစိုက်ပြောဆိုလာတာဖြစ်ပါတယ်။