ထားဝယ်-ထီးခီးအဝေးပြေးလမ်းမကြီး စီမံကိန်းကြောင့် မြန်မာနိုင်ငံမှာသာရှိတော့တဲ့ ကမ္ဘာ့ရှားပါးမျိုးစိတ် တောရိုင်း တိရစ္ဆာန်တွေအပေါ် ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ ပညာရှင်တွေကပြောပါတယ်။ ဒီအကြောင်းဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်ကနေ ထိုင်း- မြန်မာနယ်စပ်ထိ ဖောက်လုပ်ထားတဲ့ ထားဝယ်-ထီးခီးလမ်း ကြောင့် ကမ္ဘာ့ ရှားပါးမျိုးစိတ် တောရိုင်းတိရစ္ဆာန်တွေဟာ မျိုးတုံးပျောက်ကွယ်မယ့် အလားအလာရှိနေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်သန်းကျင် ရန်ပုံငွေအဖွဲ့ WWF က အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့ပါတယ်။
ဒေါနတောင်တန်းကြီးကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ဒီလမ်းမကြီးဟာ ရှားပါးမျိုးစိတ်စာရင်းဝင်ဖြစ်တဲ့ အင်းကျား ၊ ပသျှူးဝက်ဝံ ၊ ဟိမဝန္တာဝက်ဝံ ၊ မျောက်လွှဲကျော် လက်ဖြူ စတဲ့ တောရိုင်းတိရစ္ဆာန်တွေဟာ မျိုးတုံး ပျောက်ကွယ်မယ့် အန္တရာယ် ခြိမ်းခြောက်ခံနေရတာလည်း ဖြစ်ပါတယ်။
အစီရင်ခံစာ ရေးသားတဲ့ WWF မြန်မာရဲ့ ထိန်းသိမ်းရေး အစီအစဉ် ညွှန်ကြားရေးမှူးဖြစ်သူ Nichk Cox က VOA ကို အခုလိုပြောပါတယ်။
"တချို့တိရစ္ဆာန်တွေကတော့ သူတို့ကအဝေးကြီးမသွားပါဘူး။ ၁ ကီလိုမီတာ ၂ ကီလိုမီတာလောက်ပဲ သွားတာမျိုးတွေရှိပါတယ်။ တချို့တိရစ္ဆာန်တွေကတော့ ကျင်လည်ကျက်စားတာ ပြောင်းသွားတာတွေလည်း ရှိပါတယ်။ သူတို့ကျက်စားတဲ့နေရာမှာ လမ်းကြီးပေါ်လာရင် သူတို့မကျက်စားနိုင်တော့ရင် မျိုးပွားဖို့အခက်အခဲ တွေဖြစ်လာရင် မျိုးပွားနှုန်းတွေက ကျသွားမယ်။ အဲ့အခါမှာ အဲ့ကလူတွေအတွက်ပါ သက်ရောက်မှုတွေရှိလာ နိုင်တယ်။ တောရိုင်းတိရစ္ဆာန်တွေမရှိတော့ဘဲ သစ်တောပြုန်းတီးသွားရင် ဂေဟစနစ်ကလည်း ပျက်သွားတဲ့ အတွက် အဲ့ဒေသမှာ နေထိုင်တဲ့လူတွေအတွက်လည်း သက်ရောက်မှုတွေ ရှိလာမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီလမ်းကြီးဟာ တောရိုင်းတိရစ္ဆာန်တွေအတွက် အရေးကြီးပါတယ်။"
မိုင် ၁၀၀ ခန့်ရှိတဲ့ ဒီလမ်းမကြီးဖောက်ချိန်မှာ ဇီဝမျိုးစိတ်မျိုးကွဲတွေ အတွက် သက်ရောက်တာတွေနဲ့ ရှောင်ရှားလျော့ချရမယ့် အချက်တွေကိုလည်း EIA အစီရင်ခံစာမှာ မဖော်ပြထားဘူးလို့လည်း Nichk Cox ကဆိုပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဖောက်လုပ်တုန်းက သစ်တောပြုန်းတီးတာတွေ ကြုံတွေ့ခဲ့ရပါသေးတယ်။ ထားဝယ်-ထီးခီးလမ်းမှာတော့ အခုလိုမဖြစ်အောင် အစိုးရတာဝန်ရှိသူတွေဆီကို အစီရင်ခံစာပေးပို့ထားပြီး အစိုးရဘက်ကလည်း ဒါတွေကို လုပ်ဆောင်မယ်လို့ Nichk Cox ယုံကြည်နေပါတယ်။
"ရန်ကုန်-မန္တလေး အမြန်လမ်းဖောက်တုန်းက သစ်တောတွေ ပြုန်းတီးခဲ့ပါတယ်။ အဲ့တုန်းကတော့ သူတို့မှာ အတွေ့အကြုံမရှိခဲ့ပါဘူး။ ထားဝယ်-ထီးခီးလမ်းကိုတော့ အဲ့လိုမဖြစ်အောင် အစိုးရကို အကြံပြုချက်တွေ ပို့ထားပါတယ်။ အစိုးရတာဝန်ရှိသူတွေကိုလည်း အိမ်နီးချင်း ထိုင်းနိုင်ငံအပြင် ဥရောပမှာ ဘယ်လိုတွေ လုပ်ဆောင်နေတယ်ဆိုတာကို ခေါ်ယူပြသခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီအစီရင်ခံစာကို ပြတဲ့ အချိန်မှာ အစိုးရဘက်ကလည်း စိတ်ဝင်စားပါတယ်။ သူတို့ဘက်က လိုလိုလားလားနဲ့ ဆောင်ရွက်မယ်လို့လည်း ယုံကြည်ပါတယ်။"
ဒီအစီရင်ခံစာမှာ တောရိုင်းတိရစ္ဆာန်တွေအပြင် သစ်တောပြုန်းတီးမှုကြောင့် ဂေဟစနစ်တွေ ပျက်စီးနိုင်တယ်ဆိုတဲ့ အချက်တွေကိုပါ ဖော်ပြထားပါတယ်။ ဒီလမ်းပိုင်းစနစ်ကိုတော့ နှစ်လမ်းသွား ကတ္တရာလမ်း အဆင့်မြှင့်တင်ဖို့ စီစဉ်ထားတာဖြစ်ပြီး ၂၀၂၀ အစောပိုင်းမှာ လမ်းဖောက်ခြင်း လုပ်ငန်းစတင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီဒေါနတောင်တန်းကြီးကို ဖြတ်ပြီး ဖောက်လုပ်မယ့် ထားဝယ်-ထီးခီးလမ်းစီမံကိန်းကိုတော့ ထိုင်းနိုင်ငံ ချေးငွေနဲ့တည်ဆောက်မှာဖြစ်ပါတယ်။