သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာရှခရီးစဉ်မှာ အမေရိကန် ထိပ်တန်းခေါင်းဆောင်တွေ ဆွေးနွေးမည်


မြန်မာ့အရေး အာရှခရီးစဉ်မှာ အမေရိကန် ထိပ်တန်းခေါင်းဆောင်တွေ ဆွေးနွေးမည်
မြန်မာ့အရေး အာရှခရီးစဉ်မှာ အမေရိကန် ထိပ်တန်းခေါင်းဆောင်တွေ ဆွေးနွေးမည်

ဒီကနေ့ အာရှနိုင်ငံတွေကို ခရီးထွက်မယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ရော၊ ရှေ့လထဲ အာရှသွားမယ့် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တို့ကပါ မြန်မာ့အရေးကိစ္စကို အာရုံစိုက် ဆွေးနွေးမှုတွေ လုပ်လိမ့်မယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်ဖို့ ရက်ပိုင်းပဲ လိုတော့ချိန်မှာ ရွေးကောက်ပွဲတွေက လွတ်လွတ်လပ်လပ်၊ တရားမျှမျှတတ ဖြစ်ပါ့မလား ဆိုတာကို အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ပိုပြီး အာရုံစိုက်လာနေကြတာကို တွေ့ရပါတယ်။ သူတို့အနေနဲ့ ဘယ်လောက် အတိုင်းအတာအထိ မြန်မာ့အရေး ကိစ္စတွေကို လုပ်သွားဖို့ ရှိနေသလဲ ဆိုတာကို ကိုအောင်လွင်ဦးက စုစည်းတင်ပြပေးထားပါတယ်။

ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့ ရွေးကောက်ပွဲ အပါအဝင် မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာတွေနဲ့ ပတ်သက်လို့ အာရှက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ အမေရိကန် အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ အခုဆိုရင်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ နိုဝင်ဘာလ ၈ ရက်နေ့အထိ အာရှ၊ ပစိဖိတ် ဒေသကို သွားရောက်မယ့် ခရီးစဉ်အတွင်း မြန်မာ့အရေး အာရုံစိုက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီလိုပဲ နိုင်ငံခြားရေးဝန်ကြီး သာမက အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားရဲ့ နိုဝင်ဘာလထဲ အာရှခရီးစဉ်မှာပါ အလားတူ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ မျှော်လင့်ထားတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်က ဝါရှင်တန်မြို့တော် နိုင်ငံခြားရေးဌာနမှာ အင်္ဂါနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုလိုက်တာပါ။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်။ မေ ၁၀၊ ၂၀၁၀။
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်။ မေ ၁၀၊ ၂၀၁၀။

“ကျနော်တို့ရဲ့ တွေ့ဆုံမှုတွေတိုင်း လိုလိုမှာ မြန်မာ့အရေးကို ပြောဆိုဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လာမယ့် ရွေးကောက်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာ အပါအဝင် နိုင်ငံရေးအရ တိုးတက်မှုတွေ မြန်မာနိုင်ငံထဲမှာ ထွက်ပေါ်မှာကို ကျနော်တို့ အနေနဲ့ အလေးအနက် အာရုံစိုက်ထားတယ် ဆိုတာလည်း ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ အခုခရီးစဉ်နဲ့ မကြာခင် သွားဖို့ရှိနေတဲ့ သမ္မတရဲ့ အာရှခရီးစဉ်တွေ အတွင်းမှာ ထုတ်ပြန်ကြေညာချက်တွေ၊ တုံ့ပြန်ချက်တွေ ထွက်ပေါ်လာမယ်လို့လည်း မျှော်လင့်နိုင်ပါတယ်။”

ဒေသတွင်းမှာ လတ်တလော ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း မြန်မာစစ်အစိုးရရဲ့ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိဖို့နဲ့ အားလုံး ပါဝင်နိုင်ခွင့်ရှိပြီး အများက လက်ခံနိုင်တဲ့ အခြေအနေမျိုး ဖြစ်ဖို့ လိုမယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။

ရွေးကောက်ပွဲအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေဟာ ဒီမိုကရေစီ အခြေခံတွေ ကင်းမဲ့နေတယ်၊ တရားမျှတမှု မရှိဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အပါအဝင် အဓိက နိုင်ငံရေး အင်အားစု တချို့က မှတ်ပုံတင်ပြီး ပါဝင်ယှဉ်ပြိုင်တာတွေ မလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒီအတွက် စစ်အစိုးရ ခေါင်းဆောင်တွေ ဦးဆောင်ပါဝင်ပြီး အဖွဲ့ဝင် အများဆုံးနဲ့ မဲဆန္ဒနယ်မြေ အများအပြားမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေနဲ့ ကြုံနေရတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံရေး အင်အားစုတွေ ကျယ်ကျယ်ပြန့်ပြန့် မပါဝင်နိုင်ဘဲ ဖြစ်နေတဲ့ ရွေးကောက်ပွဲမှာ မဲပေးကြမယ့် သူတွေအတွက် ရွေးချယ်ခွင့်ကတော့ ရှိနေမြဲ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ထားတဲ့အကြောင်း အင်္ဂါနေ့တုန်းကပဲ နေအိမ်အကျယ်ချုပ် ကျခံနေရာမှာ သူနဲ့တွေ့ဆုံခဲ့တဲ့ ဥပဒေ အကျိုးဆောင်တွေကို ပြောပြခဲ့တယ်လု့ိ ဒီအထဲက ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အချို့ ပြောနေကြတယ်၊ သူတို့မှာ NLD မဝင်တဲ့အတွက် ရွေးချယ်စရာမရှိ ဖြစ်နေတယ်။ အဲဒီစကားနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒါ မမှန်ဘူး၊ ရွေးချယ်ခွင့်ဟာ အခုလည်း ရှိနေတယ်၊ နောင်လည်း ရှိမှာပဲ၊ ဘယ်သူမဆို မိမိကိုယ်တိုင် ရွေးချယ်ခွင့်တွေ၊ ကိုယ့်ကိုယ်ကို ရွေးချယ်ခွင့်တွေ ရှိပါတယ်။ မဲပေးခြင်းဟာလည်း မိမိကိုယ်တိုင် ရွေးချယ်ခွင့်ပဲ။ မဲမပေးဘဲ နေတာလည်း ရွေးချယ်ခွင့်ပဲ။ ဒါ ကိုယ်တိုင် ရွေးချယ်ခွင့် ရှိပါတယ်လို့ အဲဒီလို ဆွေးနွေးပါတယ်။”

မြန်မာစစ်အစိုးရကတော့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမှာဖြစ်ပြီး နိုင်ငံရေး ပါတီပေါင်း ၃၇ ပါတီက ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် ကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝန်းက မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မဖြစ်ဆိုတာ စစ်အစိုးရကို စမ်းသပ်မှုတခု ဖြစ်လိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ ပြောဆိုခဲ့တာပါ။ ရွေးကောက်ပွဲကို အများက လက်ခံနိုင်တဲ့ အခြေအနေမျိုး ဖန်တီးဖို့အတွက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ အပါအဝင် မြန်မာအာဏာပိုင်တွေ အနေနဲ့ ဆောင်ရွက်သွားဖို့ အချိန်မနှောင်းသေးဘူးလို့လည်း သူက သတိပေးခဲ့ပါတယ်။

XS
SM
MD
LG