သုံးရလွယ်ကူစေသည့် Link များ

မွန်၊ ကရင်နဲ့ တနင်္သာရီမှာ မာရသာ မုန်တိုင်း နောက်ဆက်တွဲ သတိပေးချက် ထုတ်ပြန်


မာရသာဆိုင်ကလုံးမုန်တိုင်းအရှိန်ကြောင့် မွန်ပြည်နယ် ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသကြီးတွေ မှာ မိုးများ ရေကြီး မြေပြိုမှု စတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ ဂျပန်အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီ ရဲ့ သတိပေးချက်ကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးကနေ သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်ဖို့ သက်ဆိုင်ရာ ဒေသတွေရဲ့ အစိုးရအဖွဲ့တွေကို ညွှန်ကြားထားပါတယ်။ ဒေသခံအစိုးရ အဖွဲ့တွေအနေနဲ့လဲ သဘာ၀ ဘေးအန္တရာယ် ကာကွယ် နိုင်ဖို့ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ပြည်နယ်တာဝန်ရှိသူတွေကပြောပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန် ကနေသတင်းပေးပို့ထားပါတယ်။

ဂျပန်အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီရဲ့ သတိပေးချက်အရ မွန်ပြည်နယ် ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသကြီးတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်ကို ကြိုတင်ကာကွယ် နိုင်ဖို့ သက်ဆိုင်ရာ တိုင်း ပြည်နယ်ဌာနဆိုင်ရာတွေ ကို သတိပေး အကြောင်းကြားထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

“ကျနေ်ာတို့ကနေပြီးတော့ ဘာပဲဖြစ်ဖြစ် မုန်တိုင်းရဲ့နောက်ဆက်တွဲအနေနဲ့ကတော့ ရေကြီးတာတို့ ၊ မြေပြိုတာတို့ဖြစ်နိုင်တယ် လို့ဆိုတဲ့အတွက်ကြောင့် ကျနေ်ာတို့က ပြည်သူတွေကို အသိပေးပြီးတော့ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်ခင်ဗျ။ ထုတ်ပြန်ထားတာကတော့ မိုးရွာသွန်းမှု များနိုင်တယ်ပေါ့နော်။ မိုးရွာသွန်းမှုများနိုင်တဲ့အတွက်ကြောင့် ဒီတောင်ပိုင်းဒေသတွေမှာ အထူး သတိပြုဖို့လိုတယ်၊ ရေကြီးနိုင် ပါတယ်။ မြေပြိုတာတွေလည်းဖြစ်နိုင် ပါတယ်ပေါ့နော် ဒါမျိုးကို ပြောတာပါခင်ဗျ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ပြည်သူတွေကတော့ အသိသတိနဲ့ နေရင်ကောင်းတယ်လို့ ကျနေ်ာတို့ကတော့ ထပ်ဆင့်သတိပေးတာ ကြိုတင်ပြင်ဆင်တာတွေလုပ်တာပါခင်ဗျ။”

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း မာရသာဟာ ကုန်းတွင်းပိုင်းကိုဝင်ပြီး ပျက်ပြယ်သွားပေမယ့် မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကိုဦးတည်လာနိုင်ပြီး ၁ နာရီကို မိုးရေချိန် ၁၀ မီလီမီတာ ဝ.၃၉လက်မကနေ၃၀မီလီမီတာ (၁.၁၈)လက်မအတွင်းရွာသွန်းနိုင်ခြေရှိပြီး (၃)ရက်အတွင်း မိုးကြီးနိုင်တယ်လို့ ဂျပန်အာကာသစူးစမ်းလေ့လာရေး အေဂျင်စီကနေသတင်းပေးပို့လာတယ်လို့ဝန်ကြီးဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။ မွန်၊ တနင်္သာရီနဲ့ ကရင်ပြည်နယ်တွေမှာ နောက် ၇၂ နာရီအတွင်း ရေကြီးတာ၊ မြေပြိုတာတွေရှိနိုင်ကြောင်းနဲ့ ကြိုတင်ကာကွယ်နိုင်ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည် နေရာချထားရေးဝန်ကြီးကနေ မနေ့ အကြောင်းကြားထားပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ရဲ့ သတင်းပေးပို့ချက်အရ ကရင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ကရင်ပြည်နယ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကြိုတင် ပြင်ဆင်မှုတွေ လုပ် ဆောင်နေတယ်လို့ သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်းကပြောပါတယ်။

“ကျနော်တို့ဘက်က ဘားအံမှာ storm shelter နောက်တခုက လှိုင်းဘွဲ့ဘက်မှာဆိုရင် ဆင်ကူဆိုတဲ့ရွာရှိတယ်။ အဲဒီဘက်က မြေနည်းနည်းနိမ့်တာကို အဲဒီဘက်မှာ Storm shelter တခု အဲလိုကျနော်တို့ ဆောက်လုပ်ထားတာပေါ့လေ။ ကျန်တဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အရောက်သတိပေးထားပါ။ မိုးရေလက်မ ဘယ်လောက်ဘယ်လောက်များနိုင်ပါတယ်။ ကျနော်တို့ ဦးဝင်းမြတ်အေးညွန်ကြားတဲ့အတိုင်း မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး တွေကို Alert လုပ်ထားတယ် ၊ အားလုံးကို ကျနေ်ာတို့ နိုးဆော် ထားပြီးသားလည်းဖြစ် တယ်။ ကျနော်တို့စိုးရိမ်တာက လှိုင်းဘွဲ့မြို့အနီးအနားတဝိုက် ၊ ကော့ကရိတ် မြို့နယ် မြစ်ကမ်းနား အနီးအနားတဝိုက် အကုန်လုံးကို ကျနေ်ာ တို့ ရေမြုပ်နိုင်တဲ့နေရာတွေ မှန်သမျှ ကျနေ်ာတို့ပြောထားပြီး သားဖြစ်ပါတယ်။ မြေပြိုနိုင်တဲ့ သံတောင်မြို့နယ်တွေ လိုမျိုးကိုလည်း ကျနော်တို့ ပြောထားပြီးသားဖြစ်ပါတယ်။”

တနင်္သာရီတိုင်းဒေသကြီးဘက်မှာလဲ သဘာဝဘေးအန္တရာယ်ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ တိုင်းလွှတ် တော်ဒုဥက္ကဌဦးကြည်စိုးကပြောပါတယ်။

“ကျနော်တို့ တနင်္သာရီတိုင်းဒေသကြီးသဘာ၀ ဘေးအန္တရာယ်တွေ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေအတွက် အဆင်သင့်ဖြစ်အောင်လို့တော့ ကျနော်တို့ သက်ဆိုင်ရာ ဌာနတွေကတော့ ကြိုတင်ပြင်ဆင်ထားပါတယ်ခင်ဗျ။”

မွန်ပြည်နယ်ဘက်မှာ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထား တဲ့အကြောင်းကိုတော့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သန်းဝင်းက အခုလိုပြောပါတယ်။

“မုန်တိုင်းနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ ပြည်သူလူထုကို အသိပေးရမယ့်ဟာတွေကို ခရိုင်ကို အကြောင်းကြားထားတယ်။ နောက်ပြီးဆောင်ရွက်ရမယ့် ကယ်ဆယ်ရေးတွေ၊ နောက်ပြီး ဒီသဘာဝဘေးအန္တရယ်ဖြစ်ခဲ့ရင် ကူညီကယ်ဆယ်စောင့်ရှောက်ဖို့အတွက် လူအင်အား ၊ ပစ္စည်းအင်အား အားလုံးအတွက်ကိုလည်း အဆင်သင့်ဆောင်ရွက်ထားတယ်။”

ဧပြီလ(၁၅)ရက်နေ့ကစပြီး မာရသာဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၊ တောင်ကုတ်၊ ကျောက်ဖြူနဲ့ သံတွဲမြို့နယ်တွေ၊ ဧရာဝတီတိုင်းဒေသကြီးမှာဆိုရင် မော်လမြိုင်ကျွန်း၊ ဟင်္သာတ၊ လပွတ္တာ၊ ဟိုင်းကြီးကျွန်း မကွေးတိုင်းဒေသကြီးမှာဆိုရင် မင်းဘူးနဲ့မြို့သစ်မြို့နယ်တွေမှာ အိမ်အမိုးလန်တာ၊ အိမ်ပျက်စီးတာ၊ နံရံပြိုကျ တာတွေ ဖြစ် ခဲ့တယ်လို့ အစိုးရကနေသတင်းထုတ်ပြန်ထားပါတယ်။

ဧပြီလ(၁၅)ရက်နေ့ကစပြီး တိုက်ခတ်ခဲ့တဲ့မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ အိမ်ခြေ(၁၄၆)လုံးပျက်စီးခဲ့သလို ဧရာဝတီတိုင်းဒေသကြီးဘက်မှာ လူ(၄)ဦးအထိသေဆုံးခဲ့ပြီး အိမ်ခြေ(၆၀)နီးပါးပျက်စီးသွားခဲ့ပါတယ်။

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကို ရခိုင်ပြည်နယ်ဘက်ကလွှဲပြီး ကျန်တဲ့ဒေသတွေကို အတည်မပြု နိုင်သေးဘူးလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။

“ရခိုင်ဘက်ကိုတော့ ကျနေ်ာတို့တန်ဖိုးတွက်ပေးတယ်၊ ကျန်တဲ့နေရာတွေကိုတော့ တန်ဖိုးမတွက်ပေးဘူး ရခိုင်ဘက်ကိုတော့တန်ဖိုးတွက်ပေးတာကတော့ သိန်း ၃၈၀ ကျော်လောက်ရှိပါတယ်ခင်ဗျ။ ဆုံးရှုံးမှုကတော့ နည်းတယ် လို့ပြောရမှာပေါ့နော်။”

ဒီကနေ့ မိုးလေဝါသနဲ့ဇလဗေဒဌာနရဲ့ခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း(၆၀)ရှိ နေပါတယ်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိနေပါတယ်။

ကြာသပတေးနေ့ နံနက်ထိခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG