သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနွေဦးတော်လှန်ရေးနဲ့ အကြမ်းမဖက်အာဏာဖီဆန်သူများ


CDM ပူးပေါင်းတဲ့ တနင်္သာရီတိုင်းက အမျိုးသမီးရဲတပ်ဖွဲ့ဝင်များ။ (မှတ်တမ်းဓာတ်ပုံ)
CDM ပူးပေါင်းတဲ့ တနင်္သာရီတိုင်းက အမျိုးသမီးရဲတပ်ဖွဲ့ဝင်များ။ (မှတ်တမ်းဓာတ်ပုံ)

"အပြည်ပြည်ဆိုင်ရာ အကြမ်းမဖက်ရေးနေ့" ကို နှစ်စဉ် အောက်တိုဘာလ ၂ ရက်နေ့မှာ သတ်မှတ်ထားပါတယ်။ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ နည်းလမ်းပေါင်းစုံနဲ့ အာဏာရှင်ကို တော်လှန်နေကြတဲ့အထဲ အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ပါဝင်နေသူတွေဟာ သူတို့ယုံကြည်ရာလမ်းကြောင်းနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ရေးမှာ ဆက်ပြီးပါဝင်သွားမယ်လို့ ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို -ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့တိုက်ပွဲတွေဟာ နိုင်ငံတဝှမ်း နေရာအတော်များများမှာ နေ့စဉ်နီးပါး ရှိနေတာပါ။ အာဏာရှင်စနစ်ကျရှုံးရေးအတွက် လက်နက်ကိုင်တော်လှန်သူတွေရှိကြသလို အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ပါဝင်သူတွေလည်း ရှိနေပါတယ်။

အဲဒီထဲမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်သူတွေဟာလည်း အခက်အခဲအမျိုးမျိုး ကြားကပဲ အကြမ်းမဖက်လမ်းစဉ်နဲ့ အာဏာရှင်ကို ဆက်ပြီးတော်လှန်နေတာ ဖြစ်ပါတယ်။ အချိန်ကာလ ကြာလာတာနဲ့အမျှ အခြေခံစားသောက် နေထိုင်ရေးအတွက် ရုန်းကန်နေရတဲ့ သူတို့ရဲ့ အခြေအနေကို မိသားစုလိုက် CDM မှာပါဝင်သူ ကိုဖြိုးက အခုလို ပြောပါတယ်။

"အခုနောက်ပိုင်း ထောက်ပံ့မှု အပိုင်းတွေလည်း မရှိတဲ့အခါကျတော့ ပိုပြီးတော့ အခက်တွေ့တာပေါ့။ ကုန်ဈေးနှုန်းတက်တာနဲ့ အခက်အခဲပေါင်းစုံနဲ့တော့ တော်တော်များများ ရင်ဆိုင်နေရတာပေါ့။ ကျနော်တို့က ဒီလို CDM လုပ်ထားတာဖြစ်တော့ တခြားအလုပ်ဝင်ဖို့ ဆိုတာလည်း နည်းနည်းအခက်အခဲတော့ ဖြစ်တယ်ပေါ့။ ဘက်စုံကနေ စုံစမ်းပြီးတော့မှ အလုပ်ရှာကြံလုပ်ရတာပေါ့။ ကျနော်တို့ကတော့ လူငယ်ပိုင်းဆိုတော့ ဘွဲ့လက်မှတ်တခုပြရုံနဲ့ တခြားအလုပ်လေးတွေ တိုးလို့ရပေမယ့် တချို့လူကြီးပိုင်းတွေကျတော့ စားဝတ်နေရေးကအစ အကြပ်အတည်း ဖြစ်တာပေါ့။ သားသမီးကလည်း ထောက်ပံ့မှုမရ၊ အပြင်ပုဂ္ဂလိက အပိုင်းကလည်း အထောက်အပံ့မရ ဆိုတော့ စီးပွားရေး အကျပ်အတည်းတွေ၊ စားဝတ်နေရေး အခက်အခဲတွေ ရှိတာပေါ့။ တချို့ဆိုရင် တရက်လုံးကို ထမင်းတနပ်တည်းနဲ့ ပြီးသွားတာရှိတယ်။ အဲလို ဘက်စုံအခက်အခဲတွေပေါ့။"

အာဏာသိမ်းကာလမတိုင်ခင် အစိုးရဝန်ထမ်းအဖြစ် အရင်က တာဝန်ထမ်းဆောင်ခဲ့သူတချို့ဟာလည်း CDM လှုပ်ရှားမှုမှာ ပါဝင်ပြီးနောက်ပိုင်း အချိန်ကာလ ကြာလာတာနဲ့အမျှ ဘက်ပေါင်းစုံမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။ အကြမ်းမဖက်နည်းလမ်းနဲ့ အာဏာရှင်တော်လှန်ရေးမှာ တချို့က နွေဦးတော်လှန်ရေးသပိတ် ပုံစံမျိုးစုံနဲ့ အခုချိန်ထိ လှုပ်ရှားမှုတွေ ရှိနေပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာဒေသတွေမှာလည်း လူထုသပိတ်လှုပ်ရှားမှုတွေက ရှိနေတာပါ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဆိုရင်လည်း လူထုသပိတ်လှုပ်ရှားမှုတွေဟာ တိုက်ပွဲတွေရှိတဲ့ကြားက ပုံစံမျိုးစုံနဲ့ ဆက်ပြီးရှိနေတယ်လို့ ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစု ခေါင်းဆောင် ကိုပြည့်အောင်နိုင်က ပြောပါတယ်။

"ဘယ်လိုပဲနေနေ ဒါကလုပ်ရမှာပဲလေ။ ရှေ့လှမ်းပြီးမှ နောက်ပြန်ဆုတ်ရင် ကျနော်တို့ သွားရမယ့်လမ်းက ထောင်ထဲလား၊ သင်္ချိုင်းကုန်းလားပေါ့။ ထောင်ထဲရော၊ သင်္ချိုင်းကုန်းရော ကျနော်တို့ မသွားချင်ဘူး။ အဲဒီတော့ ကျနော်တို့က ကိုယ်ရွေးချယ်ပြီးသားလမ်း၊ ပြည်သူလူထုကို ဦးတည်တဲ့လမ်းဆိုတော့ လျှောက်ကိုလျှောက်ရမယ်။ ဘယ်လိုပဲဆိုဆို အကြမ်းမဖက်တဲ့နည်းနဲ့ အာဏာဖီဆန်နေတဲ့ လူတွေသည် လည်းပဲ အခုနွေဦးတော်လှန်ရေးမှာ တကယ်ကို အင်မတန်မှ ကြီးမားတဲ့အားတမျိုး ဖြစ်တဲ့အတွက်ကြောင့် သူတို့သည်လည်းပဲ အဓိကကျတယ်။ သို့သော် လှုပ်ရှားမှုဆိုတဲ့ နေရာမှာတော့ နယ်မြေဒေသရယ်၊ စစ်ရေးပုံစံ သေချာကြည့်ပြီးတော့မှ လှုပ်ရှားနေရတာပေါ့။ ဒီနည်းနဲ့မရရင် ဒီနည်းနဲ့ထွက်မယ်၊ လုပ်မယ်၊ လှုပ်ရှားမယ်ပေါ့။ အဲလို ပုံစံပဲကွာသွားတာ။ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ လူထုသပိတ်တိုက်ပွဲတွေ၊ ဟောပြောပွဲတွေ၊ ဒါတွေကတော့ ကျနော်တို့အနေနဲ့ လုပ်စမြဲပဲ။"

အကြမ်းမဖက်ဘဲ ကိုယ်ယုံကြည်ရာလမ်းစဉ်နဲ့ လူထုသပိတ်တွေကို ဆက်ပြီးလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ စစ်တပ်အုပ်ချုပ်မှုကို မလိုလားတဲ့ သာမန်ပြည်သူတွေဟာ အကြမ်းမဖက်နည်းလမ်းနဲ့ နိုင်ငံရေးမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။ အကြမ်းမဖက်ရေး အတွေးအခေါ်နဲ့ မဟာဗျူဟာကို ရှေ့ဆောင်ခဲ့သူ အိန္ဒိယလွတ်လပ် ရေး လှုပ်ရှားမှုခေါင်းဆောင် Mahatma Gandhi ရဲ့ မွေးနေ့ဖြစ်တဲ့ အောက်တိုဘာလ ၂ ရက်နေ့ကို International Day of Non-Violence အဖြစ် ကုလအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အရ သတ်မှတ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာလည်း အကြမ်းမဖက်နည်းလမ်းနဲ့ နိုင်ငံရေးပြောင်းလဲမှုမှာ ပါဝင်နေသူတွေဟာ အခက်အခဲတွေကြားထဲက အာဏာရှင်စနစ်ကို တော်လှန်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Mahatama Gandhi မွေးနေ့အထိမ်းအမှတ်နဲ့ သူ့ပြောကြားချက်တွေကို ဂုဏ်ပြုရင်း နိုင်ငံတကာ အကြမ်းမဖက်တဲ့နေ့ကို ကျင်းပရာမှာ မတူကွဲပြားမှုတွေကြား ညီညွတ်မှုရတာဟာ အလှတရား ဖြစ်သလို လူ့အသိုင်းဝိုင်း အတွက်လည်းစမ်းသပ်မှု တခုဖြစ်တဲ့အတွက် လိုက်နာကြဖို့ ကုလ အတွင်းရေးမှူးချုပ် António Guterres ကလည်း ပန်ကြားခဲ့ပါတယ်။

XS
SM
MD
LG