မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်းရဲ့ ၁၀% ဟာ နေ့စဉ် အငတ်ဘေးနဲ့ ရင်ဆိုင်နေရတယ်လို့ WFP ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာ ရှားပါးမှုဒဏ် ခံနေရသူဦးရေ တဖြည်းဖြည်း တိုးပွားလာနေတဲ့ အခြေအနေဟာ စိုးရိမ်ရတဲ့ အနေအထားကို ရောက်လာနေတယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂက မကြာခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံသား ၁၀ ယောက်မှာ ၁ ယောက်၊ တနည်းအားဖြင့် လူဦးရေ စုစုပေါင်းရဲ့ ၁၀% ဟာ အငတ်ဘေးဒဏ်နဲ့ ရင်ဆိုင်နေကြရတယ်လို့ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာကို အမျိုးသား စီမံကိန်း ၀န်ကြီးဌာနကလည်း လက်ခံ အတည်ပြုပေးထားတယ်လို့ WFP ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ခရစ်စ် ကေး (Chris Kaye) က ပြောပါတယ်။
“မြန်မာနိုင်ငံအတွင်းက မိသားစုတွေ ရင်ဆိုင်နေကြရတဲ့ အခက်အခဲတွေ အကြောင်း ပြုလုပ်ထားတဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အေဂျင်စီရဲ့ အစီရင်ခံစာအရ လူဦးရေ ၁၀% အငတ်ဘေးနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ အဲဒီအချက်ကို အမျိုးသား စီမံကိန်း ၀န်ကြီးဌာနက လက်ခံ အတည်ပြုပေးထားပါတယ်။ ကျနော်တို့ဘက်ကလည်း FAO နဲ့ ပူးပေါင်းပြီး ၂၀၀၉ ခုနှစ် ကုန်ပိုင်းတုန်းက ကောက်ပဲသီးနှံ အလုံအလောက် ရမရဆိုတဲ့ စစ်တမ်း ကောက်ပြီးတော့လည်း အဲဒီအချက်ကို ထပ်မံ အတည်ပြုနိုင်ခဲ့တာကြောင့် ဒါဟာ လူတိုင်းက လက်ခံထားတဲ့ အချက်တွေ ဖြစ်ပါတယ်။”
ပုံမှန်အားဖြင့် စားနပ်ရိက္ခာ ရှားပါးမှုဒဏ်ကို ရင်ဆိုင်ရတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ၃ နှစ်လောက် မိုးခေါင်ရေရှား ဖြစ်နေတာကြောင့် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ပိုခံရနိုင်တဲ့ အကြောင်းလည်း ခရစ်စ် ကေးက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ခြောက်သွေကဒေသလို့ လူသိများတဲ့ အလယ်ပိုင်းဒေသဟာ တိုင်းပြည်အတွင်း အဆင်းရဲဆုံး ဒေသလို့ သတ်မှတ်ထားပြီး ရာသီဥတု ပုံမှန်မရှိတဲ့အတွက် စားနပ်ရိက္ခာ ရှားပါးမှုဒဏ်ကို ရေရှည် ခံရနိုင်တယ်လို့လည်း ခရစ်စ် ကေးက ဆက်ပြောပါတယ်။
“အခြေအနေက သိသိသာသာကို ပိုပြီး ဆိုးရွားလာနေပါတယ်။ ဒါကို တဖြည်းဖြည်းချင်း လောင်ကျွမ်းစေခြင်းလို့ ကျနော် နာမည်ပေးထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဒေသမှာ စားနပ်ရိက္ခာ ရှားပါးအခြေအနေက တဖြည်းဖြည်း ပိုဆိုးလာနေလို့ပါ။ ကျနော်တို့ လုပ်ဖော်ကိုင်ဘက် အဖွဲ့တချို့ရဲ့ လေ့လာ တွေ့ရှိချက်တွေ အရလည်း ဒီဒေသက ကလေးငယ်တွေရဲ့ အာဟာရ ချို့တဲ့မှုဟာ အင်မတန် စိုးရိမ်စရာကောင်းတဲ့ အခြေအနေကို ရောက်နေပြီ ဆိုတာကို တွေ့ခဲ့ရတယ်။”
တိုင်းပြည်အတွင်း WFP က လုပ်ဆောင်နေတဲ့ တခြား စီမံကိန်းတွေ နည်းတူ ဒီဒေသဟာလည်း အထူး စိုးရိမ်စရာကောင်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်တဲ့အကြောင်း ခရစ်စ် ကေးက ပြောပါတယ်။
Dry Zone လို့ခေါ်တဲ့ အဲဒီ ခြောက်သွေ့ဒေသဟာ ပုံမှန်အားဖြင့်လည်း မိုးရေချိန် အနည်းဆုံးရတဲ့ဒေသ ဖြစ်တာကြောင့် မိုးရေကို မှီခိုနေရတဲ့ စိုက်ပျိုးလုပ်ငန်းတွေအတွက် ကြိုတင်ခန့်မှန်းရ ခက်ခဲပြီး ဆင်းရဲသားတွေ အနေနဲ့ စားနပ်ရိက္ခာ ရှားပါးမှုဒဏ်ကို ပိုခံစားကြရတယ်လို့ ခရစ်စ် ကေးက ပြောပါတယ်။
“ကျနော်တို့ ရင်ဆိုင်ရတဲ့ အကြီးဆုံး ပြဿနာက အခြေအနေမှန်ကို ပိုပြီး ပြည့်ပြည့်စုံစုံ လေ့လာစုံစမ်းခွင့် မရတဲ့ကိစ္စပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို ပြည့်စုံတဲ့ လေ့လာစုံစမ်းမှု လုပ်ခွင့်လည်း အာဏာပိုင်တွေက ကျနော်တို့ကို မပေးဘူးလေ။ ဒါကြောင့် အခုချိန်ဟာ အဲဒီလို လုပ်ပိုင်ခွင့် မီးစိမ်းပြဖို့ အချိန်ရောက်ပြီလို့ ကျနော်တော့ ထင်တယ်။ ဒါမှလည်း ပိုပြီး စိုးရိမ်စရာကောင်းတဲ့ ဒေသတွေ၊ အခက်အခဲ ပိုရင်ဆိုင်နေရတဲ့ သူတွေကို ထိရောက်တဲ့ အကူအညီတွေကို ကျနော်တို့ အချိန်မီ ပေးနိုင်မှာ ဖြစ်ပါတယ်။”
FAO ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ဟာ အခု မိုးခေါင်ရေရှားဖြစ်လို့ အငတ်ဘေးကြုံနေရတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းတင် မကဘဲ တခြား နယ်စပ် တိုင်းရင်းသားဒေသတွေ အပါအ၀င် မြန်မာနိုင်ငံ နေရာအတော်များများမှာလည်း စားနပ်ရိက္ခာ ထောက်ပံ့ရေး အစီအစဉ်တွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
FAO က အခုလို မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာ အကူအညီပေးရေး အစီအစဉ်ကို ချမှတ် လုပ်ဆောင်နေပေမဲ့လည်း မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အလှူရှင်တွေက ထောက်ပံ့ပေးတဲ့ ပမာဏဟာ တခြားဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် သိသိသာသာ နည်းလွန်းနေသေးတာကြောင့် ဘဏ္ဍာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဥပမာ ၂၀၀၇ ခုနှစ်ကဆိုရင် မြန်မာနိုင်ငံအတွက် ပေးတဲ့ ဖွံ့ဖြိုးမှု အထောက်အပံ့ဟာ ၄ ဒေါ်လာသာ ရှိခဲ့ပေမဲ့ ကမ္ဘောဒီးယားနိုင်ငံ အတွက်တော့ ၄၇ ဒေါ်လာနဲ့ လာအိုနိုင်ငံ အတွက်တော့ ၆၈ ဒေါ်လာ ထောက်ပံ့ပေးခဲ့တယ်လို့ ခရစ်စ် ကေးက ပြောပါတယ်။
အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေတဲ့ ဒေသတွေမှာ ကူညီထောက်ပံ့ပေးမယ့် ၃ နှစ် စီမံကိန်း အကောင်အထည် ဖော်ဖို့အတွက် အမေရိကန် ဒေါ်လာ ၁၂၂ သန်း အလှူရှင်တွေထံကနေ WFP က တောင်းဆိုထားတယ်လို့ သိရပါတယ်။