သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရအပေါ် ဖိအားပေးရေး ဗြိတိန်အမတ်တွေကို တိုက်တွန်း


စစ်အစိုးရအပေါ် ဖိအားပေးရေး ဗြိတိန်အမတ်တွေကို တိုက်တွန်း
စစ်အစိုးရအပေါ် ဖိအားပေးရေး ဗြိတိန်အမတ်တွေကို တိုက်တွန်း

နိုဝင်ဘာ ၇ ရက်နေ့ကျရင် ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိသလို ဒီရွေးကောက်ပွဲကနေ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အတွက် လမ်းစလည်း မမြင်ဘူးလို့ ဗြိတိသျှ အာဏာရပါတီ ညွန့်ပေါင်းအဖွဲ့ထဲက လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီ ရစ်ချာ့ဒ် ဘရောင်း (Jeremy Richard Browne) က ပြောပါတယ်။ ဒါ့ကြောင့် စစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံ သလို အတိုက်အခံတွေ ကြိုးစားနေကြတဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကိစ္စတွေမှာ ဘယ်လို ကူညီပေးရမလဲ ဆိုတာကိုလည်း လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီးက ကမ်းလှမ်းလိုက်တယ်လို့ NLD-LA အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-လွတ်မြောက်နယ်မြေရဲ့ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ဗြိတိန်နိုင်ငံ လီဗာပူးမြို့မှာ ကျင်းပနေတဲ့ လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ ညီလာခံကို တက်ရောက်နေတဲ့ ဦးညိုအုန်းမြင့်နဲ့ လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီ ရစ်ချာ့ဒ် ဘရောင်းတို့ စက်တင်ဘာလ ၁၉ ရက် မနေ့က တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးစဉ်တွင်း အခုလို ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြောလိုက်တာလည်း ဖြစ်ပါတယ်။

“အဓိကကတော့ ဗိုလ်ချုပ်သန်းရွှေလုပ်မယ့် ရွေးကောက်ပွဲက တရားမျှတမှုလည်း မရှိဘူး၊ အင်မတန်မှ ရှက်စရာလည်း ကောင်းတယ်၊ ဒီ့အတွက်ကြောင့် မြန်မာပြည်မှာ ဒီရွေးကောက်ပွဲ ဆိုတာကနေပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့ သူတို့အနေနဲ့ မမြင်ဘူးဆိုပြီး ကျနော့်ကို ပြောပါတယ်။ မြန်မာပြည်မှာ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ကိစ္စမှာ သူတို့ ဗြိတိသျှ အစိုးရဘက်ကနေ ဘာဆောင်ရွက်ပေးရမလဲ ဆိုတဲ့ အချက်ကို သူ့အနေနဲ့လည်း တင်ပြပါတယ်။ မြန်မာပြည်နဲ့ ပတ်သက်လာရင် သူတို့ ဘယ်လိုဆက်ပြီး ဆောင်ရွက်ရမယ်ဆိုတာ သူတို့ဘက်ကနေပြီး အရေးတယူ ဆွေးနွေးတာကိုလည်း တွေ့ရပါတယ်။”

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာဟာ စစ်အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် ဆောင်ရွက်လိုခြင်း မရှိဘူးဆိုတဲ့ သဘောလို့ သူတို့ နားလည် လက်ခံထားသလို မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲရေး အမှန်တကယ် ဖြစ်လာအောင် အတိုက်အခံ အင်အားစုတွေနဲ့ ဘယ်လို ပူးပေါင်း ဆောင်ရွက်ရမလဲဆိုတဲ့ အချက်ကိုလည်း လစ်ဘရယ် ဒီမိုကရက် ပါတီ ခေါင်းဆောင်တွေက အဓိက ကြိုစားလိုတယ်လို့လည်း ဦးညိုအုန်းမြင့်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားခြင်းဟာ နအဖရဲ့ အင်မတန်မှ ဆိုးဝါးတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ ဒါမှမဟုတ် နိုင်ငံရေးကို မပြောင်းချင်တဲ့အတွက်ကြောင့် ဒီလို ဘယ်သူမှ ပါလို့မရတဲ့ နိုင်ငံရေး အခင်းအကျင်းတခုကို လုပ်ထားတယ်ဆိုတဲ့ အပေါ်မှာ သူတို့အနေနဲ့ တော်တော်လေး စိတ်လည်းတိုတယ်၊ ဒီအပေါ်မှာလည်း ဒီနေ့ ညီလာခံ လာရောက်တဲ့ နိုင်ငံခြားရေး ဝန်ကြီးရော၊ လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ ဥက္ကဋ္ဌ ကိုယ်တိုင်ကပါ ဒီကိစ္စအပေါ်မှာ အထူးစိတ်ဝင်စားတာကို ကျနော်တို့ တွေ့ရတယ်။ သူတို့ အကုန်သိပါတယ်။ ဒါပေမဲ့ ကျနော်တို့ အဖြေတခုရအောင် ဘယ်လို ရှာဖွေမလဲဆိုတဲ့ အချက်က သူတို့ရဲ့ အဓိက လိုလားချက်ဆိုတာ တွေ့ရပါတယ်။”

စက်တင်ဘာလ ၁၉ ရက်ကနေ ၂၂ ရက်နေ့ထိ လီဗာပူးမြို့မှာ ကျင်းပနေတဲ့ လစ်ဘရယ် ဒီမိုကရက် ပါတီ ညီလာခံမှာ နေအိမ်မှာ ထိန်းသိမ်း ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်မှာလည်း ဖြစ်ပါတယ်။

“အာရှတိုက်မှာ ရှိနေတဲ့ အဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ လစ်ဘရယ်ပါတီများ အဖွဲ့ကနေ ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်စူးပြီးတော့ ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ချီးမြှင့်မယ့် အခမ်းအနားလည်း ရှိပါတယ်။ ကိုယ်စားလှယ် ၂,၀၀၀ လောက် တက်တဲ့နေရာမှာ ကျနော်တို့ အနေနဲ့ ဒီနေ့မနက်မှာ တွေ့ရတာတော့ မြန်မာပြည်ရဲ့ အရေးကို သူတို့ရဲ့ Emergency Motion လို့ခေါ်တဲ့ အရေးပေါ် တင်ပြချက်တခုမှာ ပါဝင်နေတဲ့ အတွက်ကြောင့် ဒါ အင်မတန်မှ ထူးခြားတဲ့၊ မြန်မာပြည်အတွက်လည်း ဘာပဲပြောပြော ကျနော်တို့ အတွက်လည်း အနည်းနဲ့ အများ ဆိုသလို မျှော်လင့်ချက် အပြည်ပြည်ဆိုင်ရာရဲ့ ထောက်ခံမှု ဆိုတာကိုလည်း တွေ့ရပါတယ်။”

လီဗာပူးမြို့မှာ ကျင်းပနေတဲ့ လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ ညီလာခံကို တက်ရောက်နေတဲ့ NLD–LA အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-လွတ်မြောက်နယ်မြေရဲ့ နိုင်ငံခြားရေးရာ တာဝန်ခံ ဦးညိုအုန်းမြင့် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အခြား ပါတီ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ ထပ်မံ တွေ့ဆုံပြီး မြန်မာပြည် ပြုပြင်ပြောင်းလဲရေး ကိစ္စမှာ တရုတ်ပြည် အပါအဝင် ဒေသတွင်း နိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှု အခြေအနေတွေကို ဆက်လက် ဆွေးနွေးသွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG