သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန် ပထမအကြတ်နေ့ ပွဲတော်များ


မြန်မာရိုးရာ အတာသင်္ကြန် ပထမ အကြတ်နေ့ ရန်ကုန်မြို့မြင်ကွင်း။
မြန်မာရိုးရာ အတာသင်္ကြန် ပထမ အကြတ်နေ့ ရန်ကုန်မြို့မြင်ကွင်း။

ရန်ကုန်မြို့မှာ ပိုက်ဆံပေးပြီးပက်ရတဲ့ စီးပွားရေး မဏ္ဍပ်ကြီးတွေ လျော့နည်း သွားတဲ့အတွက် ၊ ရပ်ကွက် အတွင်း မဏ္ဍပ်ငယ်တွေ ပိုများလာပြီး ၊ လူတန်းစားပေါင်းစုံ ပျော်ရွှင်ဆင်နွဲနိုင်တဲ့ သင်္ကြန်ဖြစ်လာတယ်လို့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူကပြောပါတယ်။ ဦးကျော်သူဦးဆောင်တဲ့ နာရေးကူညီမှုအသင်းက ပေးဆပ်သူများအဖွဲ့ဟာ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်က ဖိတ်ကြားချက်နဲ့ အဲဒီမှာ ပထမဆုံးအကြိမ် သွားရောက်ပြီး သံချပ်နဲ့ ဖျော်ဖြေခဲ့တာပါ။ ရန်ကုန် နဲ့ မန္တလေးမြို့တွေရဲ့ သင်္ကြန် ပထမအကြတ်နေ့အခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ။်

မင်းသားကျော်သူ အဖွဲ့ သံချပ်ဖျော်ဖြေ
မင်းသားကျော်သူ အဖွဲ့ သံချပ်ဖျော်ဖြေ

မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်တဲ့ အတာသင်္ကြန်ကို နိုင်ငံတဝှမ်း ကျင်းပနေကြတာမှာ ဒီကနေ့ ပထမအကြတ်နေ့မှာတော့ ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်မှာ ရုပ်ရှင်မင်းသားကျော်သူဦးဆောင်တဲ့ နာရေးကူညီမှုအသင်း ရဲ့ ပေးဆပ်သူများအဖွဲ့ကလည်း သံချပ်နဲ့ ဖျော်ဖြေ တင်ဆက်ခဲ့ပါ တယ်။ ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်မှာ ဒီကနေ့ လူထုကို ဖျော်ဖြေခဲ့တဲ့အခြေအနေကိုတော့ ဦးကျော်သူက ဗွီအိုအေကို အခုလို ပြောပါတယ်။

" ကျနော်တို့ကို မြို့တော်ဝန်မဏ္ဍပ်က ဖိတ်တယ်လေ ဖိတ်တော့ ကျနော်တို့သွားတယ်။ အစက ၁၁ နာရီသွားရမှာ ရှေ့က မနက်ပိုင်းက ကျနော်ကလည်း နာရေးလမ်းကြောင်းတခု ကားမောင်းတယ်။ ကားမောင်းပြီးတာနဲ့ သွားနေတဲ့ ကားအဖွဲ့နဲ့ လမ်းမှာ ကြုံပြီးတော့ လမ်းမှာ ဆင်းပြီး ကျနော် လိုက်သွားတာ။ လမ်းမှာ ကားပိတ်တော့ နည်းနည်းနောက်ကျသွားတော့ ၁၂နာရီလောက်မှ ရောက်သွားတယ်။ ရောက်သွားတော့ ပရိတ်သတ်ကလည်း တော်တော်အားပေးပါမယ်။

မြို့တော်မဏ္ဍပ်မှာ ကျနော်တို့ ဒီလို သံချပ်အဖွဲ့ တက်ရတာ ဒါ ပထမဆုံးဦးပေါ့လေ။ အရင်တုန်းကဆိုရင် သံချပ်အဖွဲ့တွေ ဆို လုံးဝ လက်ခံတာမဟုတ်ဘူး။ ကျနော်လည်း အရင်တုန်းက အရင်အစိုးရလက်ထက်က မြို့တော် မဏ္ဍပ်ပေါ် တခါမှ မရောက်ဖူးဘူး။ ဒါဟာ ကျနော့်ရဲ့ ပထမဆုံး ရောက်တာပါ ဒီစင်ပေါ်ကို။"

သင်္ကြန်အကြတ်နေ့မြင်ကွင်း
သင်္ကြန်အကြတ်နေ့မြင်ကွင်း

အရင် နဝတ၊ နအဖ စစ်အစိုးရလက်ထက်တွေတုန်းက မြန်မာ့ရိုးရာသင်္ကြန်ရဲ့ လက္ခဏာတွေထဲက တခုဖြစ်တဲ့ သံချပ်ထိုးတာတွေကို တင်းကြပ်မှုတွေ ရှိခဲ့တာကြောင့် ၊ သံချပ်ဟာ နောက်ပိုင်းမှာ လူထုကြားမှာ အတော်လေးကို တိမ်ကောလုနီးပါဖြစ်လာခဲ့တာပါ။

ပေးဆပ်သူများ သံချပ်အဖွဲ့
ပေးဆပ်သူများ သံချပ်အဖွဲ့

အထူူးသဖြင့် အစိုးရဌာနဆိုင်ရာမဏ္ဍပ်တခုလို နှစ်ပေါင်းများစွာရှိလာခဲ့တဲ့ မြို့တော်ခန်းမ မဏ္ဍပ်ကနေ အခုလိုသံချပ် နဲ့ ဖျော်ဖြေခဲ့တာဟာ အစိုးရသစ် တက်လာပြီး နောက်ပိုင်း ပထမဆုံးအကြိမ်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ပထမဆုံးအကြိမ် သံချပ်နဲ့ ဖျော်ဖြေခွင့်ရခဲ့တဲ့အပေါ်မှာ ဦးကျော်သူ အခုလို ပြောပါတယ်။

" ကျနော်တို့က အနှစ်နှစ်အလလ မြိုသိပ်ထားတဲ့ စကားလုံးတွေပေါ့လေ။ ဒါပေမဲ့လည်း ကျနော်တို့လည်း ဒီသံချပ်ကိုတော့ ဒီနှစ်က အခုအစိုးရသစ်က ဆင်ဆာ မလုပ်ဘူးဆိုတော့ ကျနော်တို့က ပိုပြီးတော့ ကိုယ့်စည်း ကိုယ်စောင့်ရတယ်။ ပါစင်နယ်ကိစ္စတွေ မပါဖို့ ဒီဟာကို ကျနော်တို့က ထိန်းထိန်းသိမ်းသိမ်းနဲ့ သံချပ်စကားလုံးတွေ ရေးရတယ်။ ရေးပြီးတော့ ကိုယ့်ကိုကိုယ်ထိန်းသိမ်းမှ ရမှာပေါ့ ဆင်ဆာ မရှိဘူးဆိုတော့ ဆင်ဆာ မရှိဘူးဆိုပြီး စည်းလွတ်ဝါးလွတ်က လုပ်လို့မဖြစ်ဘူး။ ကိုယ့်စည်းကမ်း ကိုယ်ထိန်းသိမ်းပြီးတော့ ဒါ ကျနော်တို့ သံချပ်တိုင်ခဲ့တယ်ပေါ့လေ။ ပြည်သူလူထုကလည်း သဘောပေါက်တယ်။ သူတို့လည်း အရမ်းကျေနပ်ကြတယ်။ အားပေးမှုကို တော်တော်ခံရပါတယ်။ "

ဦးကျော်သူဦးဆောင်တဲ့ နာရေးကူညီမှု အသင်းရဲ့ ပေးဆပ်သူများ သင်္ကြန်သံချပ် အဖွဲ့ နိုင်ငံတဝှမ်း သိမ်းယူခံခဲ့ရတဲ့ သချိုင်းတွေနဲ့ ပတ်သက်ပြီး အဓိက သံချပ်ထိုးခဲ့တဲ့ အပြင်၊ အစိုးရသစ်လက်ထက် နိုင်ငံရေးအခင်းအကျင်းသစ်မှာ အားလုံး စည်းစည်းလုံးလုံး ရှေ့ဆက်ဆောင်ရွက်ကြဖို့ နှိုးဆော်တဲ့ သံချပ်တွေထိုးခဲ့တယ်လို့ ရန်ကုန်မြို့အတွင်း စီးပွားရေးမဏ္ဍပ်တွေ တည်ဆောက်ခွင့်တွေကို သူကပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရသစ် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အခုနှစ် ရန်ကုန်သင်္ကြန်နဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုတော့ ဦးကျော်သူက အခုလို ပြောပါတယ်။

"သင်္ကြန်ကတော့ ဒီနှစ်ကတော့ ကျနော်တို့ လူတန်းစားညီမျှမှုဖြစ် သွားတယ်လို့ ပြောလို့ရသွားတယ်။ ဥပမာ အရင်တုန်းက ပိုက်ဆံပေးပြီး တက်ရတဲ့ မဏ္ဍပ်ကြီးတွေ တီးဝိုင်းတွေ အဆိုတွေ ပါတဲ့ မဏ္ဍပ်တွေမှာ လူတွေက ပုံနေတယ်။ ရပ်ကွက်ထဲကလူတွေဆိုရင် ကိုယ့်ရပ်ကွက်ထဲမှာတောင် ရေမကစားနိုင်ဘူး။ အဲ့ဒီ့နေရာမှာ သွားပြီးတော့ ငေးမောပြီးကြည့်ရတယ်။ တချို့ မူးရူးနေတာ ဒါမျိုးတွေဖြစ်တာတွေ။

အခုဆိုရင် မဏ္ဍပ်လေးတွေ သူ့ ရပ်ကွက်ထဲက လမ်းလေးတွေမှာ သူ့ရပ်ကွက် သူ့အိမ်ရှေ့လေးတွေမှာ အုန်းလက်မဏ္ဍပ်လေးတွေ တပိုင်တနိုင်လေးတွေ လုပ်လာတာ ဒါလေးတွေက ချစ်စရာကောင်းတယ်။

ကျနော်တို့ ကားမောင်းရ သွားရတာလည်း တော်တော်လေး အဆင်ပြေတယ်။ ဒါပေမဲ့ မဏ္ဍပ်ကြီးတွေရှိတဲ့နေရာတွေကတော့ ကားမောင်းရတာ တော်တော်လေး စိတ်ရှည်ရှည်နဲ့ မောင်းရတာပေါ့လေ။ မူးတာလည်း မူးကြတာပဲ မူးတဲ့သူတွေလည်းရှိတယ်။ ရန်ဖြစ်တဲ့သူတွေလည်း ရှိတယ်။ ဒါ အပျော်မကျူးဖို့ပဲ။ ကျနော်တို့ ကိုယ့်ကိုကိုယ် ထိန်းမှပဲ ရမှာ။ အဲ့ဒီ့ဟာတော့ ကျနော်မြင်ပါတယ်။"

တခါ မန္တလေးဘက်မှာဆိုရင်လည်း ကျုံး ၄ ဘက်စလုံးမှာ သင်္ကြန်ရေကစားသူတွေနဲ့ စည်းကားနေတယ်လို့ သိရပါတယ်။ မန္တလေးသင်္ကြန်အခြေအနေနဲ့ ပတ်သက်ပြီး Lazy Club တီးဝိုင်းက လိဒ်ဂစ်တာသမား ကိုနိုင်ဇော်က အခုလိုပြောပါတယ်။

"ပျော်ပျော်ရွှင်ရွှင် စည်စည်ကားကားပါပဲ။ ရန်ကုန်က တီးဝိုင်းတွေလည်း အများကြီးပါပဲ။ အဲ့တော့ မန္တလေးသင်္ကြန်က ကျနော်ထင်တယ်။ ရန်ကုန်ထက်တောင် ပိုစည်တယ်ထင်တယ်။ ရန်ကုန်ကလူတွေ အကုန်လုံး မန္တလေး ရောက်နေကြ တယ်ဗျာ။ ဆိုင်ကယ်တွေလည်း တအားများတယ်။ ကားတွေကလည်း ကျုံးပတ်ပတ်လည်မှာ တော်တော်များပါတယ်။ ဒါပေမဲ့ တခုရှိတာ ကျနော်တို့ မဏ္ဍပ် တွေ အားလုံး တူတဲ့အချက်ကတော့ မန်းသင်္ကြန်က သူ့ဟာသူ မဏ္ဍပ်ကြီး ဘယ်လောက်ကြီးကြီး ဘယ်လောက်ပဲ အဆိုတော်ကောင်းကောင်း ကျုံးရဲ့ ရှေ့က ပေးတဲ့ မဏ္ဍပ်ကလည်း သတ်မှတ်ထားတဲ့ ဧရိယာပဲလေ။ မဏ္ဍပ်အားလုံး ဖျော်ဖြေခွင့်ရတဲ့ နေရာကတော့ အတူတူပဲခင်ဗျ။ ကျနော်မြင်တာကလေ အားလုံးမျှတယ်ပေါ့ဗျာ။ "

Lazy Club တီးဝိုင်းအပြင်၊ နာမည်ကြီး Iron Cross တီးဝိုင်းအပါဝင် တခြား နာမည်ကြီး အနုပညာရှင်တွေ အတော်များများလည်း မန္တလေးမြို့မှာ ဖျော်ဖြေနေကြတယ်လို့ သိရပါတယ်။

XS
SM
MD
LG