သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အချိုးကျ ရွေးချယ်ရေး (PR) ကိစ္စ ဖွဲ့စည်းပုံ ခုံရုံး ဆုံးဖြတ်မည်


အမျိုးသားလွှတ်တော်
အမျိုးသားလွှတ်တော်

လာမယ့်နှစ်မှာ ကျင်းပမယ်လို့ ပြောဆိုထားတဲ့ ရွေးကောက်ပွဲမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေကို မဲအချိုးကျ ကိုယ်စားပြု စနစ် PR စနစ်နဲ့ ရွေးချယ် တင်မြှောက်ဖို့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ကိုက်ညီမှု ရှိမရှိ ဆုံးဖြတ်ပေးဖို့ တိုင်းရင်းသား အများစု ပါဝင်တဲ့ လွှတ်တော် အမတ်တွေက ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို တင်လိုက်ပါပြီ။ အမျိုးသား လွှတ်တော်မှာ မဲအချိုးကျ ကိုယ်စားပြု စနစ်ကို ကျင့်သုံးရေးနဲ့ ပတ်သက်ပြီး ခုံရုံးရဲ့ ဆုံးဖြတ်ချက်က နောက်ဆုံး အတည်ဖြစ်မှာလည်း ဖြစ်ပါတယ်။ မသိင်္ဂ ီထိုက်က စုစည်းတင်ပြထားပါတယ်။

အမျိုးသား လွှတ်တော်မှာ ကျင့်သုံးဖို့ ဆုံးဖြတ်ထားတဲ့ မဲအချိုးကျ ကိုယ်စားပြု စနစ် PR စနစ်ဟာ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေနဲ့ ကိုက်ညီမှု မရှိဘူး ဆိုပြီး အမျိုးသား လွှတ်တော်တွင်းက တိုင်းရင်းသား လွှတ်တော်အမတ် အများစုနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့က ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌကနေ တဆင့် တင်လိုက်ပြီ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အခုလို ပြောပါတယ်။

" ခုံရုံးကို တင်ရခြင်း ရည်ရွယ်ချက်ကိုက အမျိုးသားလွှတ်တော်မှာ PR စနစ် ကျင့်သုံးခြင်းဟာ အခုလက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီမှု မရှိဘူး လို့ သုံးသပ်လို့ ရတဲ့အတွက်ကြောင့် ခုံရုံးကို အဆုံးအဖြတ် ပြုခိုင်းတာခင်ဗျ။ လွှတ်တော်ဥက္ကဋ္ဌကို တင်တာပါ။ လွှတ်တော် ဥက္ကဋ္ဌကနေ တဆင့် ခုံရုံးကို လိပ်မူတပ်ပြီး တင်ရပါတယ်။ ဥက္ကဋ္ဌဆီကနေ ခုံရုံးဆီ ရောက်မရောက် ဆိုတာတော့ ကျနော်တို့ မသိရသေးဘူး။ အဲ့ဒီ့ကျလို့ရှိရင် ခုံရုံးကို ရောက်ပြီးလို့ရှိရင် ခုံရုံးက ကြားနာပြီးရင် ခုံဖွဲ့၊ ခုံဖွဲ့ပြီးရင် ကျနော်တို့ဆီ ဆင့်စာ ပို့မယ်။ ဆင့်စာပို့ပြီးတဲ့အခါမှာ နှစ်ဖက် ကြားနာမှာပေါ့။ ကျနော်တို့က လျှောက်ထားသူပေါ့။ လျှောက်ထားခံရသူက နိုင်ငံတော်ဖြစ်မှာပေါ့။"

PR စနစ် ကျင့်သုံးတာဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ကိုက်ညီမှု ရှိမရှိ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးရဲ့ အဆုံးအဖြတ်က နောက်ဆုံး အဆုံးအဖြတ် ဖြစ်မှာမို့ မဲအချိုးကျ ကိုယ်စားပြု စနစ်ကို အဆိုပြုချိန်ကစလို့ အတည်ပြုပြီးချိန် အထိ လွှတ်တော်တွင်းမှာ တစိုက်မတ်မတ် ကန့်ကွက်ခဲ့ကြတဲ့ လွှတ်တော် အမတ်တွေ အတွက် နောက်ဆုံး ကြိုးပမ်းချက်လည်း ဖြစ်ပါတယ်။

PR စနစ်ကို အမျိုးသား လွှတ်တော်တွင်းက တိုင်းရင်းသား လွှတ်တော် အမတ် ၂၆ ဦးတို့ လက်မှတ်ထိုးပြီး ခုံရုံးကို တင်လိုက်တာ ဖြစ်ပါတယ်။ ဒီ လက်မှတ်တွေကို ဦးဆောင် ကောက်ယူခဲ့တဲ့ ရခိုင်အမျိုးသား ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က အခုလို ပြောပါတယ်။

"ရခိုင် အမျိုးသားပါတီ ပါတယ်။ ရခိုင်အမတ် ခြောက်ယောက်စလုံး ပါတယ်။ ချင်းက နှစ်ပါတီ ရှိတယ်။ နှစ်ပါတီစလုံး ပါတယ်။ မွန်ဒေသလုံးဆိုင်ရာ ပါတီ။ ဗညားအောင်မိုးတို့ ပါတီလေ။ သူ ပါတယ်။ ရှမ်း-ပါတယ်။ SNDP ကျားဖြူပါတီ။ ကရင်က ဖလုံစဝေါ် ပါတီပါတယ်။ ကရင်နှစ်ပါတီပါတယ်။ နောက် NLD ပါတယ်။ ဝ က မပါဘူး။ "

အမျိုးသား လွှတ်တော်တွင်း မဲအချိုးကျ ကိုယ်စားပြု စနစ် အသုံးပြုဖို့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) က အဆို တင်သွင်းချိန်တုန်းကတော့ တိုင်းရင်းသား လွှတ်တော် အမတ်တွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ အတူ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ကန့်ကွက်ခဲ့တာပါ။

ဒါပေမယ့် အခု ခုံရုံးကို တင်သွင်းတာမှာတော့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ မပါဝင်ပါဘူး။ ရခိုင် အမျိုးသားပါတီ လွှတ်တော် အမတ် ဦးခင်မောင်လတ်က PR စနစ်အပေါ် သူ့ရဲ့ စိုးရိမ်ချက်ကို အခုလို ပြောပါတယ်။

"တိုင်းရင်းသားတွေမှာက ပါတီကလေးတွေပဲ။ ပါတီကလေးတွေဆိုတော့ သူတို့က မဲနည်းနည်းလေးပဲ ရမှာ။ ဟိုက NLD တို့ USDP တို့ ပါတီကြီးတွေ မဲတွေအများကြီး စုပြုံရနိုင်တာပေါ့။ နောက်တချက်ကလည်း ဆွေးနွေးနေတဲ့အထဲမှာ သူတို့ မမှီဘူးလေ။ နေရာ အကျယ်ကြီးမှာ မရှိဘူး။ တချို့တိုင်းရင်းသားပါတီ က နှစ်မျိုး သုံးမျိုးလောက်ပဲ ကိုင်ထားတာ။ တချို့ပါတီဆို တမျိုးပဲ ပိုင်တယ်။ ကိုယ့်ဒေသတွင်း ထဲမှာတောင်မှ။ ဆိုတော့ အဲ့ဒီ့ပါတီကြီးတွေက မဲက တပြည်လုံး အဲ့ဒီ့ရခိုင်ဆို ရခိုင်တပြည်လုံး။ ကရင်ဆို ကရင်တပြည်လုံး။ PR စနစ်ကျင့်သုံးမယ်ဆို မဲက တန်ဖိုးရှိသွားတာကိုး။ ဆိုတော့ အင်အားကြီးတဲ့ပါတီက ပိုတာသွားတာပေါ့။"

လွှတ်တော် အမတ်တွေ ရွေးကောက်တာမှာ မဲအချိုးကျ ကိုယ်စားပြု စနစ် PR စနစ်ကို အသုံးပြု ရွေးကောက်ရင် တိုင်းရင်းသား ပါတီငယ်တွေ အနေနဲ့ လွှတ်တော်တွင်း ကိုယ်စားပြုခွင့် နည်းသွားမှာကို အဓိက စိုးရိမ်နေကြတာပါ။

ဒါပေမယ့် အဓိက အတိုက်အခံ ပါတီကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ PR စနစ်ကို ကျင့်သုံးခဲ့ရင် တိုင်းရင်းသားတွေ တန်းတူ အခွင့်အရေး မရတာ၊ ပါတီငယ်တွေနဲ့ တသီးပုဂ္ဂလ ရွေးကောက်ခံမယ့် သူတွေ အနေနဲ့ ပါတီကြီးတွေနဲ့ ယှဉ်ပြိုင်နိုင်မှုနဲ့ အခွင့်အရေး တန်းတူ မရတာတွေအပြင် ပြုပြင်ပြောင်းလဲရေး အတွက် အားကောင်းတဲ့ အစိုးရ၊ အားကောင်းတဲ့ ဥပဒေ ပြုရေး မဏ္ဍိုင် တို့ကိုလည်း ဖော်ဆောင်နိုင်မှာ မဟုတ်လို့ အခုလို အပြင်းအထန် ကန့်ကွက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG