သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော် သက်ငယ်မုဒိမ်းမှု အမှုမှန်ပေါ်ရေး လူပေါင်းထောင်ချီဆန္ဒပြ


နေပြည်တော် သက်ငယ်မုဒိမ်းမှု အမှုမှန်ပေါ်ရေး ရန်ကုန်မှာ ဆန္ဒပြနေပုံ (ဇူလိုင်၊ ၀၆၊ ၂၀၁၉)
နေပြည်တော် သက်ငယ်မုဒိမ်းမှု အမှုမှန်ပေါ်ရေး ရန်ကုန်မှာ ဆန္ဒပြနေပုံ (ဇူလိုင်၊ ၀၆၊ ၂၀၁၉)

နေပြည်တော်က ပုဂ္ဂလိက မူကြိုကျောင်းမှာ နှစ်နှစ်ကျော်အရွယ် ကလေးငယ် တဦး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုအတွက် တရားမျှတမှု ရရှိရေး တောင်းဆိုတဲ့ အနေနဲ့ ရန်ကုန်အပါအဝင် မြို့ကြီးတချို့မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က မှုခင်းရဲတပ်ဖွဲ့ CID ရုံးချုပ်ရှေ့က ဆန္ဒပြပွဲမှာတော့ မိဘတွေ၊ လူငယ်တွေ၊ အနုပညာရှင်တွေ အပါအဝင် လူပေါင်းထောင်ချီ ပါဝင်ခဲ့ကြတာပါ။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဆန္ဒပြကြွေးကြော်သံများ- (ကလေးငယ်တွေရဲ့ ဘဝလုံခြုံရေး၊ ကလေးငယ်လေးတွေအတွက် လွတ်လပ်လုံခြုံတဲ့ဘဝကို ဖန်တီးပေးရေး တို့အရေး တို့အရေး ဗစ်တိုးရီးယား အတွက် တရားမျှတမှုကို ရှာဖွေပေးရေး တို့အရေး တို့အရေး နောက်ထပ် ဗစ်တိုးရီးယားများ အလိုမရှိ)

ဒီနေ့မနက် အစောပိုင်းက စတင်ခဲ့တဲ့ ဆန္ဒပြပွဲမှာတော့ ထောင်ချီတဲ့လူတွေက အဖြူရောင်အကျီတွေ ဝတ်ဆင်ပြီး အင်းစိန်မြို့နယ်၊ ကျောက်တော်ကြီး ဘုရားကနေ CID ရုံးချုပ်ရှေ့ကို ချီတက်ခဲ့ကြတာပါ။ နေပြည်တော်မှာရှိတဲ့ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းမှာ မေလတုန်းက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားခံခဲ့ရတယ်လို့ဆိုတဲ့ ၂ နှစ်ကျော်အရွယ် ကလေးငယ်ရဲ့ အမှုမှာ သံသယရှိသူ ယာဉ်မောင်းတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပေမဲ့လည်း တလကျော် ကြာလာတဲ့ အချိန်အထိ အမှုမှန် မပေါ်သေးတဲ့အပေါ် အများပြည်သူကြားမှာ မကျေနပ်ချက်တွေ ပေါ်ပေါက်လာနေတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့က ဆန္ဒပြပွဲွမှာ ဦးဆောင်သူတဦးဖြစ်တဲ့ ဒေါက်တာအောင်ထိုက်မင်း ကလည်း တရားမျှတမှုရဖို့ လိုလားတဲ့အကြောင်း CID ရုံးချုပ်ရှေ့က ဆန္ဒပြပွဲမှာ တောင်းဆိုခဲ့တာပါ။

"သတင်းစာရှင်းလင်းပွဲမှာ ကျနော်တို့ နားထောင်လိုက်တဲ့အခါမှာ DNA ရလဒ်ဟာမခိုင်လုံဘူးလို့ တဘက်မှာလည်းပြောသွားတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးလေးရဲ့ အင်္ကျီ၊ ဘောင်းဘီတွေကို ရေစိမ်လိုက်တဲ့အတွက်ပေါ့။ ဒါပေမဲ့ တပြိုင်နက်တည်းမှာပဲ ဒီ DNA ရဲ့ ရလဒ်ဟာ ကျောင်းအုပ်ရဲ့ ကလေး နှစ်ယောက် လုံးဝမဟုတ်ပါဘူးလို့လည်း ပြောသွားတယ်။ အဲ့တော့ ကျနော်တို့က DNA ရဲ့ ရလဒ်ကို ယုံသင့်လား၊ မယုံသင့်ဘူးလားပေါ့နော်။ ဒါဟာ ကျနော်တို့အတွက် သံသယဖြစ်စရာ ရှိတယ်။ မရှင်းလင်းဘူးပေါ့။ ဒီ တရားခံ အောင်ကြီးဟာဆိုရင် ကျနော်တို့ သံသယရှိတယ်လို့ ယူဆပြီးတော့ ယမန်ယူပြီးတော့ စစ်ဆေးခဲ့တာပေါ့နော်။ သက်သေအထောက်အထား မခိုင်လုံလို့ ပြန်လွှတ်ပြီးခါကျမှ အခု ပြန်ပြီးတော့ ဒီလူ့ကိုပဲ တရားခံ အနေနဲ့ စွဲချက်တင်တဲ့ အချက်ကလည်း ကျနော်တို့အတွက်နည်းနည်း မသဲမကွဲဖြစ်ရတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ဒီထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့၊ တာဝန်ခံမှုရှိရှိနဲ့ ထုတ်ပြန်စေချင်တာပါ။"

လူငယ်တွေ၊ အနုပညာရှင်တွေ ကလေးမိဘတွေလည်း ပူးပေါင်း ပါဝင်ခဲ့ကြတဲ့ ရန်ကုန်မြို့ ဆန္ဒပြပွဲမှာတော့ စော်ကားခံခဲ့ရတဲ့ ကလေးငယ်အတွက် တရားမျှတမှု ရရှိရေး၊ ကလေးငယ်တွေ ဘေးကင်းလုံခြုံရေး စာသားတွေ ပါဝင်တဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ၆ နှစ်အရွယ် သမီးငယ်ရဲ့ ဖခင်ဖြစ်သူ ကိုအောင်စိုးထိုက်ကတော့ သူပူးပေါင်းပါဝင်ဖြစ်တဲ့ အကြောင်းကို အခုလို ရှင်းပြပါတယ်။

"နှစ်ချက်ပေါ့နော်။ ပထမတချက်က ကျနော်တို့ကိုယ်နှိုက်လည်း သမီး ခြောက်နှစ် သမီးလေးရှိတယ်ပေါ့နော်။ အဲ့တော့ ကျနော်တို့အနေနဲ့ အဲ့ဒါကြောင့်မို့လည်း ဝင်ပါဖြစ်တယ်။ နောက်တခုကလည်း ဒီကိစ္စက ကျနော်တို့က ဒီ Victoria ပြဿနာမှာ ကျနော်တို့က အုံးကနဲ မီးမောင်းထိုးပြလိုက်သလို ဖြစ်တာပေါ့နော်။ ဖြစ်နေတာ ကြာပြီ။ အဲတော့ အခုဖြစ်တဲ့ ပြဿနာမှာလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံတွေကို ပြည်သူလူထု အားမလို၊ အားမရ ဖြစ်တာရယ်၊ နောက် မယုံကြည်တာရယ်။ အဲဒါက ပိုပြီးတော့ ခံစားချက်တွေ ပိုများတာပေ့ါနော်။ Victoria ပြဿနာကို နံပတ် တစ်၊ ကျနော်တို့ အနေနဲ့လည်း အမှန်အတိုင်းဖြစ်ဖို့ ကျနော်တို့လိုလားတယ်။ အဲလိုပဲ ဒီလိုကိစ္စမျိုးကို နောင်နောင်မဖြစ်အောင် ကျနော်တို့ သားသမီးတွေ လက်ထက်ကျရင် ဒီလို ကိစ္စမျိုးတွေ ထပ်ပြီး မပေါ်ပေါက်လာအောင် ကျနော်တို့ မိဘအနေနဲ့ ဝင်ပြီး ပူးပေါင်းတာ ဖြစ်တယ်။ အခုက ကျနော်တို့အနေနဲ့ ဒီ ခေတ်ကာလက ပြောင်းသွားပြီ၊ အစိုးရလည်း ပြောင်းသွားပြီ။ ဒီမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ သူတို့ရဲ့ အကျင့်စရိုက်တွေလည်း၊ အကျင့် သိက္ခာတွေလည်း ပြောင်းဖို့လိုပြီ။"

ဒီကနေ့မှာပဲ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာလည်း အလားတူ တရားမျှတမှုရရှိရေး ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခဲ့ကြသလို၊ မန္တလေးမြို့နဲ့ စင်ကာပူရောက် မြန်မာနိုင်ငံသားတချို့ကလည်း အလားတူ ဆန္ဒပြလှုပ်ရှားဖို့ စီစဉ်နေကြပါတယ်။

ရန်ကုန်မြို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ကိုအောင်စိုးထိုက်ကတော့ ဒီလိုလူထု လှုပ်ရှားမှုတွေကနေ တရားမျှတမှုကို ဆောင်ကျဉ်းပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးကတော့ အမှုနဲ့ ပတ်သက်လို့ အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ဖို့ ညွှန်ကြားထားကြောင်း နေပြည်တော်မှာ မနေ့တုန်းက သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။ တချိန်တည်းမှာပဲ အမှုမှန် ပေါ်ပေါက်ရေး တိုက်တွန်းမှုတွေကို ကြိုဆိုပေမဲ့လည်း လူမှုကွန်ရက်တွေမှာ မှတ်ချက်ပေး ရေးသားဖော်ပြမှုတွေမှာတော့ ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့လည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG