သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသင်္ဘောသား ၂၁ ဦး ပြန်လွတ်ပြီ


UBT Ocean သင်္ဘော။
UBT Ocean သင်္ဘော။

ဆိုမာလီ ပင်လယ်ဓားပြတွေက ၄ လကျော် ပြန်ပေးဆွဲထားတဲ့ မြန်မာသင်္ဘောသား ၂၁ ဦးဟာ ကျန်းကျန်းမာမာနဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြန်လွတ်လာကြပြီလို့ သင်္ဘောကုမ္ပဏီက ပြောပါတယ်။ ကုမ္ပဏီအနေနဲ့ ဒီသင်္ဘောသားတွေရဲ့ ရပိုင်ခွင့် အပြည့်အ၀ ရရှိအောင် လုပ်ပေးဖို့တော့ မြန်မာသင်္ဘောသား အခွင့်အရေး အဖွဲ့တွေက တိုက်တွန်းနေကြပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းတုန်းက မြန်မာသင်္ဘောသား ၂၁ ဦးပါတဲ့ နော်ဝေပိုင် UBT Ocean သင်္ဘောကို ဆိုမာလီ ပင်လယ်ဓားပြတွေက ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့တာ အခုတော့ သင်္ဘောနဲ့အတူ သင်္ဘောသားတွေ အားလုံး ပြန်လွတ်မြောက်လာကြပါပြီ။ သူတို့တွေ အခြေအနေ ကောင်းတဲ့အကြောင်း သင်္ဘောကုမ္ပဏီဖြစ်တဲ့ စင်ကာပူ အခြေစိုက် နောတစ်တန့်ခ် (Nautictank) ကုမ္ပဏီက ပြောပါတယ်။

“သင်္ဘောသားတွေ အားလုံး အခြေအနေ ကောင်းကြတယ်ဆိုတာ ကျနော် အတည်ပြုချက် ပေးနိုင်ပါတယ်။ သူတို့အားလုံး ကျန်းမာရေး အခြေအနေတွေ ကောင်းကြတယ်၊ အားလုံးပဲ စိတ်ချရတဲ့ အနေအထားမှာ ရှိနေတယ်၊ သူတို့ရဲ့ မိသားစုတွေနဲ့ အမြန်ဆုံး ပြန်တွေ့နိုင်အောင် ကျနော်တို့ စီစဉ်နေပါတယ်၊ လောလောဆယ် သူတို့ သင်္ဘောပေါ်မှာပါ၊ စိတ်ချရပါတယ်။” လို့ နောတစ်တန့်ခ် သင်္ဘောကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ အက်ဒ်ဝပ် အိုင်ရွန် ပြောခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောသားတွေရဲ့ လုံခြုံရေးအတွက် တခြား သတင်း အချက်အလက်တွေကိုတော့ မပေးနိုင်ဘူးလို့ သူက ဆိုပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂ ဥက္ကဋ္ဌ ဦးအောင်သူရကတော့ အခုလို အချိန်ကြာကြာ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာသင်္ဘောသားတွေရဲ့ ရပိုင်ခွင့်တွေကို သင်္ဘောကုမ္ပဏီဘက်က အပြည့်အ၀ ပြန်ပြီး မပေးမှာကို စိုးရိမ်နေပါတယ်။

“သင်္ဘောသားတွေကို ခန့်တဲ့ ကုမ္ပဏီတွေ ကိုယ်တိုင်က လုပ်သင့်လုပ်ထိုက်တဲ့ အရာလေးတွေ လုပ်ဖို့ ကျနော်တို့ ကုမ္ပဏီတွေကို တိုက်တွန်းထားတယ်။ အဲဒီမှာ အရေးအကြီးဆုံး အချက်က ကုမ္ပဏီက သူတို့ရဲ့ ကုန်တွေကို အန္တရာယ်ရှိတဲ့၊ ပင်လယ်ဓားပြတွေရှိတဲ့ လမ်းကြောင်းပေါ်ကို သွားမယ်ဆိုရင် သင်္ဘောသားတွေဘက်က ရွေးချယ်ပိုင်ခွင့် ရှိရမယ်။ ကျနော်တို့ရဲ့ ရပိုင်ခွင့်က ဒီလမ်းကြောင်းအတွက် လိုက်ပါဆောင်ရွက်ခွင့် မပြုနိုင်တဲ့အကြောင်း လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့် ရှိရမယ်။ ကိုယ့်ရဲ့အလုပ်ကို မဆုံးရှုံးဘဲနဲ့ ရွေးချယ်ပိုင်ခွင့် ရှိတဲ့ဟာကို ကုမ္ပဏီတွေက ခွင့်ပေးရမယ်။ ဒါက မဖြစ်ခင် တားဆီးတာပေါ့။

“အကယ်၍ ဖြစ်သွားပြီဆိုရင်လည်း များသောအားဖြင့် ကျနော်တို့ မြန်မာသင်္ဘောသားတွေ တချို့က ကုမ္ပဏီတွေရဲ့ တင်းမာတဲ့ အမိန့်တွေ အောက်မှာသာလျှင် အလုပ် လုပ်ရတာများတော့ ကျနော်တို့မှာ ရွေးချယ်ပိုင်ခွင့် နည်းတဲ့အခါမျိုးကျရင် ဒီသင်္ဘောသားတွေရဲ့ စိတ်နေစိတ်ထားသည် နဂိုမူလ ပုံမှန်အနေအထားရဲ့ အခြေအနေမျိုး ဖြစ်လာအောင် တွေ့ကြုံရတဲ့ အန္တရာယ်ကြီးမှာဆိုရင် သူတို့ဟာ တစုံတရာ အတိုင်းအတာအားဖြင့် ထိခိုက်မှုတွေ ရှိတဲ့ဟာကို ကုမ္ပဏီ အနေနဲ့ရော၊ ကျနော်တို့ အဖွဲ့အစည်း အနေနဲ့ရော ဝိုင်းဝန်းပြီးတော့၊ ပြီးရင် အစိုးရပိုင်း အနေနဲ့ရော ရှေ့ဆက်ပြီးတော့ သူတို့ ပုံမှန် အနေအထားနဲ့ ဖြစ်ဖို့ ပြန်လည် မွေးမြူပေးဖို့ဆိုတဲ့ အပိုင်းကိုလည်း တာဝန်ယူကြဖို့ ကျနော်တို့ အကြံပြုတာတွေ ရှိပါတယ်။”

ဆိုမာလီ ပင်လယ်ဓားပြတွေရဲ့ လက်ထဲမှာ မြန်မာသင်္ဘောသားတွေ အခုလို အဖမ်းခံခဲ့ရတာဟာ ပထမဦးဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ အရင်အကြိမ်တွေ တုန်းကလည်း ပြန်လွတ်မြောက်လာခဲ့ကြတဲ့ မြန်မာသင်္ဘောသားတွေကို သင်္ဘောကုမ္ပဏီတွေဘက်က နစ်နာကြေး ပေးတာ၊ ရသင့်တဲ့ ခံစားခွင့်တွေကို တိတိကျကျ ပေးတာမျိုးတွေ မလုပ်ခဲ့တဲ့ အတွက်လည်း အခုတခေါက် သင်္ဘောသားတွေအတွက် စိုးရိမ်မှုတွေ ရှိနေတာပါ။ သင်္ဘောကုမ္ပဏီတွေက သင်္ဘောသားတွေရဲ့ ဘဝနဲ့ အသက်ထက် သူတို့ရဲ့ သင်္ဘောနဲ့ သင်္ဘောပေါ်မှာပါတဲ့ ကုန်ပစ္စည်းတွေကိုပဲ အဓိက ထားတတ်ကြတယ်လို့လည်း ဆိုပါတယ်။

အခု ပြန်ပေးဆွဲခံခဲ့ရတဲ့ သင်္ဘောဟာ ITF ခေါ် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်နဲ့ သင်္ဘောသားတွေရဲ့ အခွင့်အရေးဆိုင်ရာ စာချုပ် ချုပ်ထားတဲ့သင်္ဘော မဟုတ်တဲ့အတွက်လည်း မြန်မာ ပင်လယ်ပျော်များ သမဂ္ဂဘက်က စိုးရိမ်မှုတွေ ရှိနေတာပါ။

“အခု သင်္ဘော UBT Ocean ဆိုရင် ITF နဲ့ စာချုပ် ချုပ်ထားတဲ့သင်္ဘော မဟုတ်ဘူး။ ITF က ကျနော်တို့လို သမဂ္ဂတွေ ဖွဲ့ထားတဲ့ အဖွဲ့ချုပ် ဆိုတာကလည်း သူတို့ဆီမှာ စံချိန်စံညွှန်းနဲ့ညီတဲ့ စာချုပ်ရှိတယ်။ ကုမ္ပဏီနဲ့ ချုပ်ထားတဲ့အထဲမှာ ဒီကိစ္စသည် အရေးကြီးတဲ့အတွက် သူတို့ရဲ့ ကုမ္ပဏီက ဒီအချက်ကိုတော့ လိုက်နာရမယ် ဆိုတဲ့ဟာ ကျနော်တို့နဲ့ ချုပ်ထားထား၊ မချုပ်ထားထား ဒီအချက်က အင်မတန် သင်္ဘောသားတွေအတွက် သူတို့ရဲ့ ရပိုင်ခွင့်ဖြစ်တယ် ဆိုတဲ့ အချက်ကို ကျနော်တို့ အမြဲတမ်း ကုမ္ပဏီကို သတိပေး မီးမောင်းထိုးတာပေါ့လေ။”

မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂရဲ့ ဥက္ကဋ္ဌ ဦးအောင်သူရ ပြောသွားတာ ဖြစ်ပါတယ်။

UBT Ocean သင်္ဘောဟာ ပြီးခဲ့တဲ့ မတ်လတုန်းက အိန္ဒိယ သမုဒ္ဒရာ မာဒါဂတ်စကာ ကမ်းရိုးတန်းမှာ ခုတ်မောင်းနေတုန်း ပြန်ပေးဆွဲခံခဲ့ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG