သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေးအခြေအနေ ကုလဆုံးဖြတ်ချက်မူကြမ်း ကန်ထောက်ခံ


(Zawgyi/ Unicode)

မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆုံးဖြတ်ချက်တရပ် ချမှတ်ရေး ကုလသမဂ္ဂမှာ အဆိုပြုလိုက်ပါတယ်။

ကုလသမဂ္ဂ အပါအဝင် ခိုင်လုံတဲ့ စုံစမ်းမှုတွေက ရရှိထားတဲ့ သတင်းအချက်အလက် အစီရင်ခံစာတွေအရ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေ အပါအဝင် နိုင်ငံအဝန်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ဆက်လက်ဖြစ်ပွားနေတဲ့အပေါ် ရှုတ်ချကြောင်းလည်း ဆုံးဖြတ်ချက်ကို ပူးတွဲအဆိုပြုခဲ့တဲ့ အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်တာပါ။

မနေ့တုန်းက ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းထဲမှာတော့ ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ တခြားလူနည်းစုတွေ အပါအဝင် မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး ရရှိအောင် အကာအကွယ်ပေးဖို့နဲ့ လွတ်လပ်ခွင့်တွေ ရရှိရေး တိုက်တွန်းခဲ့တာပါ။ တချိန်တည်းမှာပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ပြီး၊ တာဝန်ရှိသူတွေကို အရေးယူဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ နိုင်ငံတခုချင်းအလိုက် ဆုံးဖြတ်ချက်ချမှတ်ဖို့ ကြိုးပမ်းချက်ကို လက်မခံနိုင်ကြောင်း ကန့်ကွက်ခဲ့တာပါ။

ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ပတ်သက်လို့လည်း ရှုတ်ထွေးတဲ့ အခြေအနေတွေကို ဆုံးဖြတ်ချက် မူကြမ်းထဲမှာ လွဲမှားပြီး ပုံဖော်ထားတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ၂၀၁၇ သြဂုတ်လထဲ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာအစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းရာမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားပြီး၊ ကျုးလွန်သူတွေကို စုံစမ်းဖော်ထုတ်ဖို့လည်း တိုက်တွန်းနေကြတာပါ။

မနေ့တုန်းကပဲ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကလည်း သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စတင်စုံစမ်းဖို့ ခွင့်ပြုလိုက်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်မပြုတဲ့ မြန်မာအစိုးရကတော့ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မကျုးလွန်ခဲ့ကြောင်း ပြောဆိုထားသလို၊ ကျုးလွန်ခဲ့တာတွေကို စုံစမ်းဖော်ထုတ် အရေးယူတာတွေ ရှိခဲ့ကြောင်း ပြောဆိုထားကြပါတယ်။

.....................


(Unicode)






XS
SM
MD
LG