သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒု-သမ္မတ တဦး တိုင်းရင်းသား တင်မြှောက်ရေး တစည ထောက်ခံ


ဒု-သမ္မတ တဦး တိုင်းရင်းသား တင်မြှောက်ရေး တစည ထောက်ခံ
ဒု-သမ္မတ တဦး တိုင်းရင်းသား တင်မြှောက်ရေး တစည ထောက်ခံ

၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ ၅ ပါတီက တင်ပြထားတဲ့ တိုင်းရင်းသား ခေါင်းဆောင်တဦးကို ဒု-သမ္မတ တဦးအဖြစ် ရွေးချယ်ရေး အဆိုကို ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံး ရရှိထားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ထောက်ခံလိုက်ပါတယ်။ အခြား အင်အားကြီး ပါတီတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီကလည်း မူအရ ထောက်ခံပါတယ်။ တိုင်းရင်းသားပါတီ ၅ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား ညီနောင်များ အဖွဲ့ကတော့ ဒီလိုရွေးချယ်မယ်ဆိုရင် တန်းတူညီမျှရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ထားတာ ဖြစ်ပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၃၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော် စတင်ကျင်းပပြီဆိုရင် အစိုးရသစ် ဖွဲ့စည်းဖို့အတွက် သမ္မတနဲ့ ဒု-သမ္မတတွေကို စတင် ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒီလို ရွေးချယ်ရာမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့နဲ့ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့တွေကနေ ဒု-သမ္မတ တဦးစီ ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။

ဒီအစုအဖွဲ့ ၃ ခုလုံး ပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးက ဒု-သမ္မတ ၃ ဦးအနက် တဦးဦးကို သမ္မတအဖြစ် ထပ်မံရွေးချယ်ရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ ၅ ပါတီကတော့ ဒီလို သမ္မတ၊ ဒု-သမ္မတတွေ ရွေးချယ်ရာမှာ တိုင်းရင်းသားခေါင်းဆောင် တဦးကို ဒု-သမ္မတအဖြစ် ရွေးချယ်ဖို့အတွက် တင်ပြထားပါတယ်။

ဒီတင်ပြချက်အပေါ်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ထောက်ခံကြောင်း ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက အခုလို ပြောပါတယ်။

“ကျနော်တို့ပါတီ အနေနဲ့ ပြောမယ်ဆိုရင်တော့ ရှမ်းတိုးတက်ရေး ပါတီက ဦးစိုင်းအိုက်ပေါင်းတို့ပေါ့၊ သူတို့ကလည်း ဘာပဲပြောပြော ရှမ်းပြည်နယ်မှာရော ကချင်ပြည်နယ်မှာရော ကိုယ်စားလှယ် တော်တော်များများ ရထားတာ ရှိပါတယ်။ ထို့အတူပဲ ရခိုင်တိုးတက်ရေး ပါတီဖြစ်တဲ့ ဒေါက်တာအေးမောင် တို့ကလည်း သက်ဆိုင်ရာ ရခိုင်ပြည်နယ်မှာ တော်တော်များများ ရထားတဲ့ အခါကျတော့ ကျနော်တို့ ဆန္ဒအနေနဲ့ ဆိုရင်တော့ သူတို့အထဲက ဖြစ်ဖြစ်ပေါ့ဗျာ ဒု-သမ္မတ တယောက် ရသင့်တယ်လို့ ကျနော်တို့ ပါတီက ဒီလိုပဲ သဘောထားတာ ရှိပါတယ်ခင်ဗျ။

“တိုင်းရင်းသားထဲက တယောက် ပါရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့ဗျာ။ ကျနော်တို့ကလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီဆိုတော့ ကျနော်တို့ရဲ့ လွှတ်တော်ထဲမှာ ဆောင်ရွက်သွားမယ်ဆိုတဲ့ အဓိက လုပ်ငန်းတခုကလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လုပ်ငန်းတခုပါတဲ့ အခါကျတော့ ဒါဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပိုပြီးတော့ အထောက်အကူ ပြုလိမ့်မယ်လို့ ကျနော် ယူဆပါတယ်ခင်ဗျ။”

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေ ပြောသွားတာ ဖြစ်ပါတယ်။

သူတို့ပါတီကတော့ လာမယ့် လွှတ်တော်အတွင်းမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီ အခြေခံ ခိုင်မာရေးနဲ့ ပြည်သူတွေ စီးပွားရေး ဖူလုံစေရေး စတဲ့ လုပ်ငန်းစဉ် ၃ ရပ်ကို ဦးတည်ဆောင်ရွက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

အခြား အင်အားကောင်းတဲ့ ပါတီကြီးတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီကလည်း တိုင်းရင်းသားခေါင်းဆောင် တဦးကို ဒု-သမ္မတအဖြစ် ရွေးချယ်ဖို့ အဆိုကို မူအရ ထောက်ခံတယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။

“မူအရတော့ ကျနော်တို့ သဘောကျပါတယ်။ လက်တွေ့ဖြစ်မဖြစ်၊ အခြေအနေကတော့ ကျနော်တို့ နီးလာတဲ့ အခါကျရင်တော့ တကယ်လက်တွေ့ကျရင်တော့ တခြား ဘာတွေဖြစ်လာဦးမလဲ၊ ဘာတွေ အသစ်တွေ ဖြစ်လာဦးမလဲ၊ ဒါတွေလည်း ကျနော်တို့က ကြည့်ရဦးမှာကိုး။ အခုနေအခါတော့ ကျနော်တို့က မူအရ ထောက်ခံတယ်လို့ပဲ ပြောနိုင်တယ်လေ။”

ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ ဖလုံ စဝေါ် ဒီမိုကရက်တစ် ပါတီ စတဲ့ ညီနောင် တိုင်းရင်းသားပါတီတွေ အခုလို တောင်းဆိုရတဲ့ အကြောင်းကိုတော့ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ပူးဇိုဇမ်က အခုလို ပြောပြပါတယ်။

“ကျနော် Request လုပ်ချင်တာပါ၊ မေတ္တာ ရပ်ချင်တာက တိုင်းရင်းသားထဲက သင့်တော်တဲ့ ပုဂ္ဂိုလ်တဦးဦးပေါ့၊ ဒု-သမ္မတ တနေရာကို ရွေးချယ်ပေးကြပါလို့၊ အဲဒါ ကျနော်တို့ ပြည်ထောင်စု အတွက်လည်း ကောင်းမှာပါလို့၊ နောက် အရှည်သဖြင့် ကျနော်တို့ရဲ့ တန်းတူရည်တူ ဖြစ်မှုကိစ္စတွေ၊ အမျိုးသား စည်းလုံးညီညွတ်ဖို့ ကိစ္စတွေရော အင်မတန် အထောက်အကူ ဖြစ်လိမ့်မယ်၊ အနာဂတ် ကျနော်တို့ နိုင်ငံတော်အတွက် အများကြီး အကျိုးဖြစ်ထွန်းလာမယ်လို့ ကျနော် ယူဆပါတယ်။”

ညီနောင် တိုင်းရင်းသား ပါတီ ၅ ပါတီက အခုလို တောင်းဆိုထားပေမဲ့ လွှတ်တော်အတွင်းမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေက အများစု လွှမ်းမိုးထားတာကြောင့် တိုင်းရင်းသား ခေါင်းဆောင်တဦးကို ဒု-သမ္မတအဖြစ် ရွေးချယ်ရေးဟာ သူတို့အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG