သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီဥက္ကဌ ကြေညာချက် မြန်မာသံအမတ်ကြီး တုံ့ပြန်


ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်း
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်း

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းနေတဲ့ အတွက် လုံခြုံရေးကောင်စီရဲ့ ကြားဝင်ဆောင်ရွက်မှု မလိုအပ်ကြောင်းနဲ့ လုံခြုံရေးကောင်စီဥက္ကဌရဲ့ မြန်မာ့အရေးကြေညာချက်ကို ကန့်ကွက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက တုံ့ပြန် ပြောကြားခဲ့ပါတယ်။

မနေ့ တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ မြန်မာ့အရေးကြေညာချက်နဲ့ ပတ်သက်လို့ မြန်မာဘက်က တုံ့ပြန်ချက်ကို ဗွီအိုအေက မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်းရာမှာ သူကအခုလို စပြောပါတယ်။

သံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချရင်တော့စည်းနှောင်အား ရှိတယ်ပေါ့။ အခုကတော့ Presidential Statement ဆိုတာက ဥက္ကဋ္ဌရဲ့ ကြေညာချက်ဆိုတာက သူ့သဘောထားကို ထုတ်ပြန်လိုက်တဲ့ သဘောပေါ့လေ။ ကျနော်တို့ကတော့ အစကတည်းကတော့ ဒီဟာကို မလိုချင်ပါဘူး။ နောက်လုံခြုံရေးကောင်စီက လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စကို ဝင်ရောက်ပြီးတော့ ကိုင်တွယ်ဖို့ စဉ်းစားဖို့ အခွင့်အာဏာလည်းမရှိဘူးဆိုတော့ အဲလိုသဘောထားတယ်လေ။ သို့သော်လည်း အခုက အပြည်ပြည်ဆိုင်ရာ ဖိအားတွေကတအားများနေတဲ့အခါကျတော့ တခုခုတော့လုပ်ရမယ်ဆိုတဲ့ ဟာနဲ့ သူတို့လုပ်သွားတဲ့ သဘောပါပဲ။ လုပ်နေတယ်ဆိုတဲ့အခါကျတော့ ကျနော်တို့က ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်အစိုးရရဲ့ အခုလုပ်နေတဲ့ လုပ်ငန်းစဉ်တွေအတိုင်းပဲ ကျနော်တို့က လုပ်နိုင်တဲ့ဟာတွေကို ဆက်ပြီးတော့လုပ်သွားမယ် လုပ်သင့်လုပ်ထိုက်တာတွေကို ကျနော်တို့ဆက်ပြီးတော့ လုပ်သွားမှာပါ အဲဒီတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ Resolution မဟုတ်ဘူး သူ့သဘောထားကို ဖော်ပြတဲ့ ကြေညာချက်ဖြစ်တဲ့အခါကျတော့ တစုံတရာ လုံခြုံရေးကောင်စီကအရေးယူဖို့အတွက် အချက်အလက်တွေတော့ မဟုတ်ဘူးဆိုတဲ့ဟာတော့ အလေးအနက်ထားပြီးတော့ ပြောချင်တယ်။ ကျနော်တို့ လုပ်သင့်လုပ်ထိုက်တာတွေကို အစိုးရက အခု လုပ်နေတဲ့ အစီအစဉ်တွေအတိုင်းပဲ ဆက်ပြီးတော့ လုပ်သွားဖို့ ရှိပါတယ်။

မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့၊ လုံခြုံရေးကောင်စီရဲ့ အခုလိုကြေညာချက်အပေါ်မှာ မြန်မာနိုင်ငံအနေနဲ့ ကန့်ကွက်တယ်ဆိုတာ အတိအကျမျိုး ပြောသွားတယ်လို့ ကျမတို့နားလည်ပါတယ်။ ဒီအပေါ်မှာ သံအမတ်ကြီးရော ရှင်းပြလို့ရမလားရှင့်။

သံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ ကျနော်တို့ အစကတည်းက လုံခြုံရေးကောင်စီက ဒီကိစ္စကို ထပ်ပြီးတော့ ဘာမှအရေးယူဆောင်ရွက်ဖို့မလိုဘူးဆိုတာကို ကျနော်တို့အကုန်ပြောထားပြီးသားပါ။ သို့သော်လည်း လုံခြုံရေးကောင်စီထဲမှာပါတဲ့ အနောက်နိုင်ငံအုပ်စုတွေ၊ OIC အဖွဲ့ဝင် နိုင်ငံတွေပေါ့နော် သူတို့အင်အားစုက များတယ်၊ နောက်သူတို့ရဲ့ ဖိအားတွေပေါ့ ၊ ကုလအတွင်းရေးမှူးချုပ်တို့ကိုယ်တိုင်က သူတို့ဘက်ကဖိအားတွေက များနေတဲ့ အခါကျတော့ နောက်ဆုံးတော့ ဒီဟာကို အများဆန္ဒနဲ့ တခုခုကို လုံခြုံရေးကောင်စီက လုပ်ရမယ် ဆိုတဲ့ ဖိအားအခြေခံကြောင့် ဒီလိုဖြစ်သွားတာ လို့ ကျနော်တို့ သဘောပေါက်ပါတယ်။

မအင်ကြင်းနိုင်။ ။အဲဒီမှာ ရှိတဲ့ ဒုက္ခသည်တွေရဲ့အရေး အဲဒီကိစ္စကို ၂ နိုင်ငံ ညှိနှိုင်းဆောင်ရွက်နေတဲ့အနေအထားကို လုံခြုံရေးကောင်စီက ဆွေးနွေးသွားသလို ဘင်္ဂလားဒေ့ရှ်ဘက်က တုံ့ပြန်ပြောဆိုသွားတာကိုလည်းရှိတယ်။ ဒီအပေါ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်က တုံ့ပြန်ပြောဆိုသွားတဲ့အပေါ်မှာ သံအမတ်ကြီးရဲ့ သဘောထားဘယ်လိုရှိပါသလဲရှင့်။

သံအမတ်ကြီး ဟောက်ဒိုဆွမ်း ။ ။ကျနေ်ာတို့ကအခုဆိုရင် တဖက်နိုင်ငံကိုရောက် သွားတဲ့လူတွေကို ပြန်လာဖို့ ကိစ္စတွေလည်း ၂ ဖက် ဆွေးနွေးညှိနှိုင်းနေတယ်၊ ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတဲ့ လုပ်ငန်းအစီအစဉ်တွေဆွေးနွေး ညှိနှိုင်းနေတာဖြစ်တယ်။ မကြာခင် သဘောတူညီချက်ရပြီးတော့ လုပ်ငန်းတွေကို စတင်နိုင်မှာပါ။ ဒီအစီအစဉ်အတိုင်းပဲ ကျနော်တို့ သွားမှာပါ။ ဘင်္ဂလားဒေ့ရှ်ဘက်က ထုံးစံအတိုင်းပဲ ကုလ မှာရှိတဲ့ နယ်ပယ်တိုင်းမှာ ဖိအားတော့ပေးနေတာပဲ။ သို့သော် ကျနော်တို့ ပူးပေါင်းဆောင်ရွက်နေတယ်။ အခုဆိုရင် သူတို့ဘက်က ပြည်ထဲရေးဝန်ကြီးတလောကပဲ လာသွားတယ်။ နိုင်ငံခြားရေးဝန်ကြီးကိုလည်း ဖိတ်ထားတာရှိတယ်၊ ကျနော်တို့ဆီ လာဖို့ရှိတယ်။ ကျနော်တို့ဘက်ကတော့ ဝတ်တရားမပြတ်ပေါ့နော် ၂ နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှုပြီးတော့ ဒီပြဿနာ ပြေလည်အောင် ကျနော်တို့ဘက်ကတော့ အကောင်းဆုံးဆောင်ရွက်နိုင်တာကို ဆောင်ရွက်နေပါတယ်။

မအင်ကြင်းနိုင် ။ ။ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ကြေညာချက်မှာ မြန်မာအစိုးရအနေနဲ့ UN အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အပါအဝင်ပေါ့နော် ၊ စုံစမ်းစစ်ဆေးရေး အချက်အလက်ရှာဖွေရေးအဖွဲ့ကို စေလွှတ်မယ့်ကိစ္စကိုလည်း လက်ခံဖို့ သူတို့တိုက်တွန်းသွားတယ်။ အဲဒီအပေါ်မှာရော သံအမတ်ကြီးရဲ့အမြင်ဘယ်လိုရှိပါသလဲ။

သံအမတ်ကြီး ဟောက်ဒိုဆွမ်း ။ ။အချက်အလက်ရှာဖွေရေးကတော့ လူ့အခွင့်အရေးကောင်စီက ဖော်ပြထားပြီးသားလေ။ ကျနော်တို့အနေနဲ့က ကိုယ့်နိုင်ငံအခြေအနေအရ လောလောဆယ်အဲဒါကို လက်ခံနိုင်တဲ့အခြေအနေမရှိဘူးပေါ့။ ဒီဟာလည်း တိုက်တွန်းတာကို ကျနော်တို့အနေနဲ့က ကိုယ့်နိုင်ငံအခြေအနေကို မူတည်ပြီးတော့မှပဲ အကောင်အထည်ဖော် သွားဖို့ပဲ ရှိမှာပဲ။

မအင်ကြင်းနိုင် ။ ။လုံခြုံရေးကောင်စီကြေညာချက်မှာ ထူးခြားတာက Ethnic cleansing တို့ Genocide တု့ိ ဆိုတဲ့ အခေါ်အဝေါ်တွေကို သုံးစွဲထားတာမတွေ့ရဘူး။ ဒီအပေါ်မှာ သံအမတ်ကြီးရဲ့ အမြင်ရော ဘယ်လိုရှိပါသလဲ။

သံအမတ်ကြီး ဟောက်ဒိုဆွမ်း ။ ။အမှန်ကတော့ ဒီဟာတွေက အခြေအမြစ်မရှိတဲ့ စကားလုံးအသုံးအနှုန်းတွေပေါ့ဗျာ။ သုံးတဲ့လူကလည်း နည်းပါတယ်။ အမှန်အတိုင်းက ကုလမှာလည်း ဒီစကားလုံးအသုံးအနှုန်း နိုင်ငံဆိုတာလည်း လက်ချိုးရေလို့ရပါတယ်။ အများစုကလည်း သိနားလည်နေကြတယ်။ Ethnic cleansing မဟုတ်ဘူး၊ Crime Against Humanity မဟုတ်ဘူးဆိုတာကို အများစုကလည်း သိကြတယ်။ နိုင်ငံရေးအရ ပြောနေကြတဲ့ လက်ချိုးရေလို့ရတဲ့ နိုင်ငံအနည်းငယ်ကသာ ဒီဟာကိုပြောနေကြတာပါ။ ဒီ Presidential Statement ကို သူတို့အထဲမှာ ဒီအမှန်တရားတွေကို ကာကွယ်ပြီးတော့ ပြောဖို့အတွက်လည်း ကျနော်တို့ ရှိမှာပေါ့၊ သူတို့အဖွဲ့ထဲမှာလည်း ရှိမှာပေါ့။"

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းကို မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG