ထိုင်းနိုင်ငံဘက်မှာ သူတို့နိုင်ငံသား ရေလုပ်သား အရေအတွက် မလောက်ငတာကြောင့် မြန်မာ နိုင်ငံကနေ ရေလုပ်သားတွေပေးပို့ဖို့ သဘောတူခဲ့ကြပါတယ်။ ဒီကိစ္စအတွက်လည်း ထိုင်းမြန်မာ နယ်စပ် ကော့သောင်းနဲ့ ရနောင်း မြို့တွေမှာ အလုပ်သမားကဒ်ပြားနဲ့ ပြည်ဝင်ခွင့် ထုတ်ပေးတဲ့ ဌာနတွေဖွင့်ဖို့လည်း စီစဉ်နေကြတာပါ။ ၂ နိုင်ငံ အလုပ်သမားဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးပြီး အခုလို သဘောတူ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။ အသေးစိတ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထေက် မအေးအေးမာက တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံရဲ့ရေလုပ်ငန်းမှာ အသုံးပြုဖို့ ရေလုပ်သား ၆ သောင်း လောက် လိုနေတာမို့ သြဂုတ်လကတည်းက နေပြည်တော်မှာ မြန်မာ အလုပ်သမားဝန်ကြီးဌာနနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာဘက်ကလည်း နှစ်နိုင်ငံ သဘောတူစာချုပ်နဲ့ ရေလုပ်သားတွေ စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
အဲဒီအတွက် ထိုင်း-မြန်မာနယ်စပ်တွေဖြစ်တဲ့ ထိုင်းတောင်ပိုင်း ရနောင်းနဲ့ မြန်မာဘက်က ကော့သောင်းဘက်တွေမှာ စင်တာတွေဖွင့်လှစ်တော့မှာဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာသံရုံးက အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးက ပြောပြပါတယ်။
“ကျနော်တို့ကတော့ ဒီလကုန်ပိုင်းလောက်တော့ ဖွင့်မယ်လို့ မှန်းထားတယ်။ ကျနော်တို့ဘက်က စေလွှတ်စခန်းနဲ့ ထိုင်းဘက်ကတော့ One Stop Service ဆိုတာက လဝကတို့၊ ရဲတို့၊ DOE တို့ အလုပ်လုပ်ခွင့်ပါမစ် တခါတည်း ထုတ်ပေးမယ်။ တခါတည်း ဗီဇာလည်း ထုတ်ပေးမယ်။ အဲဒါတွေလုပ်လို့ရအောင် အဲဒီစင်တာလေးတွေ ဖွင့်တာပေါ့။ အဓိကတော့ ပုံမှန်သွားနေမှာတော့ MOU နဲ့ သွားတဲ့ အလုပ်သမားတွေ သွားမှာပေါ့နော်။ အခု ဖွင့်မယ့် တောင်ပိုင်းက စခန်း၊ ရေလုပ်သားတွေ များမှာပေါ့နော်။ တောင်ပိုင်းကတော့ ရေလုပ်သားပဲ များမယ်လေ။”
ထိုင်းနိုင်ငံအတွင်းမှာ နိုင်ငံခြားသား ရေလုပ်သားတွေဟာ ကျွန်တွေသဖွယ် ခိုင်းစေခံရတာ၊ ရောင်းစားခံရတာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိတယ်ဆိုပြီး နိုင်ငံတကာက ဝိုင်းဝန်းဝေဖန်ခဲ့ကြသလို ပိတ်ဆို့မှုတွေလုပ်ဖို့အထိလည်း စဉ်းစားခဲ့ကြတာပါ။
ဒီအတွက် ထိုင်းအစိုးရက ငါးလုပ်ငန်းခွင် အခြေအနေဆိုင်ရာ သဘောတူချက် အပိုဒ် (C 188) ကို အကောင်အထည်ဖော်ဖို့ အတည်ပြုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်အတွက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေဟာ အလုပ်ရှင်တွေအတွက် လိုက်နာဖို့ ခက်ခဲတယ်ဆိုပြီး သြဂုတ်လဆန်းပိုင်းကစပြီး ငါးလုပ်ငန်းရှင်တွေက ကန့်ကွက်စာတင်ခဲ့ပါတယ်။ ထိုင်းအစိုးရအနေနဲ့ ဒီစည်းမျဉ်းစည်းကမ်းတွေအတိုင်း အတည်ပြုမယ်ဆိုရင် ခရိုင် ၂၂ ခုက ငါးဖမ်းလှေ လုပ်ငန်းရှင်တွေက လှေတွေမထွက်ဘဲ ဆန္ဒဖော်ထုတ်သွားမယ်လို့ ပြောထားပါတယ်။ ဒီလို အခြေအနေကြုံမယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားတင်ပို့နေတဲ့ ရေထွက်ပစ္စည်းတွေလည်း အခက်ကြုံရမှာဖြစ်သလို ရေလုပ်ငန်းရှင်တွေရဲ့ စီးပွားရေးကို ထိခိုက်နိုင်တာ၊ ရေလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ရမယ့် အခြေအနေတွေကိုလည်း ရင်ဆိုင်လာရနိုင်ပါတယ်။
ဒီအခြေအနေအောက်မျာ မြန်မာရေလုပ်သားတွေ စေလွှတ်တဲ့အခါ သူတို့အနေနဲ့ အလုပ်သမားအခွင့်အရေး အပြည့်အဝ ရနိုင်ပါ့မလားလို့ မေးတဲ့အခါမှာတော့ မြန်မာအလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးက အခုလို ဖြေကြားခဲ့ပါတယ်။
“MOL ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ ရေလုပ်ငန်းရှင်များအဖွဲ့ချုပ်နဲ့ ညှိနှိုင်းနေကြတယ်။ တချို့နေရာတွေမှာ ထိုင်းအစိုးရဘက်ကလည်း တချို့ကိစ္စတွေ ဖြေလျော့ပေးပါတယ်။ ဖြေလျော့တယ်ဆိုပေမယ့် သူတို့ချမှတ်ထားတဲ့ standard ရဖို့ အချိန်ကာလအတွင်းမှာ သွားရမယ်လို့ သူတို့ချင်း ကနဦး သဘောတူခဲ့ကြတယ်။ သူတို့ချင်း သဘောတူပြီးမှ ဝန်ကြီးက သူတို့ဘက်ကတော့ တာဝန်ယူပါပြီ။ ဆက်ပြီးတော့ develop - တိုးတက်အောင်လုပ်သွားပါမယ်ဆိုပြီး သဘောတူပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့နိုင်ငံကို တရားဝင်သွားပြီး စေလွှတ်ပေးဖို့ တောင်းဆိုတာပေါ့နော်။ အလုပ်သမားတွေအတွက် ဘယ်လို ကာကွယ်ပေးမလဲဆိုတာကိုတော့ ၁၀၀ % ကာကွယ်ပေးပါမယ်ဆိုပြီး နှစ်ဘက်လုံးက သဘောတူထားပါတယ်ခင်ဗျ။”
လောလောဆယ်မှာတော့ ထိုင်းနိုင်ငံအတွင်း တရားဝင်ကော၊ တရားမဝင်ပါ မြန်မာအလုပ်သမားပေါင်း ၃ သန်းထက်မနည်း ရှိနေတယ်လို့ နှစ်နိုင်ငံ အစိုးရတွေက ခန့်မှန်းထားပေမယ့် မြန်မာအလုပ်သမားကတော့ ၁ သန်း၊ ၂ သိန်း သာ အထောက်အထား လက်မှတ်တွေ ရှိကြပါတယ်။ နေ့စဉ်လည်း ထိုင်းနိုင်ငံထဲကို အလုပ်ရှာဖွေသူတွေ အများအပြား ဝင်ရောက်လာနေဆဲဖြစ်ပါတယ်ရှင်။