သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် မန္တလေး သင်္ကြန်အကျနေ့


မန္တလေး သင်္ကြန်အကျနေ့ မြင်ကွင်း
မန္တလေး သင်္ကြန်အကျနေ့ မြင်ကွင်း

ဒီကနေ့ သင်္ကြန် အကျနေ့မှာတော့ နိုင်ငံတဝန်း သင်္ကြန်ပွဲတော်တွေကို စည်စည်ကားကား ဆင်နွှဲနေပါတယ်။ သင်္ကြန်မြို့တော်လို့ တင်စားရမယ့် မန္တလေးမြို့ ကျုံးတဝိုက်မှာ တိုးမပေါက်အောင် စည်းကားနေသလို ရန်ကုန်မြို့သူ မြို့သားတွေလည်း သင်္ကြန်ပွဲကို တက်တက်ကြွကြွ ဆင်နွှဲနေကြပါတယ်။ သင်္ကြန်အကျနေ့ မြင်ကွင်းတွေကို မသိင်္ဂ ီထိုက် စုစည်းထားပါတယ်။

မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် တန်ခူးလဆန်း ၆ ရက်နေ့ သင်္ကြန်အကျနေ့မှာတော့ သင်္ကြန်မြို့တော်လို့ တင်စားရမယ့် မန္တလေးမြို့မှာ အနုပညာရှင် အကျော်အမော်တွေရဲ့ ဖျော်ဖြေမှုတွေ၊ မြို့မ တူရိယာ အဖွဲ့ အပါအဝင် အလှပြယာဉ်တွေ၊ သံချပ် အဖွဲ့တွေနဲ့ သင်္ကြန်ပွဲတော်က အတော်လေး အရှိန်ရနေပါပြီ။ အစဉ်အလာအတိုင်းပါဘဲ မန္တလေးကျုံးတဝိုက်မှာတော့ တိုးမပေါက်အောင် စည်ကားနေပြီလို့ မန္တလေးမြို့ခံ ကိုမင်းထက်ငြိမ်းချမ်းက ပြောပါတယ်။

“ကျုံး ပတ်လည်မှာများတယ်။ IC က အဓိက။ ကျနော်တို့အခု မနက်ကဆို IC က MPT မဏ္ဍပ်ဆို ကျုံးရဲ့မြောက်ဘက်က တိုးမပေါက်ဘူး။ စည်တယ်။ အထူးသဖြင့် ရန်ကုန်က အထူးသဖြင့် ရန်ကုန်အဆိုတော်တွေ ၊ ရန်ကုန်က မင်းသား မင်းသမီးတွေ တော်တော်များများက ဒီနေ့ရောက်တယ်။ ဒီနေ့ မန္တလေးကို လာကြတယ်ဆိုတော့ ။ မန္တလေးမှာ တချို့ဆိုရင် ရန်ကုန်က အဲဒီလိုကျပ်တော့ မန္တလေးမှာတောင်ဆင်းပြီးလာကြတာ။ MPT မဏ္ဍပ်မှာ Iron Cross ကထိုင်တာဆိုတော့ အဲဒီမှာများတယ်။ အဲဒီမှာတော့ တိုးမပေါက်ဘူး။ နောက်တခါ ကျုံးအနောက်ဘက်မှာ Lazy Club ၊ နောက်တခါ Alpine က ထုံးစံအတိုင်း Alpine က Sai Sai ဆိုတော့ အဲဒီမှာလည်းများတယ်။ ကျုံးဘေးမှာတော့ မဏ္ဍပ်နည်းနည်းလေး မျှသွားတယ်။ မျှသွားတယ်ဆိုတာ အထူးသဖြင့် အရင်တုန်းကတော့အရှေ့ဘက်မှာ လည်းများတယ်။ အခုက ဒီအနောက်ဘက်ကိုလည်း မျှလိုက်တဲ့အခါကျတော့ အဲဒါကတော့ အနေတော်ပဲ။ ကျနော်တို့ မန္တလေးက ဆိုင်ကယ်ကလည်းများတယ်။ ကားတွေကလည်းများလာတဲ့အခါကတော့ ဒီနေရာတွေမှာ စည်တဲ့နေရာတွေမှာကျတော့ တော်တော်လေး ကျပ်သွားတာပေါ့ဗျာ။ နောက်ကျုံးဘေး ရေပက်တာတွေကလည်း နည်းနည်းကန့်သတ်လိုက်တဲ့ အခါကျတော့ မနှစ်ကထက်စာရင်တော့ နည်းနည်းလေး ၊ မနှစ်ကတော့ ဒီထက်ပိုများတာပေါ့။”

မန္တလေးရဲ့ ဂုဏ်ထူးဆောင် မြို့မ တူရိယာ အဖွဲ့ကြီး အပါအဝင် အလှပြယာဉ်တွေ အရင်နှစ်တွေ အတိုင်း မပြောင်းမလဲ လှည့်လည် ဖျော်ဖြေနေပေမယ့် သံချပ်အဖွဲ့တွေတော့ နည်းသွားပါတယ်။

“မြို့မကတော့ လှည့်နေတာပေါ့။ မြို့မကတော့ သူက ထုံးစံအတိုင်းပဲ မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ပေါ့ ။ ဆိုတော့ မြို့တော်ဝန်ဖြုတ်လိုက်တာပေါ့။ မြို့တော်ဝန် ဆိုတာဖြုတ်လိုက်တော့ ကျနော်တို့ကတော့ ဆိုတော့ အရင်တုန်းက မန္တလေး မြို့တော်ဝန်မဏ္ဍပ်ပေါ့ဗျာ။ နောက် ဗဟိုလို့လည်းမသုံးဘူး။ မြို့တော်မဟာသင်္ကြန်မဏ္ဍပ်က မြို့မအရှေ့က ဦးဆောင်ပြီးတော့ ကျန်တာကတော့ မြနန်းမန္တလာတို့ နောက်တခါ သီတာမေ တို့ ပြင်ဦးလွင်ခရိုင်တို့၊ ခရိုင်လိုက်တွေပေါ့နော် ခရိုင်အလိုက်ကားတွေလည်းဝင်ရတယ်လေ။ မနေ့ကတော့ အဲဒါတွေဝင်တယ် နောက် အောင်စံမောင် သံချပ်အဖွဲ့မနေ့ကတော့ ဝင်ပြိုင်တယ်။ နောက်ကျန်တဲ့ သံချပ် ၃ ဖွဲ့ကလည်း ဒီနေ့ပြိုင်ကြဦးမယ်။ အဲဒါကတော့ ကျနော်တို့ မန္တလေး မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဆိုပြီးမှ မြို့တော်စည်ပင်အရှေ့မှာရှိတဲ့ ဗဟိုမဏ္ဍပ်ပေါ့လေ အဲဒီမှာလည်း ပရိတ်သတ်ရှိပါတယ်။”

အစိုးရသစ် အပြောင်းမှာ သင်္ကြန်ပွဲတော်တွေရဲ့ အစဉ်အလာတွေလည်း ပြောင်းလာပါတယ်။ သင်္ကြန်မဏ္ဍပ်ဆောက်ခွင့် တချို့ ကန့်သတ်ခံလိုက်ရတဲ့ ရန်ကုန် သင်္ကြန်ကတော့ ခါတိုင်းနှစ်တွေနဲ့ မတူပေမယ့် စည်းကားနေဆဲ ဖြစ်ပါတယ်လို့ ရန်ကုန်မြို့ခံ ကိုဇွဲရန်နိုင်က ပြောပါတယ်။

“အဓိက ဒီရပ်ကွက်ထဲပိုင်းတွေပေါ့နော်။ ဒီရပ်ကွက်ပိုင်းတွေ ကျနော်တို့ဆို ဒီမရမ်းကုန်း၊ လှိုင် ၊ သမိုင်းဘက်မှာတော့ အရင်နှစ်တွေ ထက်ကို နည်းနည်းလေးပိုပြီးတော့ စည်ကားမှုတွေရှိတာကိုတွေ့ရတယ် ဒီနှစ်ကတော့။ ဟုတ်ကဲ့ ပြီးခဲ့တဲ့နှစ်ကတော့ တနေရာထဲမှာ စုပြုံပြီး လူငယ်တွေပျော်ကြတယ်ပေါ့။ ဒီနှစ်ကတော့ မဏ္ဍပ်တွေကလည်း တချို့နေရာတွေမှာ ဆောက်လုပ်ခွင့်ပိတ်ထားတော့ အားလုံးက ရန်ကုန်မြို့အနှံ့မှာ ပျော်ကြ ပါးကြ ရွင်ကြတယ်ဆိုတော့ နေရာလေးတွေ နည်းနည်းလေး ပြန့်သွားတယ်ပေါ့နော်။ ဒါပေမယ့်လည်း လူငယ်ဆိုတဲ့သဘာဝနဲ့ ပျော်ရွင်ကြတာပါပဲ။ အားလုံးကလည်း နေရာနည်းနည်းပြန့်ပြီး ပျော်တဲ့သဘောပါပဲ။ ကျန်တာတော့ သိပ်ပြီးထူးထူးခြားခြားကြီး ပြောင်းလဲသွားတာတော့ မရှိပါဘူးခင်ဗျ။ စည်သင့်သလောက်စည်ပါတယ်ခင်ဗျ ။ ကျနော်တို့ ခြောက်ကပ်ကပ်ဖြစ်တယ် ဆိုတာတော့ မဟုတ်ဘူးခင်ဗျ။ အနုပညာရှင်တချို့ကလည်း ရန်ကုန်မှာရှိနေတယ်ဆိုတော့ စည်သင့်သလောက်တော့ စည်ပါတယ်အမ။ လောလောဆယ်ကတော့ ပြည်လမ်းပေါ့နော်။ ပြည်လမ်းတဝိုက်ကတော့ စည်ကားမှုရှိပါတယ်။ ကျနော်တို့အမြင်ကတော့ လောလောဆယ်ပြည်လမ်းစည်ကားတယ်။ နောက်ကျနော်တို့ ရန်ကုန်မြို့တော်ဝန် မြို့တော်ခန်းမနား ဗဟိုမဏ္ဍပ်ပိုင်းတွေ မြို့တွင်းပိုင်းတွေလည်း စည်ပါတယ်ခင်ဗျ။ ဒီနှစ်ကတော့ အယ်နီညှိရှိတော့ ပိုပူပါတယ်ခင်ဗျ။ ရာသီဥတုကတော့ ပိုပူပါတယ်။ ရဲအင်အားတွေလည်းသိသိသာသာတိုးချထားတာတွေ့ရပါတယ်။”

မန္တလေးမြို့မှာတော့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး အဖမ်းအဆီး တချို့ ရှိပါတယ်။ ရန်ကုန်မှာတော့ အဖမ်းအဆီး သတင်းတွေ မရှိသေးပါဘူး။ ရဲအင်အားကိုတော့ သိသိသာသာ ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် ရာသီဥတုက ပူပြင်းလွန်းတာကြောင့် ကျန်းမာရေး ထိခိုက်မှုတွေ၊ ယာဉ်မတော်တဆမှုတွေလည်း ရှိနေပါတယ်။ မြန်မာ့ ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် ကာလမှာ မူးယစ်ဆေးဝါး အန္တရာယ်နဲ့ မှုခင်းတွေ မဖြစ်ပွားစေရေးအတွက်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG