သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်သံချပ်တွေ ဆင်ဆာတင်ရတဲ့စနစ် အဆုံးသတ်ဖို့ တက်ကြွသူတွေတိုက်တွန်း


သင်္ကြန် သံချပ်အဖွဲ့လေ့ကျင့်နေစဉ်
သင်္ကြန် သံချပ်အဖွဲ့လေ့ကျင့်နေစဉ်

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်နဲ့ သံချပ်ထိုးတဲ့ အလေ့အထဟာ ကနေ့ခေတ်မှာ ဘယ်လိုမှ ခွဲခြားလို့ မရနိုင်တဲ့ အစဉ်အလာ တခုပါ။ အရင် အာဏာရှင်တွေခေတ်က သံချပ်ထိုးခွင့် ပိတ်ပင်ခံခဲ့ရတာတွေ ရှိသလို၊ ခွင့်ပြုတဲ့အခါမှာလည်း စာသားတွေကို ဆင်ဆာ ကြိုတင်ရတာတွေ ရှိပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုတွေ ဖော်ဆောင်နေတဲ့ လက်ရှိ ဒီမိုကရေစီခေတ်မှာတော့ သံချပ်တွေကို ဆင်ဆာတင်ဖို့ မလိုအပ်သင့်တော့ဘူးလို့ အများစုက ယူဆနေကြပါတယ်။ ၂၀၁၈ ခုနှစ် အတာသင်္ကြန်အတွက် ပြင်နေတဲ့ သံချပ်အဖွဲ့တွေရဲ့ သဘောထားတွေကို ကိုထက်အောင်ခန့်က စုစည်း တင်ပြပေးထားပါတယ်။

အခုနှစ် သင်္ကြန် သံချပ်အဖွဲ့တွေမှာ ဆင်ဆာတင်တဲ့ အဖွဲ့တွေရှိသလို ဆင်ဆာမတင်ဘဲ ဖျော်ဖြေကြတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။ အရပ်သားအစိုးရသစ် တက်လာတဲ့နောက်ပိုင်းမှာ သင်္ကြန်သံချပ်တွေ ဆင်ဆာကင်း လွတ်ခွင့်ရမယ်လို့ မျှော်လင့်နေကြပေမယ့် ထင်သလိုတော့ ဖြစ်မလာခဲ့ပါဘူး။

NLD အစိုးရ တက်လာတာ ၂ နှစ်ကျော် ရှိလာပြီ ဖြစ်ပေမယ့်လည်း သံချပ်အဖွဲ့တွေဟာ ဆင်ဆာ တင်နေရဆဲပဲ ဖြစ်ပါတယ်။

အခုလို အရပ်သား ဒီမိုကရေစီအစိုးရလက်ထက်မှာ ဆင်ဆာတင်ခိုင်းတဲ့အတွက် နောက်ဘယ်အစိုးရ တက်တက် ဆင်ဆာ တင်ရနေရအုံးမှာ ဖြစ်လို့ ဆင်ဆာ မတင်ဘူးလို့ ပြောလာသူကတော့ "ဒေါင်းတို့မျိုးဆက်" အဖွဲ့က ဇေယျာလွင်ပဲ ဖြစ်ပါတယ်။

" ဒီမိုကရေစီအစိုးရဖြစ်တာနဲ့အညီ သင်္ကြန်ရောက်ရင်တော့ ဆင်ဆာတွေ မတင်ခိုင်းတော့ဘူးပေါ့ ဒီသံချပ်ကို ကျနော်တို့ကိုယ်တိုင်မျှော်လင့်ခဲ့ဖူးတယ်။ သင်္ကြန်ရောက်ရင်တော့ ငါတို့ သံချပ်တွေ မတင်ရတော့ဘူး ဆင်ဆာတွေမရှိတော့ဘူးလို့ တွေးခဲ့ဖူးတယ်။ တကယ့်ဒီအစိုးရလက်ထက်ရောက်သည့်တိုင်အောင် ဒါတွေကတော့ ရှိနေတုန်းပဲ ။ ဆိုတော့ ကျနော်ထင်တယ် ဒီလို ပြည်သူကရွေးကောက်တင်မြောက်တဲ့ အစိုးရလက်ထက်မှာတောင် ရှိနေတုန်းပဲဆိုရင် နောက်ဘယ်လိုအစိုးရလက်ထက်မှာပဲဖြစ်ဖြစ် ဆင်ဆာဆိုတာက ရှိဦးမှာပဲ။ အဲဒီတော့ ကျနော်တို့ အသင်းအဖွဲ့အနေနဲ့ကတော့ ကျနော်တော့ လုံးဝမတင်ဘူး။"

အစိုးရအနေနဲ့ ဒို့တာဝန် အရေးသုံးပါး ထိခိုက်စေတဲ့ အသုံးအနှုန်းတွေ၊ ဘာသာရေး၊ လူမျိုးရေး ထိခိုက်စေတဲ့ အသုံးအနှုန်းတွေ မပါဝင်စေရေးအတွက် စီစစ်ရေးကော်မတီ ဖွဲ့ပြီး ရွတ်ဆိုမယ့် သံချပ်တွေကို စီစစ်ပြီး ခွင့်ပြုပေးနေတာ ဖြစ်ပါတယ်။

သံချပ်တွေကို ဆင်ဆာတင်ပြီး စီစစ်တာဟာ အစိုးရအနေနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်ချုပ်ချယ်တာ ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က တင်ဆက်မယ့် "တို့ဗမာသံချပ်အဖွဲ့" က သင်္ကြန်မှာ တင်ဆက်ပြသဖို့အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေပါပြီ။ တို့ဗမာ သံချပ်အဖွဲ့ဟာ အလုပ်သမား သမဂ္ဂများ စုပေါင်းဖွဲ့စည်းထားတဲ့ သံချပ်ဖြစ်ပြီး ဒါဟာ နှစ်ပေါင်း ၇၀ အတွင်းမှာ သမဂ္ဂတွေအနေနဲ့ ပထမဆုံးအကြိမ် ပါဝင်ခြင်းလည်း ဖြစ်ပါတယ်။

တို့ဗမာသံချပ်အဖွဲ့ရဲ့ စာသားတွေက အလုပ်သမားရေးရာ အငြင်းပွားမှုတွေ၊ တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးကို အဓိကထား ရင်ဖွင့်ထားပါတယ်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကတော့ သင်္ကြန်မှာ တင်ဆက်မယ့် သံချပ်အဖွဲ့တွေ အနေနဲ့ သံချပ်စာသားတွေကို ဆင်ဆာတင်ဖို့ ကြေငြာထားတဲ့အပေါ် လက်မခံ နိုင်တာကြောင့် ဆင်ဆာမတင်ဘဲ တင်ဆက်သွားမယ်လို့ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်ရဲ့ အောက်ဗမာပြည် စည်းရုံးရေးတာဝန်ခံ ကိုကျော်မျိုးက ပြောပါတယ်။

“သင်္ကြန် သံချပ်နဲ့ပတ်သတ်လို့ ဒီဟာက ကျွန်တော်တို့ တစ်နှစ်တာအတွင်းမှာ ပြည်သူတွေ ဖြစ်ပျက်နေတဲ့ ဟာတွေကို ကျွန်တော်တို့ သင်္ကြန်မှာ အပြုသဘောဆောင်တဲ့ ဝေဖန်မှုလေးတွေ ကျွန်တော်တို့တွေက ပြောတာ။ ပြီးတော့ အဲဒီဟာကို ဘာဖြစ်လဲဆိုတော့ ဒီကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောထားတာရှိတယ်။ အဝေဖန်မခံနိုင်ရင် နိုင်ငံရေးမလုပ်နဲ့ အခု ကျွန်တော်တို့ သင်္ကြန်သံချပ်တွေက အပြုသဘောဆောင်တဲ့ ဝေဖန်ရေးပေးတာပဲ။ ဒါကိုသူတို့က လက်မခံနိုင်လို့ သံချပ်တွေကို ဆင်ဆာတင်၊ သူတို့တွေ စိတ်ကြိုက် ဟာကိုပဲ ကျွန်တော်တို့သံချပ်စာသား ထိုးခွင့်ပြုမယ်ဆိုတော့ ကျွန်တော်တို့ တချို့အရာလေးတွေမှာ ထောက်ပြထားတာလေးတွေကျရင် သူတို့တွေကပယ်မှာ။ အဲဒီလိုပုံစံမျိုး၊ ပြီးတော့ ကျွန်တော်တို့ သံချပ်စာသားတွေကို ဘောင်တစ်ခုထဲကို ဆွဲထည့်တယ်လို့ ကျွန်တော်တို့တွေက ယုံတယ်၊ ခံယူတယ်ပေါ့။ ကျွန်တော်တို့တွေက အဲဒီအတွက်ကို သံချပ်ကို ဆင်ဆာမတင်ဘဲ ဒီအတိုင်းပဲ ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း ချပြမှာပေါ့။”

တို့ဗမာသံချပ်အဖွဲ့အနေနဲ့ သင်္ကြန်မှာ ရန်ကုန်မြို့တွင်း လိုက်လံ ဖျော်ဖြေမှာဖြစ်ပြီး မဏ္ဍပ်တစ်ချို့နဲ့လည်း ချိတ်ဆက် ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

သင်္ကြန်သံချပ်တွေဟာ အစဉ်အလာအားဖြင့် ပြည်သူ လူထုအကြား နေ့တဓူ ကြုံတွေ့ ခံစားနေရတဲ့ အခက်ခဲ၊ အကြပ်တည်းတွေဖြစ်တဲ့ စားဝတ်နေရေး၊ ကုန်ဈေးနှုန်း၊ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို ဟာသနှောပြီး ရင်ဖွင့် ဖော်ပြကြတာ ဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးစ ဒီမိုကရေစီ အစိုးရလက်ထက်အတွင်း ဝန်ကြီးချုပ်ကိုယ်တိုင် သူ့ကို ဖေဝန် ရေးသားထားတဲ့ သံချပ် စားသားတွေကို အပြုံးမပျက် လက်ခံခဲ့တဲ့ အစဉ်အလာ ရှိခဲ့ဘူးပါတယ်။ ဒါကြောင့်လည်း သင်္ကြန် သံချပ်ထိုးသူတွေက သူတို့ရဲ့ စာသားတွေကို ယဉ်ကျေးစွာ ရေးသားကြသလို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒါကို ဘွေမယူဘဲ နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းကြရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG