သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ဆုံး မဲဆန္ဒရှင် စာရင်း နိုဝင်ဘာ ၂ ရက် ထုတ်ပြန်မည်


မဲစာရင်းကြည့်ရှု့နေသည့်ပြည်သူများ။
မဲစာရင်းကြည့်ရှု့နေသည့်ပြည်သူများ။

လာမယ့်ရွေးကောက်ပွဲမှာ မဲပေးနိုင်မယ့် လူဦးရေစာရင်းကို နိုဝင်ဘာ ၂ ရက်နေ့မှာ နောက်ဆုံးထား ထုတ်ပြန်ပေးမယ် လို့ ရွေးကောက်ပွဲကော်မရှင် က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့လက တနိုင်ငံလုံးအဆင့် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာရာမှာ သေဆုံးသူများ၊ မိသားစုဝင် မဟုတ်တဲ့အမည်စာရင်း ပါဝင်နေတာမှာလည်း တာဝန်ခံနိုင်ပါက ပယ်ဖျက်ခွင့် လျှောက်ထားနိုင် တယ်လို့လည်းပြောဆိုလိုက်ပါတယ်။ ဒီအပြင် မဲပေးနိုင်တဲ့ အခွင့်အရေးရရှိသူ တဦးအနေနဲ့ မဲစာရင်းမှာမပါလို့ လျှောက်ထားရာမှာလည်း ထပ်မံမပါတာကို အတိအကျတင်ပြပါက ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ကို အရေးယူပေးမယ် လို့လည်း ပြောဆိုလိုက်ပါ တယ်။ သတင်းအပြည့်အစုံ ကို နေပြည်တော်မှာရောက်ရှိနေတဲ့ ဗွီအိုအေ သတင်းထောက် မေခကပေးပို့ထားပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာမဲပေးနိုင်မယ့် လူဦးရေစာရင်းကို နိုဝင်ဘာ ၂ ရက်နေ့မှာ နောက်ဆုံးထား ထုတ်ပြန်ပေးမယ် လို့ ရွေးကောက်ပွဲကော်မရှင် က နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှုးချုပ် ဦးတင်ထွန်းက ခုလိုပြောဆိုလိုက်တာပါ။ တပ်နယ်မြေများ အတွင်း မဲပေးခွင့် စာရင်းကိုလည်း သက်ဆိုင်ရာ တပ်များတွင် ကပ်ထားမယ်လို့လည်းပြောပါ တယ်။

“မဲပေးပိုင်ခွင့်ရှိသူစာရင်းကတော့ ကျနော်တို့ ၂ ရက်နေ့ကနေစပြီးတော့ သက်ဆိုင်ရာ ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ရုံးတွေမှာ မဲရုံတိုင်းမှာ ကပ်ပေးမယ်။ ၂ ရက် နေ့ကို ကျနော်တို့ မဲစာရင်းတွေက ရပ်ကျေးကနေထုတ်တာ။ ဘာကြောင့်အတိအကျ မပြောနိုင်သလဲဆိုတော့ ကျနော်တို့က ပထမအကြိမ်ကျနော်တို့ ၁၄ ရက်နေ့ကနေ ၂၇ ရက်နေ့ ကြေညာလိုက်တာရှိတယ်။ အဲဒီမှာ ဘာတွေ တိုးလာသလဲဆိုတော့ ကျန်ခဲ့တဲ့လူတွေက ပုံစံ ၃ နဲ့ ထပ်လျှောက်ထားတာရှိတယ်။ နော်တခါ တခြား မဲဆန္ဒနယ်ကနေပြီးတော့မှ ပြောင်းလာတာတွေရှိတယ်။ အဲဒါတွေက ၃ (က) နဲ့ ကျနော်တို့ လက်ခံထားတာရှိတယ်။ အခုဒီ ပုံစံ၃ တွေ ၃ (က)တွေ တင်တဲ့ဟာတွေ အားလုံးကို ကျနော်တို့ ပြန်ပြီးတော့ ရိုက်နေပါပြီ။ ဆိုတော့ ၂ ရက်နေ့မှာ ကျနော်တို့ ရပ်ကွက်ကော်မရှင်ရုံးမှာ ကပ်ပါမယ်။ ၆၊ ၇ မှာတော့ မဲရုံမှာ ကပ်ပေးပါမယ်။”

မဲပေးနိုင်တဲ့ အခွင့်အရေးရရှိသူတဦးအနေနဲ့ မဲစာရင်းမှာမပါလို့လျှောက် ထားရာမှာလည်း ထပ်မံ မပါတာကို အတိအကျ တင်ပြပါက ရပ်ကွက်၊ကျေးရွာကော်မရှင် အဖွဲ့ကို အရေးယူပေးမယ်လို့ ညွန်ကြားရေးမှူး ဦးသောင်းဟန်က ခုလိုပြောပါတယ်။

“မပါလို့ လျှောက်လို့ရှိရင် လျှောက်တဲ့လူကိုလည်း ကျနော်တို့ register လုပ်မှာ ။ အခုနောက်ဆုံးကြေညာလို့ရှိရင်။ ကျနော်တို့ ကော်မရှင်ကလည်း လက်ခံကြောင်း လက်မှတ်ထိုးသလို၊ ကာယကံရှင်ကလည်း လာတင်ကြောင်း လက်မှတ်ထိုးပါမယ်။ အဲဒီတော့မှ ကျနော်တို့ စီစစ်မှာပါ။ စိစစ်တဲ့အခါမှာ in line မဖြစ်တာတွေ မပါနိုင်တော့ပါဘူး။ ကျန်တဲ့လူတွေက ပါမှာပါ။ မပါဘူးဆိုရင် ခုနက ကျနော်တို့ ပြော သလို ရွေးကောက်ပွဲရဲ့ ပြစ်မှုဆိုင်ရာ ၊ အခန်း ၁၄ ရဲ့ မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသား တယောက်ကို မဲပေးပိုင်ခွင့် ဆုံးရှုံးအောင် ဘယ်သူကပဲလုပ်လုပ် ၊ ဒါ ရဲအရေးပိုင်တဲ့အမှုဖြစ်တာကြောင့် တရားစွဲဖို့ရှိပါတယ်။ တိတိကျကျ အမည်နဲ့ ဖော်ထုတ်မှာပါ။ သူ့ဘက် ကိုယ့်ဘက် အငြင်းပွားမှာစိုးလို့။ အဲဒီလို အထောက်အထားတွေနဲ့ တင်ပြပြီးတော့မှ ပါသင့်တာ မပါလို့ရှိရင် ဒါကျနော်တို့ ဆက်ပြီးတော့ action ယူလို့ရပါတယ်။”

ဒီပြင် အိမ်ထောင်စုစာရင်းဝင်၊ မိသားစု မဟုတ်တဲ့ အမည်စာရင်းများ ပါဝင်နေသည်ကို တွေ့ရှိနေရသည်ဟု မဲဆန္ဒရှင်များက ပြောဆိုနေမှုများအပေါ် ညွန်ကြားရေးမှူး ဦးသောင်းဟန်က ခုလိုထပ်မံ ပြောဆိုလိုက်ပါသေးတယ်။

“အဲဒီလူတွေက မရှိတော့ဘူးလို့ သေချာရင် ကျနော်တို့ သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲကို တရားဝင် စာနဲ့ သွားတင်လို့ ရပါတယ်။ ဘာနဲ့ သွားတင်လို့ ရသလဲဆိုတော့ ဖြတ်လို့ရတဲ့ ပုံစံလေးနဲ့ သွားတင်လို့ရပါတယ်။ ချက်ခြင်း ဖျက်ပေးမယ်။ ကြိုက်တဲ့ အဖွဲ့အစည်းကနေ ပါတီတွေ တင်လို့ရတယ်။ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကနေ တင်လို့ရပါတယ်။ တင်တဲ့လူကတော့ တာဝန်ယူရမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က မဲပေးပိုင်ခွင့်ရှိတဲ့ လူတယောက်ကို သွားဖျက်မိရင်၊ ဒါသူ့ရဲ့ မဲဆန္ဒရှင်ရဲ့ Right ကို သွားထိခိုက်သွားမယ်။ ခင်ဗျားတို့ ခုနက တာဝန်ခံပြီးတော့ ဒီလူတွေ ပိုတယ်ဆိုတဲ့အကြောင်း အထောက်အထား တင်ပြပြီးသွားရှိရင် ကျနော်တို့က အဲဒီအထောက်အထားပေါ်မှာ ယှဉ်ပြုပြီးတော့ ဖျက်ပေးမယ်။ ကော်မရှင်သည် အဲဒီ ၁၄ (ခ) မှာ အဲဒါပါတယ်။ လုပ်လို့ရတယ်။ ဒါ တင်ပြဖို့ပဲလိုတယ်။ ကျနော်တို့ကော်မရှင်ကတော့ ခုနလို entry လုပ်ရတဲ့ စာရင်းက ဒီ ၆၆ ကြောင့် officially ရှိနေတာကို ကျနော်တို့ ဖျက်လို့မရဘူး။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အတွင်း ထုတ်ပြန်ကြေညာခဲ့တဲ့ ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းမှာ မပါဝင်သူများက ပုံစံ ၃ ဖြင့် ထပ်မံလျှောက် ထားလာကြတာကြောင့် မဲစာရင်း အရေအတွက်တွေထပ် တိုးမြင့်လာတယ် လို့လည်း ကော်မရှင်ကပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲအတွင်းမှာမြန်မာနိုင်ငံ အနှံ့ရှိ မဲရုံများ ရလဒ် အခြေအနေများကို ထုတ်ပြန် ပေးဖို့ သတင်း အချက်အလက် စင်တာနှစ်ခု ဖွင့်လှစ်သွားမယ်လို့လည်း ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းက ပြောပါတယ်။

နောက်ဆုံးရလဒ်ကိုတော့ ရွေးကောက်ပွဲ ကျင်းပပြီးမှာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များက ကြေညာမှာဖြစ်ပြီးအဲဒီ တိုင်းဒေသကြီး နှင့် ပြည်နယ်များက ကြေညာချက်များကို စုစည်း စစ်ဆေးကာ ၂ ပတ် အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ရလဒ်ကို ကြေညာပေးမယ်လို့ကော်မရှင်ကပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်က မြို့နယ် ၁၁ ခုက မဲရုံအချို့၊ ကရင်ပြည်နယ်က မြို့နယ် ၇ခုက မဲရုံအချို့၊ ပဲခူးတိုင်း ကမြို့နယ် ၂မြို့နယ်က မဲရုံအချို့၊ မွန်ပြည်နယ်က မြို့နယ် ၁ခုက မဲရုံအချို့နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၁၃ခုက မဲရုံအချို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့မှာလည်း ရှမ်းပြည်နယ် အတွင်းရှိ မိုင်းရှူးမြို့နယ် တစ်ခုလုံး၊ ကျေးသီးမြို့နယ် တစ်ခုလုံး၊ တန့်ယန်းမြို့နယ် ရှိ ကျေးရွာအုပ်စု တချို့ နှင့် ဟိုပန် မြို့နယ်ရှိ ၈ အုပ်စု၊ ဟိုပန်မြို့နယ်မှာ ကျေးရွာအုပ်စုနဲ့ ရပ်ကွက်ပေါင်း ၄၂ ခု တို့မှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ဒီကနေ့မှာ ထပ်မံထုတ်ပြန်လိုက်ပါတယ်။

XS
SM
MD
LG