သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

7 July ၅၇ နှစ်ပြည့် အမှတ်တရစကား


ရန်ကုန်တက္ကသိုလ်ဝန်း အဓိပတိလမ်းမနောက်ခံနဲ့ ၇ ဇူလိုင် အမှတ်တရ ချီတက်ပွဲ (ဇူလိုင်လ၊ ၇ ရက်၊ ၂၀၁၅)
ရန်ကုန်တက္ကသိုလ်ဝန်း အဓိပတိလမ်းမနောက်ခံနဲ့ ၇ ဇူလိုင် အမှတ်တရ ချီတက်ပွဲ (ဇူလိုင်လ၊ ၇ ရက်၊ ၂၀၁၅)

ဒီကနေ့ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးတဲ့နောက် ရန်ကုန်တက္ကသိုလ်နယ်မြေမှာ ကျောင်းသားတွေရဲ့သွေး မြေကျခဲ့တဲ့ ကျောင်းသားအများအပြား သေဆုံးခဲ့ရတဲ့ 7 July ဖြစ်ရပ် ၅၇ နှစ် ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။

ကျောင်းသား အများအပြား သေစေခဲ့တဲ့ ဒီ 7 July လို ဖြစ်ရပ်မျိုးတွေကြောင့် မြန်မာနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံတွေ ထက်တောင် နိမ့်ကျသွားခဲ့တဲ့အဖြစ်ကို ရောက်ခဲ့ရတယ်လို့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဒေါက်တာ ဆလိုင်းထွန်းသန်းက ပြောပါတယ်။ လက်ရှိအခြေအနေတွေအရ 7 July လို ဖြစ်ရပ်မျိုး နောက်ထပ် ပြန်ပေါ်မလာနိုင်ဘူးလို့လည်း ယတိပြတ် မပြောနိုင်သေးကြောင်း သူကဆိုပါတယ်။ အခုအခါမှာ အသက် ၉၂ နှစ် ရှိနေပြီဖြစ်တဲ့ ပါမောက္ခ ဆလိုင်းထွန်းသန်းကို ကိုဉာဏ်ဝင်းအောင်က မေးမြန်းရာမှာ 7 July နဲ့ပတ်သက်လို့ ခုလို စပြောပါတယ်။

ပါမောက္ခ ဆလိုင်းထွန်းသန်း။ ။ "7 July ဆိုတဲ့ ဥစ္စာက ဇူလိုင်လ ၇ ရက်နေ့မှာ ကျောင်းသားတွေ အသတ်ခံခဲ့ရတာ။ အဲ့ဒါ ဘယ်လိုလဲဆိုတော့ ဘယ်ခေတ်မှာပဲ ဖြစ်ဖြစ် လူကြီးတွေက ငြိမ်နေကြတာ အစိုးရက မတရားသည်ဖြစ်စေ၊ တရားသည်ဖြစ်စေ။ အဲ့တော့ ဗိုလ်နေဝင်းရဲ့အစိုးရဟာ ဘာမှ... ချီးကျူးစရာလည်း မရှိဘူး.... ဆုတ်ယုတ်နေတယ်ဆိုတဲ့ဟာကို ကျောင်းသားတွေက သိတဲ့အခါကျတော့ အဲဒါ လှုပ်ရှားလာတယ်။ လှုပ်ရှားလာတဲ့ အခါကျတော့ ဇူလိုင်လ ၇ ရက်မှာ ကျောင်းသားတွေက ကျောင်းသားသမဂ္ဂမှာ သူတို့ စုဝေးနေကြတယ်။ ကျောင်းသား သမဂ္ဂကြီး ဖြိုခွဲလိုက်ပြီတဲ့။ တခါမှ ဒါမျိုးမဖြစ်ဖူးဘူး။ ဘယ်နိုင်ငံမှလည်း မဖြစ်ဖူးဘူး။ ဒါဟာ ကျောင်းသားတွေရဲ့ သူတို့ရဲ့ လုပ်ရပ်ကို ရပ်တန့်အောင် သူတို့က တမင်လုပ်ချလိုက်တဲ့ သဘောပဲလို့ ကျနော်က အဲလိုပဲ အောက်မေ့တယ်။"

ကိုဉာဏ်ဝင်းအောင်။ ။ "ဟုတ်ကဲ့ ဆရာ၊ အဲဒီတော့ ဒီ 7 July ဖြစ်ရပ်ကြောင့်ပေါ့လေ ဒီတိုင်းပြည်မှာ ဘယ်လိုတွေ နစ်နာဆုံးရှုံးမှု ဖြစ်စေခဲ့လဲ ခင်ဗျ။"

ပါမောက္ခ ဆလိုင်းထွန်းသန်း။ ။ "7 July ဆိုတာ ကျနော်ထင်တယ်လေ... ဒါမျိုးလှုပ်ရှားမှုက ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်ကတည်းက လုပ်ခဲ့တာပဲ။ အင်္ဂလိပ်က အဲဒါမျိုး မလုပ်ပါဘူး။ ကျနော်တို့ အချင်းချင်းပဲ လုပ်ကြတာ။ ကျနော်တို့ အချင်းချင်း ဘာကြောင့်လုပ်သလဲလို့ ဆိုလို့ရှိရင် အဲဒါ အာဏာရှင်ရဲ့ သင်္ကေတပဲ။ သူတို့ပြောတော့ ဂျောက်ကမ်းပါးပေါ်က ကျတော့မှာ မို့လို့တို့၊ တိုင်းပြည်ကြီး လက်နှသစ်အလိုမှာ စစ်တပ်က ဝင်ကယ်တယ်လို့ ပြောတာပဲ။ ကျနော်ကတော့ အဲဒီ လက်နှသစ်အလိုမှာ သူတို့က ကန်ချလိုက်တယ်လို့ပဲ ကျနော်မြင်ပါတယ်။ ကျောင်းသားတွေကို မလှုပ်ရှားရဲအောင် .. ငါတို့လုပ်တာ အမှန်ချည်းပဲကွ။ မင်းတို့ကောင်တွေ သတ္တိရှိရင် လုပ်ကြအုံးဟ ဆိုပြီးတော့မှ တခါတည်းနဲ့ လုပ်လိုက်တဲ့သဘောဟာ ကျနော်ထင်တယ် ကျောင်းသားတွေအတွက်ရော၊ တိုင်းပြည်အတွက်ရော နောက်ပြီးတော့ အနာဂတ် ဗမာပြည်ရဲ့ သမိုင်းမှတ်တမ်းမှာရော တကယ့် အမဲစက်ကြီး ထင်ကျန်ရစ်ခဲ့တာပဲ။ ကျနော်တော့ အဲလိုပဲ မြင်တယ်။"

ကိုဉာဏ်ဝင်းအောင်။ ။ "အဲဒီတော့ဆရာ 7 July ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ ဘယ်လို သင်ခန်းစာ ယူသင့်ပါသလဲ။"

ပါမောက္ခ ဆလိုင်းထွန်းသန်း။ ။ "သင်ခန်းစာ ယူသင့်တာကတော့ ကျနော်တို့ ကျောင်းသားလူငယ်ဆိုတာ နောင်ကျနော်တို့ နေရာကို ယူမယ့် လူတွေလေ။ ပြီးတော့ နောင်တခေတ်ရဲ့ ခေါင်းဆောင်တွေ..... အဲလို နောင်တခေတ်ရဲ့ ခေါင်းဆောင်တွေကို ကျနော်တို့က ဘယ်တော့မှ မဖျက်ဆီးအပ်ဘူး။ အဲလို ဖျက်ဆီးတဲ့အတွက်ကြောင့် ကျနော်တို့ အမျိုးမျိုးပဲ တိုင်းပြည်မှာ ဖြစ်ခဲ့ရတယ်။ ထက်မြက်တဲ့လူတွေကို သတ်လိုက်တဲ့ သဘောပဲ။ အဲဒီတော့ ကျနော်တို့ ဗမာပြည်ဟာ ဘယ်တော့မှ သူများနဲ့တန်းတူ မလိုက်နိုင်ဘူး။ ဘယ်ဟုတ်မလဲ လာအိုတောင် ကျနော်တို့ထက် တက်သွားပြီ။ ကျနော်တို့အောက်မှာ ကြမ်းပြင်ပဲ ရှိတော့တယ်။ အဲဒီလိုဖြစ်သွားတယ်။

အဲဒီတော့ နောင်ကာလကို အုပ်ချုပ်မယ့်လူတွေကို ကျနော်တို့ ပျိုးထောင် ပေးသင့်တယ်။ ဒီမှာ(အမေရိကန်မှာ)ဆို ကျောင်းသားသမဂ္ဂ ဆိုလို့ရှိရင် တခါတည်းနဲ့ သူတို့ လွတ်လွတ်လပ်လပ် စကားပြောတဲ့နေ့တွေ၊ တခါတည်း တကယ့် ကမ္ဘာ့ကျော်ပုဂ္ဂိုလ်တွေကို ဖိတ်ပြီးတော့မှ အဲဒီ ကျောင်းသားသမဂ္ဂမှာ စကားပြောခိုင်းတာတွေ မင်းဘယ်လို အယူအဆပဲရှိရှိ မင်းဘယ်လိုမှ ငါနဲ့ မတည့်ရင်နေပါစေ၊ ဒို့ဟာ လက်တွဲသွားနိုင်ရမယ်ဆိုတဲ့ သဘောမျိုး စိတ်ဓာတ်ရှိတယ်။ အဲဒါ ခိုင်မာတဲ့စိတ်ဓာတ်၊ အင်မတန်မှ ရင့်ကျက်တဲ့ စိတ်ဓာတ်ပဲ။ ကျနော်တို့ ဗမာမှာက အဲဒါမျိုး စိတ်ဓာတ်မရှိဘူး။ အဲတော့ အဲစိတ်ဓာတ်ကို မွေးဖို့ လိုတယ်။ နောင်ကို ဒါမျိုးမဖြစ်အောင် ကျနော်တို့က ကြိုးစားရမယ်။"

ကိုဉာဏ်ဝင်းအောင်။ ။ "အဲဒီတော့ ဒီလက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေတွေကို ကြည့်ရင် 7 July လို ရုပ်ဆိုးဖွယ်ရာ ဖြစ်ရပ်ဆိုးမျိုး နောက်ထပ် ဖြစ်မလာနိုင်တော့ဘူးလို့ ပြောလို့ရနိုင်ပြီလား ခင်ဗျ။"

ပါမောက္ခ ဆလိုင်းထွန်းသန်း။ ။ "အဲ..... အဲဒါ မပေါ်နိုင်ဘူးလို့တော့ ကျနော်တော့ ရဲရဲကြီးတော့ မပြောရဲဘူးပေါ့ဗျာ။ ဘာကြောင့်လဲဆိုရင် ကြည့်...လောလောဆယ် အခြေအနေအရ စင်ပြိုင်အစိုးရဖြစ်နေကြတာ။ ဘာပဲပြောပြော ဒေါ်စုက တခုလုပ်တယ်... နောက်ကနေ လိုက် ဖျက်တယ်။ ဒေါ်စု ဘာပဲ အကောင်းလုပ်လုပ် နောက်ကနေ လိုက်ဖျက်တယ်။ ဘာလို့လဲဆိုတော့ ဒေါ်စုကို လူထုက မကြိုက်အောင်လို့ ဒေါ်စုကို လူတွေက ပုန်ကန်ရမယ်။ အဲဒါမျိုး ပုန်ကန်အောင်လို့ သူတို့က တမင်ကို လိုက်လုပ်နေတာ။ အဲဒီတော့ ဒါတော့ မလုပ်ကောင်းဘူး လို့တော့ ကျနော်ထင်တယ်။ ပြီးတော့ ဥပဒေကို ကျွမ်းကျင်တဲ့သူဆိုလို့ရှိရင် သတ်ပလိုက်တာပဲ။ အဲဒီတော့ ဒါမျိုးတွေတော့ မလုပ်အပ်ဘူး။ ဗမာလို့တောင် မပြောချင်တော့ဘူး ကိုယ့်ဟာကိုယ်၊ အဲဒါမျိုးတွေ မဖြစ်အောင်။ ကျနော်တို့ကတော့ ဆုပဲတောင်းနေတယ် နောက်ဆုံးကျတော့ ရှင်းရှင်း ပြောရမယ်ဆိုရင်တော့။"

ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ကျောင်းသားသမဂ္ဂ တကသ အဆောက်အဦးကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲခဲ့လို့ ကျောင်းသား ရာချီသေဆုံးခဲ့ရတဲ့ 7 July အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ အဲဒီအချိန်အစိုးရကတော့ သေဆုံးသူကျောင်းသား ၁၈ ဦးသာ ရှိခဲ့တယ်လို့ ဆိုပေမယ့် မျက်မြင်သက်သေ တွေကတော့ သေဆုံးသူကျောင်းသား ဒီထက်မက ပိုများတယ်လို့ ဆိုကြပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ အဲဒီအချိန်က စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ ဒုတိယခေါင်းဆောင် ဗိုလ်မှူးချုပ် အောင်ကြီးတို့ကတော့ တယောက်နဲ့တယောက် အပြန်အလှန် စွပ်စွဲနေခဲ့ကြပြီး ဘယ်သူကမှ ပြတ်ပြတ်သားသား တာဝန်ခံမှု မရှိခဲ့ပါဘူး။

7 July ၅၇ နှစ်ပြည့် အမှတ်တရစကား
please wait

No media source currently available

0:00 0:05:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG