သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဃာတ စွန့်ပြီး ငြိမ်းချမ်းရေးမှာ ပါဝင်ကြဖို့ ဒေါ်စုတိုက်တွန်း


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မိန့်ခွန်းပြောကြား (Myanmar State Counsellor Office)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မိန့်ခွန်းပြောကြား (Myanmar State Counsellor Office)

မြန်မာနိုင်ငံပဋိပက္ခတွေအတွင်း တဖက်တဖက်ရှိနေတဲ့ အဃာတ တရားတွေကို စွန့့်ပစ်ပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီကနေ့လုပ်တဲ့ ဒုတိယအကျော့ပည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပိတ်ပွဲမှာ ပြောသွားပါတယ်။ တချိန်တည်းမှာပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပြင်မှာရောက်နေသူတွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်ဖို့ အမြဲတခါးဖွင့်ထားပါတယ်လို့လည်း တပ်မတော်ကိုယ်စားလှယ်က ညီလာခံအပိတ်မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။ ညီလာခံမှာ ကိုယ်တိုင်သတင်းသွားယူနေတဲ့ ဗွီအိုအေ သတင်းထောက် မမေခက ၆ ရက်ကြာကျင်းပခဲ့တဲ့ ညီလာခံ နောက်ဆုံးရက်သတင်းကို ပေးပို့ထားပါတယ်။

ငြိမ်းချမ်းရေးခရီးရဲ့ အနာဂတ်ကို သွက်သွက်လက်လက်လျှောက်လှမ်းကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညီလာခံ အပိတ်မိန့်ခွန်းမှာ တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။ အာဃာတ တရားတွေထားနေမယ်ဆိုရင်တော့ လိုချင်တဲ့လမ်းကို မရောက်နိုင်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

“ကျွန်မတို့ရဲ့ခြေလှမ်းတွေကို နှေးကွေးလေးလံ ယိုင်နဲ့စေမယ့် အဲဒီအာဃာတတရားတွေကို စွန့်ပစ်နိုင်မှသာ ကျွန်မတို့အနေနဲ့ သွက်သွက် လက်လက် အားမာန်အပြည့်နဲ့ ရှေ့ကို လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ကျွန်မတို့ ဘယ်အထိလျှောက်ရဦးမလဲ မသိနိုင်သေးပါဘူး။ နေ့စဉ် နေ့တိုင်း စွန့်စားမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကျွန်မတို့တွေ ငြိမ်းချမ်းရေးရရှိဖို့ ဘယ်လိုစွန့်စားမှုမျိုးကိုမဆို ကြောက်ပြီး နောက်တွန့်နေလို့ မဖြစ်ပါဘူး။”

၆ ရက်ကြာ ကျင်းပခဲ့တဲ့ ညီလာခံအတွင်းမှာတော့ နိုင်ငံရေး စီးပွားရေး မြေယာ လူမှုရေးနဲ့ လုံခြုံရေး စတဲ့ ကဏ္ဍ ၅ခုမှာ အကြောင်းအရာ ၄၀ကျော်ကို ဆွေးနွေးခဲ့ကြတာပါ။ အဲဒီထဲကမှ အချက် ၃၀ ကျော်သဘောတူညီမှုရခဲ့ပြီး ဒီကနေ့ ပိတ်ပွဲမှာ သက်ဆိုင်ရာအစုအဖွဲ့ခေါင်းဆောင်တွေက သဘောတူလက်မှတ်ရေးထိုးကြပါတယ်။

ဒီကနေ့လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ ဒီ သဘောတူညီချက်တွေက အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် အရေးကြီးတဲ့ လမ်း တခုဖြစ်တယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် က ပြောဆိုလိုက်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်နိုင်ဖို့ကိုလည်း ပြောသွားပါတယ်။

“ ဒီညီလာခံကြီးထဲကို မရောက်ရှိကြသေးတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ကိုလည်း ကျွန်မတို့နဲ့အတူတစ်ကွ လက်တွဲပူးပေါင်းပြီး သမိုင်းတွင်ကျန်ခဲ့မဲ့ လုပ်ငန်းကြီးမှာ ပါဝင်ကြဖို့ အလေးအနက် ဖိတ်ခေါ်ပါကြောင်း ပြောကြားလိုပါတယ်။”

ဒီကနေ့ပွဲမှာ ဥက္ကဌ အနေနဲ့ ဆောင်ရွက်ခဲ့တဲ့ ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် နာယက ဗိုလ်ချုပ်ကြီး ခွန်ဥက္ကာက တိုင်းရင်းသားပေါင်းစုံမပါလို့ ဝေဖန်မှုတွေရှိနေတဲ့ ပင်လုံညီလာခံကျင်းပမှုနဲ့ပတ်သတ်ပြီး အခုလို တုံပြန်ပြောဆိုလိုက်ပါတယ်။

“NCA ပြင်ပကနေပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လက်တွေ့အကောင်အထည် ဖော်တဲ့အနေရာမှာ ထဲထဲဝင်ဝင်မရှိသေးတဲ့ အင်အားစုများနဲ့ ပုဂ္ဂိုလ် များအနေနဲ့ကတော့ ကျနော်တို့ညီလာခံက မပြည့်စုံဘူး ၊ အားနည်းနေတာတွေ ဝေဖန်နေတာတွေကိုလည်း ကြားရပါတယ်။ သို့သော် ဒီညီလာခံရဲ့အောင်မြင်မှုအရှိန်အဟုန်ကိုတော့ ဟန့်တားနိုင်မှာမဟုတ်ပါဘူးလို့ ကျနော်မြင်ပါတယ်။”

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ပူးတွဲကော်မတီ(UPDJC) ဥက္ကဌဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်အပြင် ဘက်ရောက် နေသူ တွေ အခုငြိမ်း ချမ်းရေးဖြစ်စဉ်မှာပါဝင်ဖို့ အမြဲတံခါး ဖွင့်ထားတာမို့ပါဝင်လာကြဖို့ တိုက်တွန်းသွားတာပါ။

“ ငြိမ်းချမ်းရေးဖြစ်စဉ်အပြင်ဘက်မှာ ရောက်ရှိနေတဲ့ အခြားသောလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများသည်လည်းငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်လာအောင် ကျနော်တို့ ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ အားလုံးပါဝင်လာနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်နေစဲကာလမှာလည်း လက်ရှိကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့ တိုင်းရင်းသားညီအကိုမောင်နှမတွေနဲ့အတူ ကျနော်တို့ ရှေ့ကိုဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။”

ဒီလိုတိုက်တွန်းသွားပေမယ့် အခုတိုက်ပွဲတွေဖြစ်နေတဲ့ မြောက်ပိုင်းအဖွဲ့နဲ့ဘယ်လို ငြိမ်းချမ်းရေးဆောင်ရွက်မလဲဆိုတာကိုတော့ တိတိကျကျထုတ်ပြောခဲ့တာမ ရှိသလို မေးမြန်းတာမှာလဲ ဘယ်လိုလုပ်ငန်းစဉ်တွေချထားသလဲဆိုတာကို ဖြေကြားခဲ့တာမရှိပါဘူး။

ညီလာခံနဲ့ပတ်သတ်လို့ကတော့ အားရကျေနပ်တယ်လို့ ပြောဆိုကြသူတွေရှိသလို လိုအပ်ချက်တွေရှိတာမို့ နောက်ထပ်မှာကြိုးစားလုပ်ဆောင်ဖို့ လိုနေသေး တယ်လို့ထောက်ပြသူတွေရှိပါတယ်။

တအောင်း(ပလောင်)အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးကတော့ ညီလာခံနဲ့ပတ်သတ်လို့ အခုလိုသုံးသပ်ခဲ့ပါတယ်။

“ဥပမာ လူမှုရေးကဏ္ဍမှာဆိုရင် အခုဆွေးနွေးတဲ့အချက်က ၄ ချက်ရှိတယ်ပေါ့နော်။ ဒါကလည်း ကရင်စာတမ်းနဲ့ ပအိုဝ်းစာတမ်းကနေ တက်လာတဲ့ အချက်တွေဖြစ်တယ်။ ဒါက အမအနေနဲ့ပေါ့နော် တိုင်းရင်းသားအားလုံးရဲ့ကိုယ်စားပြုမဖြစ်သေးတဲ့အတွက် ၁၀၀ ရာခိုင်နှုန်းကတော့ တိုင်းရင်းသားတွေကို ကိုယ်စားပြုနိုင်မှာမဟုတ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားအဆင့်ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေအကုန်လုံး မလုပ်နိုင်တဲ့အတွက်ကြောင့် စာတမ်းမတက်နိုင်တဲ့အတွက်ကြောင့် ၁၀၀ ရာခိုင်နှုန်းကတော့ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။”

အခုကျင်းပတဲ့ ဒုတိယအကျော့ ပင်လုံညီလာခံမှာ ဆွေးနွေးအတည်ပြုနိုင်ခဲ့တဲ့ မူ ၃၀ကျော်ကို လွှတ်တော်မှာ အတည်ပြုချက်အနေနဲ့ထားပြီး၊ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်းတခုအနေနဲ့ လက်ခံထားမှာဖြစ်ပါတယ်။ ခွဲမထွက်ရဆိုတဲ့အသုံးအနှုန်းနဲ့ ဖယ်ဒရယ်တပ်မတော်ဆိုင်ရာကိစ္စတွေအပါအဝင် သဘောတူညီမှုမရတဲ့အကြောင်းအရာတွေကိုတော့ နောက်တကြိမ် ညီလာခံမှာ ဆက်ဆွေးနွေးကြဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG