သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားမှု လုပ်ထုံးလုပ်နည်းလျော့ချ


ရွှေပြည်သာမြို့နယ်တွင် နိုင်ငံခြား သတင်းထောက်တစ်ဦးမှ ၎င်း၏ မြန်မာဗီဇာကို လူဝင်မှု ကြီးကြပ်ရေးနှင့် အထူးရဲတပ်ဖွဲ့ဝင်များအား ပြသ အစစ်ဆေးခံနေစဉ်။ ဓါတ်ပုံ - (Zinlaut Aung/VOA News)
ရွှေပြည်သာမြို့နယ်တွင် နိုင်ငံခြား သတင်းထောက်တစ်ဦးမှ ၎င်း၏ မြန်မာဗီဇာကို လူဝင်မှု ကြီးကြပ်ရေးနှင့် အထူးရဲတပ်ဖွဲ့ဝင်များအား ပြသ အစစ်ဆေးခံနေစဉ်။ ဓါတ်ပုံ - (Zinlaut Aung/VOA News)

ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားမှုတွေမှာ လုပ်ထုံး လုပ်နည်းတွေ ကို လျှော့ချပေးပြီး နေထိုင်ခွင့် ကာလကိုလည်း တိုးမြှင့်ပေးဖို့ ဆောင်ရွက်နေတဲ့ အကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောဆိုပါတယ်။ ဒါ့အပြင် အမည်မည်း စာရင်းသွင်းခံထားရသူ တချို့ကို ဖြေလျော့သက်သာခွင့်ပေးဖို့ အစိုးရကို တင်ပြသွားမှာ ဖြစ်သလို အသက် ၁၀ နှစ်ပြည့်တဲ့ ကလေးငယ် တိုင်း နိုင်ငံသားစိစစ်ရေး ကတ်တွေ ထုတ်ပေးနိုင်ရေး အတွက်လည်း စီစဉ်နေတယ်လို့ ပြောဆိုပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြ ထားပါတယ်။

ဟုတ်ကဲ့ပါ။

မြန်မာနိုင်ငံတွင်း ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားမှုတွေမှာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ အညီ လုပ်ထုံးလုပ်နည်းတွေကို လျှော့ချပေးပြီး နေထိုင်ခွင့် ကာလကိုလည်း တိုးမြှင့်ပေးဖို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေပါတယ်။ ဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ဗီဇာနဲ့ ပက်သက်ပြီး ဖြေလျော့မယ် ဆိုတာက တချို့ ဗီဇာ တွေမှာ၊ ပြည်ဝင်ဗီဇာတွေမှာ မြန်မာနိုင်ငံရဲ့ သံရုံးတွေမှာ သွားလျောက်တဲ့ အခါမှာ အထောက်အထားအနေနဲ့ အရင်တုန်းက တောင်းတာတွေ ရှိတာပေါ့။ ဥပမာ business visa ဆိုရင် သူ့ကုမ္ပဏီက အခွန်ဆောင်ပြီးကြောင်း ပြေစာတွေ ဘာတွေ တောင်းတာရှိတယ်။ ဒါပေမယ့် အချို့ ကုမဏီတွေက အသစ်ဖြစ်တဲ့ အတွက် အခွန်ဆောင်ရတာ ဘာညာတွေ မလုပ်ရသေးဘူး။ အဲတော့ သူတို့မှာ အဲဒါတွေ ပြဖို့ အခက်အခဲ ဖြစ်နေတယ်။ အဲဒါကြောင့် ကုမ္ပဏီ အသစ်တွေဆိုရင် အခွန်ဆောင်ရတဲ့ အခြေအနေ မရောက်သေးဘူးဆိုရင် အခွန်ဆောင်ရတဲ့ ပြေစာကို မတောင်းတော့ဘူးပေါ့။ တချို့ မြန်မာနိုင်ငံကို လာမယ် ဆိုလို့ရှိရင် ဘယ်နေရာမှာ တည်းမယ်။ တည်းမယ့် နေရာကို ဟိုတယ် ငှားရမ်းခတွေ ဘွတ်ကင် လုပ်ထားတဲ့ ပြေစာတွေ ဘာတွေ တောင်းတာရှိတယ်။ အဲဒါကို မတောင်းတော့ဘူး။ ဘယ်ဟိုတယ်မှာ တည်းမယ် ဆိုတာကို ဖြည့်ပေးလိုက်ရင် ရပြီ။ ပြောချင်တာကတော့ အထောက်အထား စာရွက် စာတမ်းတွေ တောင်းတာ မှန်သမျှကို သိပ် မလိုအပ်ဘူးလို့ ယူဆရင် မတောင်းတော့ပဲနဲ့ ဖြေလျော့ပေးမယ့် အနေအထားပေါ့။”

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးရဲ့ ရက် ၁၀၀ စီမံကိန်း ဦးစားပေး လုပ်ငန်းတွေ အဖြစ် အလုပ်ရှင် အလုပ်သမား အရေး၊ နောက် ရွှေ့ပြောင်းနေထိုင်သူတွေ အတွက် မှတ်ပုံတင်နဲ့ အိမ်ထောင်စု စာရင်းတွေ လုပ်ဆောင်ပေးဖို့လည်း စီမံကိန်းချ ဆောင်ရွက်နေတယ်လို့ အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

“နိုင်ငံသား မှတ်ပုံတင် လုပ်ပေးတဲ့ လုပ်ငန်းတွေပေါ့။ ဒါဆိုလို့ ရှိရင် ကလေးတွေကို ကျောင်းတွေမှာ လိုက်ပြီးတော့ အသက် ၁၀နှစ်ပြည့်ရင် ၁၀နှစ်ပြည့် နိုင်ငံသား မှတ်ပုံတင် ထုတ်ပေးနိုင်အောင် ကျောင်းတွေ အရောက် နယ်မြေဆင်းပြီးတော့ စီမံချက်တွေနဲ့ လုပ်နေပါတယ်။ ရွေ့ပြောင်းတဲ့ သူတွေကိုလဲ ဒီလိုပဲ၊ ရွေ့ပြောင်းလူဦးရေတွေကို သက်ဆိုင်ရာ နယ်မြေတွေမှာ နေထိုင်တ ၆လနဲ့ အထက် ကြာသွားပြီ။ သက်ဆိုင်ရာ လက်ရှိနေတဲ့ နေရာက ရပ်ကွက် အုပ်ချုပ်ရေးမှုးတို့ ဘာတို့ ဒီလို သက်ဆိုင်ရာ အဆင့်ဆင့်ကလဲ ထောက်ခံတယ်။ ပတ်ဝန်းကျင်ကလည်း သူဟာ ရိုးရိုးသားသားနဲ့ ကောင်းကောင်းမွန်မွန်နေတယ် ဒီလို အထောက်အထားတွေ ပြည့်စုံတယ်ဆိုရင် သူတို့ကိုလည်း အိမ်ထောင်စု စာရင်းတို့ မှတ်ပုံတင်တွေ ထုတ်သွားပေးဖို့ ဒါတွေ ဆောင်ရွက်သွားဖို့ စီစဉ် ဆောင်ရွက်နေပါတယ်။”

ဒါ့အပြင် နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol က သတ်မှတ်ထားတဲ့ အန္တရာယ် ရှိသူ စာရင်းမှာ မပါဝင်ဘဲ မြန်မာ အစိုးရ ဝန်ကြီးဌာနတွေက အမည်မည်း စာရင်း သွင်းထားသူတွေကိုလည်း အစိုးရအဖွဲ့ကို တင်ပြပြီး ဖြေလျှော့ ပေးသွားနိုင်အောင် လုပ်ဆောင်ဖို့လည်း စီစဉ်ထားပါတယ်။ လက်ရှိ အမည်မည်း စာရင်း Black List သွင်းထားတဲ့ အရေအတွက် ၈၀၀၀ နီးပါး ရှိပြီး ၄၀၀၀ လောက်ကတော့ လူတွေ မဟုတ်ဘဲ ခိုးယူခံရတဲ့ ဒါမှမဟုတ် လည်း ပျောက်ဆုံးသွားတဲ့ နိုင်ငံကူး လက်မှတ်တွေရဲ့ အချက်အလက်တွေ ဖြစ်ပြီး ကျန်တဲ့ ၄၀၀၀ လောက်ကတော့ လူပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။

မြန်မာ အစိုးရ ဝန်ကြီးဌာနတွေက ပြစ်မှုကျူးလွန်သူတွေ အဖြစ် အမည်မည်း စာရင်းသွင်း ထားသူကတော့ ရာဂဏန်းလောက်ဘဲ ရှိတယ်လို့လည်း ဝန်ကြီးဌာနက ပြောဆိုပါတယ်။

XS
SM
MD
LG