သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ ရွေးကောက်ပွဲ မြန်မာ့လူထုဆန္ဒ မဖော်ပြနိုင်ဟု ဗြိတိန် ဝေဖန်


Michelle Obama Mother's Day
Michelle Obama Mother's Day

မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ထပ်ဟပ်မှု မရှိတာကြောင့် ဒီလို ရွေးကောက်ပွဲ အခြေအနေကို ဗြိတိသျှအစိုးရ အနေနဲ့ လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ထိုင်းနိုင်ငံကို ၂ ရက်ကြာ ရောက်ရှိနေတဲ့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာန အငယ်တန်းဝန်ကြီး ဂျရယ်မီ ဘရောင်း (Jeremy Browne) က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်း (Kasit Piromya) နဲ့ တွေ့ဆုံအပြီး ဘန်ကောက်မှာ သတင်းထောက်တွေကို မြန်မာနိုင်ငံအကြောင်း ပြောသွားခဲ့တာပါ။

မြန်မာနိုင်ငံတွင်း နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀ ကျော် ရှိနေတာကြောင့် ဒီလို အခြေအနေမျိုးတွေနဲ့တော့ အဓိပ္ပာယ် ပြည့်ဝတဲ့ ရွေးကောက်ပွဲတရပ် ဖြစ်မလာနိုင်ဘူးလို့ သူက ထောက်ပြပါတယ်။ ဗြိတိသျှအစိုးရ အနေနဲ့ကတော့ မြန်မာအစိုးရဘက်ရဲ့ ပြီးခဲ့တဲ့ လုပ်ရပ်တွေ အပေါ်မှာ စိတ်ပျက်မိတယ်လို့ မစ္စတာ ဂျရယ်မီ ဘရောင်းက ပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာ အခုလုပ်တော့မယ့် ရွေးကောက်ပွဲဟာ အများပြည်သူလူထု အမြင်ကို ထင်ဟပ်တဲ့ တရားဝင် ဖော်ပြချက်တရပ်လို့ ကျနော်တို့ မမြင်ပါဘူး။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ အခုလက်ရှိ အခြေအနေကို လက်ခံလို့ မရဘူးလို့ ကျနော်တို့မှာ ခိုင်မာတဲ့အမြင် ရှိထားပါတယ်။”

မစ္စတာဘရောင်းဟာ အခုလအတွင်းမှာပဲ ဗြိတိသျှ ပါလီမန်မှာ မြန်မာနိုင်ငံ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အယုံအကြည် မရှိတဲ့သဘော ပြောခဲ့ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဖမ်းဆီးထိန်းသိမ်း ခံနေရသရွေ့ အခု ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိနိုင်မှာ မဟုတ်ဘူးလို့ ဗြိတိသျှ ပါလီမန်ကို ပြောခဲ့ပါတယ်။

အခုနောက်ပိုင်း နိုင်ငံတကာက အထူးစိုးရိမ်လာနေတဲ့ မြန်မာ၊ မြောက်ကိုရီးယား နျူကလီးယား ဆက်ဆံရေးနဲ့ ပတ်သက်လို့လည်း စိုးရိမ်ကြောင်း မစ္စတာဘရောင်းက သတင်းထောက်တွေကို ပြောခဲ့ပါသေးတယ်။

“ဒါဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှုပါပဲ။ အခုလို ပုံစံမျိုးနဲ့ နျူကလီးယားလက်နက် ပြန့်ပွားတာ လက်မခံနိုင်ဘူးဆိုတာ ကျနော်တို့မှာ ပြတ်ပြတ်သားသား ပြင်းထန်တဲ့ သဘောထား ရှိပါတယ်။ ဒါကြောင့် နိုင်ငံတကာအဆင့်မှာ ဒီကိစ္စကို အပြင်းထန်ဆုံး ကန့်ကွက် ပြောဆိုသွားမှာပါ။”

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ မြောက်ကိုရီးယားဆိုင်ရာ ဆုံးဖြတ်ချက်မှာ မြောက်ကိုရီးယားနိုင်ငံ နျူကလီးယားနဲ့ ဒုံးလက်နက်ဆိုင်ရာ ပြင်ပ အဆက်အဆံ မလုပ်ဖို့ ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။ ဒါကြောင့်လည်း မြောက်ကိုရီးယားဟာ မြန်မာနိုင်ငံရဲ့ နျူကလီးယားနဲ့ ဒုံးလက်နက်ဆိုင်ရာ အစီအစဉ်တွေမှာ ပတ်သက်နေတယ်လို့ စွပ်စွဲချက်တွေ ပေါ်ခဲ့ပြီး ဒီကိစ္စ မှန်ခဲ့ရင် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်တာပဲ ဆိုပြီး နိုင်ငံတကာက ပြစ်တင် ဝေဖန်ထားပါတယ်။ ဒါပေမဲ့ ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ တရားဝင် နိုင်ငံတကာ စုံစမ်းမှုမျိုးတော့ မရှိသေးပါဘူး။

XS
SM
MD
LG