သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဘေးရှောင်ဒုက္ခသည်တွေ အိမ်ပြန်ရေး အလှမ်းဝေးဆဲ


ထိုင်းနိုင်ငံ၊ တာ့ခ် ခရိုင်အတွင်းမှ ကရင်ဒုက္ခသည်များ။ (ဖေဖော်ဝါရီ ၅၊ ၂၀၁၀)
ထိုင်းနိုင်ငံ၊ တာ့ခ် ခရိုင်အတွင်းမှ ကရင်ဒုက္ခသည်များ။ (ဖေဖော်ဝါရီ ၅၊ ၂၀၁၀)

မြန်မာအစိုးရတပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြားဖြစ်ပွါးလာခဲ့တဲ့စစ်ရေးပဋိပက္ခအတွင်း နေရပ်ကနေ တိမ်းရှောင် လာပြီး ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခမ်း (၉) ခုမှာနေထိုင်နေတဲ့ စစ်ပြေးဒုက္ခ သည်တွေနေရပ်ပြန်နိုင်ရေးအတွက် အစိုးရကနေ ကော်မီတီတရပ်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။ ဒီကော်မီတီထဲမှာ ဝန်ကြီးဌာနအစုံနဲ့ဖွဲ့စည်းထားပြီး နိုင်ငံတော်သမ္မတထံမှာတင်ပြထားဆဲဖြစ်ပါတယ်။ အခုလို စစ်ပြေးဒုက္ခသည်တွေကိုပြန်လည်ခေါ်ယူနိုင်ရေးအတွက် အစိုးရကနေ ကော်မီတီတရပ်ဖွဲ့စည်းခဲ့ပြီးဖြစ်ပေမဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးမှာ မရေရာသေးတဲ့အခြေအနေမှာရှိနေသေးတဲ့အကြောင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်း ထောက် နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခမ်း(၉)ခုက ဒုက္ခသည်တွေကို နေရပ်ပြန်လည်ခေါ်ယူနိုင်ရေးအတွက် မြန်မာအစိုးရကနေ ကော်မတီ တရပ်ဖွဲ့စည်းခဲ့ပြီးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးနဲ့ဥပဒေရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ပြောပါတယ်။

“နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တာဝန်ဝတ္တရားက သက်ဆိုင်ရာ ဒုက္ခသည်တွေသည် မြန်မာလူမျိုးဟုတ်မဟုတ် ဘယ်နှစ်ယောက်ရှိတယ်၊ ဘာညာ သွားရောက်စစ်ဆေးပြီး သူတို့လိုအပ်တဲ့စာရွက်စာတမ်းတွေ၊ တရားဝင်စာရွက်စာတမ်းတွေကို ထုတ်ပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန သံရုံးက တာဝန်ရှိပါတယ်ရှင့်။ နောက်တော့ ပါတဲ့ဝန်ကြီးဌာနတွေအားလုံးအတွက် Coordination လုပ်ပေးတာပေါ့။ အလုပ်သမား ဝန်ကြီးဌာနတို့၊ လူမှုဝန်ထမ်းဝန်ကြီးဌာနတို့ နောက်တော့ လူဝင်မှုကြီးကြပ်ရေးဌာတို့ပါရှင့်။”

ဒီလိုကော်မီတီဖွဲ့စည်းရတာဟာလည်း ပြီးခဲ့တဲ့ဇူလိုင်လ (၂၂) ရက်နေ့က ထိုင်းနိုင်ငံအစိုးရကနေ ဒုက္ခသည်တွေကို လွှဲပြောင်းနိုင်ရေးအတွက် နှစ်နိုင်ငံကြား ကော်မီတီဖွဲ့ပြီး ပူးတွဲဆောင်ရွက်လိုကြောင်းအကြောင်းကြားလာလို့ အခုလို ဒုက္ခသည်များ ပြည်တွင်းပြန်လည်ခေါ်ယူနိုင်ရေး ကော်မီတီဖွဲ့စည်းခဲ့တယ်လို့ သူကဆိုပါတယ်။

ဒီကော်မတီကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဆောင်ပြီးတော့ ဝန်ကြီးဌာနအဖွဲ့ဝင် (၁၆) ဦးနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖွဲ့စည်းထားသလို အတည်ပြုနိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံမှာတင်ပြထားဆဲဖြစ်ပြီး လုပ်ငန်းစဉ် အသေးစိပ်ကိုတော့ အတည်ပြု မပြောဆိုနိုင်သေးဘူးလို့လည်း ဒေါ်အေးအေးစိုးကပြောပါတယ်။

ဒုက္ခသည်တွေနေရပ်ရင်းပြန်ရေးနဲ့ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ် အကြီးဆုံးဒုက္ခသည်စခမ်းဖြစ်ပြီး ဒုက္ခသည်ဦးရေ (၄)သောင်း နီးပါး ရှိနေတဲ့ မယ်လဒုက္ခသည်စခမ်းရဲ့ ဥက္ကဋ္ဌ ဆရာအောနက်က အခုလိုပြောပါတယ်။

“တချို့တွေက ပြန်မယ်ဆိုရင် ကျနော်တို့ စခမ်းထဲမှာ သုံးခု ကျနော်တို့မြင်တယ်။ အခုကျတော့ ထိုင်းနိုင်ငံက နီးစပ်ရာရွာတွေမှာ သူတို့ အခြေချထားတာ ရှိချင်ရှိမယ်။ .တချို့ကျတော့ ရပ်ရွာထဲ သူတို့ဆွေမျိုးအဆက်အသွယ် ရှိတာလည်းရှိတယ်။ နောက်တခုကျတော့ ခေါင်းဆောင်ရဲ့ ဦးဆောင်မှုအပေါ်မှာ သူတို့လိုက်သွားတာလည်း ရှိတယ်။”

ကရင်ဒုက္ခသည်တွေနေရာချရေးအတွက် KNUကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၇) နယ်မြေမှာစီစဉ်ထားတယ် လို့ သတင်းများ ပေါ်ထွက်နေပေမဲ့ လက်ရှိမတည်ငြိမ်သေးတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်တွင်းကို အခြေချ နေထိုင်ဖို့ စိမ်ခေါ်မှုတခုလို ဖြစ်နေတယ်လို့ ဆရာအောနက်က ဆိုပါတယ်။

မယ်လဒုက္ခသည်စခမ်းနေ ဒုက္ခသည်အများစုမှာ KNUကရင်အမျိုးသားအစည်းအရုံးနဲ့ မြန်မာအစိုးရတပ်တို့အကြား ကာလကြာမြင့်စွာ ဖြစ်ပွါးခဲ့တဲ့တိုက်ပွဲတွေကြောင့် နေရပ်ရင်းကနေတိမ်းရှောင်လာ သောကရင်လူမျိုးအများစုရှိနေပြီး မွန် ဗမာ ထားဝယ် ချင်းအစရှိတဲ့ လူမျိုးတွေလည်း ရှိနေကြပါတယ်။

အလားတူကရင်နီဒုက္ခသည်စခမ်း (၂) ခုက ဒုက္ခသည်တွေအနေနဲ့ လက်ရှိအစိုးရရဲ့ဒုက္ခသည်တွေကိုပြည်တွင်းသို့ ပြန်လည်ခေါ်ယူမဲ့ လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ကရင်နီဒုက္ခသည်ပင်မကော်မီတီ အတွင်းရေးမှူး ဆရာလွိကနေ အခုလို ပြောပါတယ်။

“ကျနော်တို့အနေနဲ့က ခေါ်ထားတယ်ဆိုရင်လည်း စီစဉ်ဖို့က ဘာမှမရှိသေးဘူးဆိုတဲ့အခါကျတော့ အစိုးရဘက်ကနေ အစိုးရဘက်ကနေ အဆင်သင့်မဖြစ်သေးဘူးလို့ အဲလိုပဲမြင်တယ်။ သူတို့ပြင်ဆင်ထားတဲ့ဟာက ကာကွယ်မှုနဲ့လုံခြုံမှု တကယ်ရှိသလား ၊ ပြန်လာနေလို့ ရတယ်။ တခုတည်းနဲ့မဟုတ်ဘဲနဲ့ သတ်မှတ်ချက်ဘာတွေပေးထားသလဲပေါ့- ကျနော်တို့ ညှိနှိုင်းဖို့ရှိတာပေါ့နော်။”

ကရင်နီဒေသအတွင်းမှာ ယခင်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာ့တပ်မတော်တို့ စစ်ရေးပဋိပက္ခ ဖြစ်စဉ်အတွင်းထောင်ထားတဲ့ ဒေသတွင်းမြေမြုတ်မိုင်းအန္တရာယ်နဲ့ လယ်ယာမြေသိမ်းဆည်းခံရမှု ပြဿနာဟာ ဒုက္ခသည်များနေရပ်ပြန်ရေးအတွက် အဓိကအတားအဆီး တခုလိုဖြစ်နေတယ်လို့ ကရင်နီဒုက္ခသည်ပင်မကော်မီတီ အတွင်းရေးမှူး ဆရာလွိမှဆက်ပြောပါတယ်။

“လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က ဥပမာ မိုင်းဘယ်မှာရှိသလဲဆိုတာ သူတို့က testifying လုပ်ပေးလို့လည်းမရဘူး။ နောက်ပြီးတော့ အစိုးရဘက်ကလည်း မလုပ်နိုင်တဲ့အတွက်ကြောင့်မို့လို့ တကယ်လို့ ပြန်လာနေမယ်လို့ နေရာရွေးချယ်တဲ့နေရာမှာ ဒီ မိုင်း fields တွေ ဖြစ်နေမယ်ဆိုရင် သူတို့အတွက် အရမ်း risk ဖြစ်တယ်ပေါ့။ သူတို့ပြန်နေမယ့်နေရာတွေမှာ သူတို့အိမ်ဆောက်လို့ရပေမယ့် လုပ်ကိုင် စားသောက်လို့ ရတဲ့နေရာမရှိဘူး။ မရှိတဲ့အခါကျတော့ သူတို့အတွက် ရေရှည်မဖြစ်နိုင်ဘူးပေါ့နော်။ ”

ပြီးခဲ့တဲ့ ၂၀၀၇ခုနှစ်က ကယားပြည်နယ် ဒီမောဆိုမြို့နယ်အတွင်း မြန်မာ့တပ်မတော်ကနေ လက်နက်ကြီးသင်တန်း ကျောင်းစတင် တည်ဆောက်ခဲ့စဉ်မှာ ဒေသခံတွေရဲ့ လယ်ယာခြံမြေဧက(၃၅၀၀)ကျော်သိမ်းဆည်းထားခဲ့ပြီး လက်ရှိ ဧက (၂၇၀၀) ကိုစစ်တပ်ပိုင်မြေအဖြစ် ဆက်လက်သိမ်းဆည်းထားဆဲလို့ KNPPပါတီအတွင်းရေးမှူး (၂) ဦးရွှေမျိုးသန့်က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်း (၉) ခုအနက် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ထမ့်ဟင်၊ ဘန့်ဒုံယမ်းစတဲ့ ကရင်ဒုက္ခသည်စခန်း (၇) ခုမှာ ကရင်ဒုက္ခသည်များကော်မတီ KRC ရဲ့ စီမံကွပ်ကဲမှုအောက်မှာရှိပြီး စုစုပေါင်းလူဦးရေ ၁၄၀,၀၀၀ ကျော် ရှိနေသလို ကရင်နီဒုက္ခသည်စခမ်း (၂) ခုမှာတော့ ဒုက္ခသည်အရေအတွက် (၁၃,၀၀၀) ကျော်ရှိနေတယ် စခမ်းကော်မတီ မှတ်တမ်းမှာဖေါ်ပြထားပါတယ်။

ထိုင်းမြန်မာနယ်စပ်ရှိဒုက္ခသည်စခမ်းတွေကို ထိုင်း-မြန်မာနယ်စပ်ကယ်ဆယ်ရေးညွန့်ပေါင်းအသင်း (TBBC) အပါအ ဝင် NGO အဖွဲ့တွေ လူမှုရေးအဖွဲ့အစည်းတွေကနေ နေထိုင်မှုနှင့်စားနပ်ရိက္ခာအကူညီပေးနေပေမဲ့ နောက်ပိုင်းမှာ အကူညီလျော့ချလာတဲ့အနေအထား ရှိလာခဲ့ပါတယ်။

ဒါ့အပြင်လက်ရှိထိုင်းအစိုးရကလည်း ဒုက္ခသည်များနေရပ်ရင်းကိုပြန်ရေးကို ဖိအားပေးမှုတွေရှိလာသလို ပြီးခဲ့တဲ့လ တွေတုန်းက နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းနိုင်ငံထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ နှစ်ဖက်တွေ့ဆုံမှုမှာလဲ စစ်ဘေးရှောင်ဒုက္ခသည်တွေကို နေရပ်ရင်းပြန်ပို့ရေးအစီအစဉ်ကို ထဲ့ သွင်းဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရတို့အကြားဖြစ်ပွါးတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်မှာ ၂၀၁၅ ခုနှစ်၊ ဧပြီလအထိ စစ်ဘေးရှောင်ဒုက္ခသည် အရေအတွက် ၂၄၀၀၀၀ ကျော် ရှိကြောင်း ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ပေါင်းစပ် ညှိနှိုင်းရေးရုံး (OCHA) ကနေ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG