သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုပ်ငန်းခွင်ပြန်ဝင်ဖို့ တိုက်တွန်းမှုအပေါ် CDM ဝန်ထမ်းတွေရဲ့တုံ့ပြန်မှု


ဖေဖော်ဝါရီ ၂၂ ရက်နေ့ မန္တလေးမြို့ရှိ နေရာတခုက CDM လှုပ်ရှားမှု မြင်ကွင်းများ။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁)
ဖေဖော်ဝါရီ ၂၂ ရက်နေ့ မန္တလေးမြို့ရှိ နေရာတခုက CDM လှုပ်ရှားမှု မြင်ကွင်းများ။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းကတည်းက အကြမ်းမဖက်တဲ့ အာဏာဖီဆန် ရေး CDM လုပ်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို တရားစွဲဆိုထားတဲ့အပေါ် ပြန်ရုပ်သိမ်းနိုင်ချေနဲ့ လျှော့ပေါ့ပြစ်ဒဏ်ချမှတ်ပြီး တာဝန်ပြန် လည်ထမ်းဆောင်နိုင်ခြေရှိတာတွေကို မြန်မာစစ်ကောင်စီက ထုတ်ပြန်ပါတယ်။ CDM လုပ်နေတဲ့ ဝန်ထန်းတစ်ချို့ မိသားစုစားဝတ်နေရေးအခက်အခဲကြောင့် ပြန်ပြီးတော့ တာဝန်ထမ်းဆောင် နေကြသလို အများစုကတော့ တာဝန်ပြန်လည်ထမ်းဆောင်ဖို့ ငြင်းဆိုနေကြတဲ့ အကြောင်း ရန်ကုန်ကလာတဲ့သတင်း ကိုငြိမ်းချမ်းက ပြောပြပါမယ်။

CDM ကြောင့်ဖြစ်စေ၊ လှုပ်ရှားမှုကြောင့်ဖြစ်စေ အရေးယူခံရတဲ့ ဝန်ထမ်းတွေအနေနဲ့ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲတွေကို အယူခံလွှာတင်ပြီး ဒီအပေါ် ဝန်ထမ်းအဖွဲ့အစည်းတွေက တဦးချင်းအလိုက် ပြန်လည်သုံးသပ်မယ်လို့ဆိုပါတယ်။ အဲဒီသုံးသပ်ဆုံးဖြတ်ချက်အရ ပြစ်ဒဏ်က ရုပ်သိမ်းပြီး တာဝန်ပြန်ထမ်းဆောင်နိုင်တယ်လို့ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့တာပါ။ တချိန်တည်းမှာပဲ CDM လုပ်နေဆဲ ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းတာဝန်တွေကို ပြန်လာကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး တရားစွဲဆိုခံထားရတဲ့ သူတွေကို ပြန်လည်တာဝန်ထမ်းဆောင်ဖို့ စစ်ကောင်စီက ထုတ်ပြန်ချက်အပေါ် ပဲခူးတိုင်းအခြေခံပညာလုပ်သားများ သမဂ္ဂတာဝန်ရှိသူ စိုင်းနော်လင်းက အခုလိုပြောပါတယ်။

“လူထုကရွေးချယ်တဲ့ အစိုးရအောက်မှာပဲ အလုပ်လုပ်မယ်။ ဒီလိုမျိုး မတရား အဓမ္မအာ ဏာသိမ်းလိုက်တဲ့ စစ်ကောင်စီအောက်မှာ အလုပ်မလုပ်နိုင်ဘူးဆိုပြီးတော့ CDM လုပ်တာ လေ။ သူတို့အမှု ဖွင့်တာ၊ မဖွင့်တာကတော့ ကျနော်တို့အပေါ် ဘာမှ သက်ရောက်မှာ မဟုတ် ဘူး။ ဒါတွေဟာ ကျနော် တို့ကို ထောင်ချောက်ဆင် ဖမ်းတာလို့ပဲ ကျနော်တို့ မြင်တယ်။ CDM လုပ်တယ်ဆိုကတည်း က ကျနော်တို့က အစကနေအဆုံးအထိ သွားဖို့ပဲလေ။”

အကြမ်းမဖက် အာဏာဖီဆန်တဲ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ တချို့ ဝမ်ထန်းတွေ ဟာလည်း အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်တာဝန်ထမ်းဆောင်တာတွေ ရှိခဲ့ပြီး မကွေးတိုင်း၊ ရေနံမြေမှာဆိုရင် ဝန်ထမ်း ၅၀၀ နီးပါး တာဝန်ပြန်လည်ထမ်းဆောင်နေကြတယ်လို့ ဝန်ထမ်းတစ်ဦးကပြောပါတယ်။

“ကျနော်တို့က တစ်ပြည်လုံးဆိုရင် ၁,၀၀၀ ကျော်ရှိတယ်ဗျာ။ ကျနော်တို့ ၂ လပိုင်း ၈ရက်နေ့မှာ CDM စလုပ်တယ်။ အဲဒီနောက်ပိုင်းမှာတော့ အလုပ်မဆင်းရင် ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီးတော့ လုပ်တော့ တချို့ မိသားစုအခက်အခဲကြောင့် ကြောက်တဲ့ ဝန်ထမ်းတွေကတော့ ပြန်ဝင်ကြတယ်။ အလုပ်ဆင်းကြတယ်။ ဒါပေမဲ့ ကျနော်တို့ မဆင်းတော့ သူတို့ ဖိအားပေးရင်းပေးရင်း အခု ၂၄ ရက်နေ့မှာပေးတဲ့ ဖိအားမှာတော့ တော်တော်လည်း ပြန်ပါသွားတယ်ဗျာ။ အခက်အခဲမျိုးစုံ လစာကမရ ဝန်ထမ်းတွေက ဒီလစာကို မှီခိုပြီးစားနေရတာဆိုတော့ နေစရာလိုင်းခန်းတွေလည်း မရှိဆိုတော့ ပါသွားတာရှိတယ်။ ဘယ်လောက်လဲဆိုတော့ ၅၀၀ ကျော်လောက်တော့ ကျနော်တို့ ဆီမှာ ပြန်ဝင်တယ်ဗျာ။”

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်တာကြောင့် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဝန်ထမ်းတစ်ဦးကတော့ လက်ရှိစစ်ကောင်စီကို အယုံအကြည်မရှိသလို ဘယ်လိုနည်းမှ စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။

“ကျနော်တို့က မနိုင်မချင်း ဒီအကောင်တွေ အောက်ကိုတော့ သွားပြီးတော့ အလုပ်မလုပ်ဘူး။ သူတို့အော်ကို သွားပြီး အလုပ်လုပ်ဖို့ အစီအစဉ်လည်း လုံးဝမရှိဘူး။ ကျနော်တို့ ဒီပြည်သူတွေနဲ့အတူ အောင်ပွဲရတဲ့ နေ့မှာပဲ ကျနော်တို့ ရုံးပြန်တက်မယ်။”

အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးကတော့ ဒီကနေ့ကြေးမုံသတင်းစာမှာ ဖော်ပြထားတဲ့ ဝန်ထန်းတွေကို ပြန်လည်တာဝန်ထမ်းဆောင်ဖို့နဲ့ တရားစွဲဆိုထားတာတွေကို ပြန်ရုပ်သိမ်းပေးမယ်ဆိုတဲ့အပေါ် သူ့အမြင်ကို အခုလိုပြောပါတယ်။

“ကျနော်မြင်တဲ့ အမြင်ကတော့ လက်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက စွဲထားတဲ့ ဟာနဲ့ ခြိမ်းခြောက်ပြီးတော့ အရင်တုန်းကတော့ ဥပဒေကြောင်းအရ တရားစွဲဆိုမယ်ဆိုတဲ့ဟာနဲ့ လူတွေကို ခြိမ်းခြောက်ထားတာပေါ့နော်။ ဝန်ထမ်းတွေကို။ အခုကတော့ ပြန်ပြီးတော့ ချော့တဲ့ဟာပေါ့... ဘာကြောင့်လည်းဆိုတော့ သူက ချော့လိုက်၊ ခြောက်လိုက် အခြေအနေပေါ် မူတည်ပြီးတော့ သူက ပြန်ပြီးတော့ ဝင်လာအောင် အခု အာဆီယံအစည်းအဝေးတွေ ပြီးတဲ့ အခါမှာလည်း နိုင်ငံရေး အခြေအနေက ပုံမှန်ပြန်ဖြစ်လာတယ်ဆိုတာကို ပြချင်နေတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေဟာလည်း ပုံစံအမျိုးအမျိုးနဲ့ ဒီကနေ့အထိ ရှိနေသေးသလို လှုပ်ရှားမှုအတွင်း ဖမ်းဆီးခံရတာတွေ တရားစွဲဆို ခံရတာတွေနဲ့ သေဆုံးဒဏ်ရာရတာတွေလည်း ရှိနေသေးတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG