သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၇ ဇူလှိုင်နှစ်ပတ်လည် သမဂ္ဂနေရာဟောင်း စုဝေးကျင်းပ


၇ ဇူလှိုင်နှစ်ပတ်လည် သမဂ္ဂနေရာဟောင်း စုဝေးကျင်းပ (ဓါတ်ပုံ- ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( ဗကသ)
၇ ဇူလှိုင်နှစ်ပတ်လည် သမဂ္ဂနေရာဟောင်း စုဝေးကျင်းပ (ဓါတ်ပုံ- ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( ဗကသ)

၁၉၆၂ခုနှစ်က ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဗုံးခွဲ အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတာ ဒီကနေ့ ဇူလိုင်လ ၇ရက်နေ့မှာ ၅၇နှစ် ပြည့်မြောက်ချိန် ပြည်သူကရွေးချယ်ထားတဲ့ အရပ်သားအစိုးရလက်ထက် တတိုင်းပြည်လုံးအတိုင်းအတာနဲ့ နိုင်ငံတွင်း စစ်ရေး ငြိမ်းချမ်းရေး လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေဟာ အစစအရာရာပို ဆိုးဝါးလာနေတယ်လို့ သမဂ္ဂကျောင်းသားတွေက ထောက်ပြပြောဆို လိုက်ကြပါတယ်။ ပြဿနာတွေရဲ့ အရင်းခံ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်တိုက်ဖျက်နိုင်ဖို့ နဲ့ သမိုင်းတရားခံမဖြစ်ဖို့ နိုင်ငံ့တာဝန်ရှိသူတွေအနေနဲ့ပြည်သူနဲ့ပူးပေါင်းလက်တွဲဖြေရှင်းပါလို့လည်း တိုက်တွန်းကြပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၅၇နှစ်-၁၉၆၂ခုနှစ် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်နေဝင်း လက်ထက် ဆန္ဒပြကျောင်းသားတွေကို စစ်တပ်အင်အားသုံး အကြမ်းဖက်ပစ်ခတ်ပြီး ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဗုံးခွဲဖျက်ဆီးခဲ့တဲ့ နှစ်ပတ်လည်နေ့မှာ ဇူလိုင်လ ၇ရက်နေ့မှာတော့- ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ ဦးဆောင်တဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းတွေ နိုင်ငံရေးလှုပ်ရှားသူတွေ ဒီမိုကရေစီအင်အားစုတွေ မျိုးဆက်သစ်ကျောင်းသားလူငယ်တွေဟာ ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အဦးမြေနေရာကို လာရောက်ဂါရဝပြုခဲ့ကြပါတယ်။

“ကျောင်းသားတို့အခွင့်အရေး ကာကွယ်ရေး ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး ၊ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်ကျဆုံးသွားသော ကျောင်းသားပြည်သူအပေါင်းတို့အား … အလေးပြု။ ၁၉၆၂ခုနှစ် ဇူလိုင် ၇ရက်နေ့ တွင် ကျဆုံးသွားခဲ့ရသော ကျောင်းသားအပေါင်းတို့အား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ငြိမ်.”

7th July နေ့ ဒီကနေ့မှာတော့ ရန်ကုန်တက္ကသိုလ်ဝင်းတွင်းက ဗုံးခွဲဖျက်ဆီးခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံဟောင်းရှေ့ 7 July မှာ အသက်ပေးဆပ်ခဲ့ကြရတဲ့ ကျောင်းသားတွေအပါအဝင် ခေတ်အဆက်ဆက်က ကျုးလွန်ခဲ့ကြရတဲ့ ကျောင်းသားအခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တာဝန်ရှိသူတွေဘက်က တာဝန်ယူ ဖြေရှင်းပေးပါလို့ ကျောင်းသားသမဂ္ဂရင်ပြင်ရှေ့မှာ တောင်းဆိုခဲ့ပါတယ်။

“ သမဂ္ဂရင်ပြင်မှာ ကျနော်တို့ ကျောင်းသားတွေကို စစ်တပ်က မတရားသတ်ဖြတ်ခဲ့တာ ၅၇ နှစ်ရှိပါပြီ။ ဒီ ၅၇ နှစ်မှာ ကျောင်းသားတွေရဲ့ မတရားမှုတွေကို ယနေ့ကာလအထိ ဖြေရှင်းမှုမရှိဘူး ပြတ်ပြတ်သားသားဖြေရှင်းပေးပါ။ ပြတ်ပြတ်သားသား တာဝန်ယူပါ။ အခုအချိန်တာဝန်ယူမှု တာဝန်ခံမှုမရှိဘူး။ သမိုင်းကို ဖျက်ဆီးတယ် သမိုင်းဖျက်တဲ့သူတွေဟာ အဲလိုဆိုရင် သမိုင်းပေါက်ကွယ်သွားမယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ မြန်မာတပြည်လုံး အကျပ်အတည်းကြုံရတယ် ရခိုင်မှာလည်း စစ်အကြီးအကျယ်ဖြစ်နေတယ် အဲဒါကို ကျနော်တို့ ဗကသအဖွဲ့ချုပ်တွေ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်။”

လက်ရှိ NLDအရပ်သားအစိုးရလက်ထက် ပြည်တွင်းစစ်အပြင်းအထန်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အပါဝင် အလုပ်သမား၊ လယ်သမားနဲ့ ပြည်သူအများ ရင်ဆိုင်နေရတဲ့မြန်မာပြည်ရဲ့ ပကတိအခြေအနေတွေဟာ တော်တော်လေးကို ဆိုးဝါးတဲ့အနေအထားဖြစ်နေပြီလို့လည်း ရင်ပြင်ရှေ့ ဟောပြောချိန်ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသား ကိုဝေယံဖြိုးမိုး က ထောက်ပြပြောဆိုခဲ့ပါတယ်။

“ အဓိက ပြဿနာက မငြိမ်းချမ်းနိုင်တဲ့ တဖတ်သတ် ထိုးစစ်နဲ့ အကျိုးစီးပွားစစ်ကို ဆင်နေတဲ့ ပြည်တွင်းစစ်မီး တငြိမ်းငြိမ်းတောက်လောင်နေတဲ့အခါမှာ အေးချမ်းစွာ ပညာသင်ကြားရေးဟာ ခြိမ်းခြောက်ထိခိုက် ခံနေရတယ်။ လက်ရှိ အဆိုးဝါးဆုံး အခြေအနေကတော့ ရခိုင်ပြည်နယ်မှာ သတင်း အမှောင်ချပြီးတော့ အရပ်သား၊ ကျောင်းသား၊ လယ်သမား၊ ပြည်သူတွေကို စစ်တပ်ကနေပြီးတော့ မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတဲ့ အခြေနေကို ကြုံနေရတယ်။ တက္ကသိုလ်တွေ စာသင်ကျောင်းတွေကို စစ်အခြေစိုက်စခန်းတွေ လုပ်ထားတာကို ကျနော်တို့ ကျောင်းသားတွေအနေနဲ့ ရင်နှင့်ဖွယ်ရာတွေ့ကြုံနေရတယ်။ ဒါတွေဟာ ဖောက်ပြန်မှားယွင်းတဲ့ အခြေအနေကြောင့်ပဲဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ဒီလို ရှုမြင်သုံးသပ်ပါတယ်။ အဲဒီတော့ ကျောင်းသားတွေ၊ လယ်သမားတွေ၊ အလုပ်သမားတွေကို လက်ရှိအခင်းအကျင်း ၊ လက်ရှိ အထွေထွေပြဿနာပေါင်းစုံကနေပြီးတော့ ခေါ်ယူနေတဲ့အခြေအနေမျိုးကိုလည်း ကျနော်တို့ မြင်တွေ့နေရတဲ့ အခြေအနေမျိုးဖြစ်နေတယ်။”

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ)နှင့် း(သန်လျင်)မှ ကျောင်းသား/သူများစုဝေးပြီး ကျောင်းသားသမဂ္ဂအဆောက်အဦးရင်ပြင်ကို သွားရောက်အလေးပြုကြတာကို ဦးဆောင်ခဲ့သူ ဗကသကျောင်းသား ခေါင်းဆောင်ဟောင်းတဦးဖြစ်တဲ့ အိုးဝေပညာဒါနသင်တန်းကျောင်း တာဝန်ခံက ကိုမင်းသွေးသစ်က ယနေ့ခေတ် လူငယ်မျိုးဆက်သစ်လူငယ်တွေ စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်ခဲ့တဲ့ ခေတ်အဆက်ဆက်က ကျောင်းသားသမိုင်းကို သိဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

အာဏာရှင်စစ်အစိုးရအဆက် ကျောင်းသားလူငယ်တွေ ဒီမိုကရေစီအင်အားစုတွေနဲ့ အခွင့်အရေးလှုပ်ရှားသူတွေကို နည်းမျိုးစုံနဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံခဲ့ရတာကြုံခဲ့ရသလို အခုအရပ်သားအစိုးရလက်ထက်မှာ ဒီမိုကရေစီစံနှုန်းတွေ မပြည့်မှီသေးသလို သမိုင်းတရားခံမဖြစ်အောင် လက်ရှိတိုင်းပြည်ကြုံနေရတဲ့အခက်အခဲတွေကို ပြည်သူတွေနဲ့လက်တွဲဖြေရှင်းပါလို့ ကိုမင်းသွေးသစ်က တိုက်တွန်းပါတယ်။

“ ဒီရင်းမြစ်တွေသည် အာဏာရှင်စနစ်ဆိုးအောက်ကနေ မြစ်ဖျားခံလာရတာဖြစ်တယ်။ အချိန်ကြာလာလေ ရှင်းတဲ့အခါမှာ ဒါက ပြဿနာ ပိုကြီးလာမှာဖြစ်တဲ့အတွက် လက်ရှိအစိုးရကြုံနေရတာလို့ ကျနော်တို့ မြင်တယ်။ ဒီကြားထဲမှာ သွေဝေနေတဲ့ ပုံစုံတွေ ရင်ကြားစေ့ရေးကို ထိခိုက်မှာ စိုးတဲ့အတွက် ဖြစ်နေတဲ့ပုံစုံတွေ ဒါတွေကိုပဲ ကျောင်းသားတွေက ပြောနေကြတာပါ။ သမိုင်းမှာတော့ အာဏာရှင်အစိုးရ အဆက်ဆက်က အာဏာယူခဲ့တဲ့ အတွက် ကျနော်တို့ မှားခဲ့ပြီးသွားပြီပေါ့။ အဲဒီသမိုင်းသင်ခန်းစာတွေကို ယူပြီးတော့ လူထုက ဘာကို လိုလားတယ်၊ ဒီနိုင်ငံက ဘယ်လိုပုံစံ သွားချင်တယ်။ ဒီနိုင်ငံရဲ့အခြေအနေ culture က ဘယ်လိုရှိတယ်ဆိုတာကို အခြေအနေမှန်သိပြီးတော့ လူထုနဲ့အတူ လက်တွဲပြီးတော့ ချီတက်မှသာလျင် အဆင်ပြေမယ်လို့ အကြံပြုချင်ပါတယ်။ ကျနော်တို့နိုင်ငံမှာ နောက်ထပ်နောက်ထပ် ထပ်ပြီးတော့ ဒီလိုအဖြစ်ဆိုးတွေ သမိုင်းအမဲစက်တွေ ထပ်ပြီးတော့ မဖြစ်စေချင်တော့ပါဘူး လို့ပြောချင်ပါတယ်။”

ဒီကနေ့ ဇူလိုင်လ ၇ရက်နေ့ မနက် ပိုင်းကစလို့ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ၁၉၆၂ခုနှစ် 7th July မှာ ကျဆုံးခဲ့တဲ့ကျောင်းသားတွေကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်တက္ကသိုလ် စိုက်ပျိုးရေးမှတ်တိုင်ကနေ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦးဟောင်းရင်ပြင်အထိ ကျောင်းသားတွေ အလံတွေ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာလမ်းလျှောက် ချီတက်အလေးပြုခဲ့ကြပေမဲ့လို့ ကျောင်းတာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေဘက်ကတော့ နှောင့်ယှက်ဟန့်တား တာမရှိခဲ့ပါဘူး။ ၅၇နှစ်မြောက် 7July သမိုင်းကြောင်းကို ဟောပြောကြ ကဗျာရွတ်ဆိုခဲ့ကြတာကို ကျောင်းသားမျိုးဆက်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဒီမိုကရေစီအင်အားစုတွေ တက်ရောက်နားထောင်ခဲ့ကြပြီး အဆောက်အဦးရင်ပြင်ကို အလေးဂါရဝပြုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG