သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့တောဆင်ရိုင်း သတ်ဖြတ်မှု နှစ် ၃ဝ အတွင်း မျိုးပြုန်းနိုင်


 ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ အထိမ်းအမှတ် အခမ်းအနား
ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ အထိမ်းအမှတ် အခမ်းအနား

မြန်မာနိုင်ငံမှာ ဆင်စွယ်အတွက်သာမက ဆင်အရေပြား ရောင်းဝယ်ရေးအတွက်ပါ ဆင်မှန်သမျှ ခိုးယူဖမ်းဆီး သတ်ဖြတ်ခံနေရတဲ့ အခြေအနေ အလွန်ဆိုးရွားနေပြီး အချိန်မှီ မထိန်းချုပ်နိုင်ဘူးဆိုရင် အနှစ် (၃၀)အတွင်း မြန်မာအနေနဲ့ တောရိုင်းဆင်မျိုးတုန်းမယ့် အခြေအနေ ရှိနေကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေ အဖွဲ့ တာဝန်ရှိသူတဦးက သတိပေးပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်တွေကို ဥပဒေမဲ့ အမဲလိုက် သတ်ဖြတ်မှုတွေ၊ တရားမဝင် ရောင်းဝယ်မှုတွေ တိုးမြင့်လာနေကြောင်းလည်း ဝန်ကြီး ဦးအုန်းမြင့်က ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ပြုလုပ်တဲ့ မတ်လ (၃)ရက်နေ့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ အထိမ်းအမှတ် အခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

ရှားပါးပြီး မျိုးတုန်းမယ့်အန္တရာယ် ရင်ဆိုင်နေရတဲ့ တောရိုင်းတိရစ္ဆာန်တွေကို မြန်မာနိုင်ငံမှာ ဥပဒေမဲ့ သတ်ဖြတ်ပြီး တရားမဝင် ကုန်သွယ်ရောင်းဝယ်မှုမြင့်မားလာနေတဲ့ အခြေအနေ အများပြည်သူ သိဖို့ လိုအပ်နေကြောင်း မနေ့က ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ကျင်းပတဲ့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်လာတဲ့ သံယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်းက အခုလို ပြောသွားပါတယ်။

"မြန်မာနိုင်ငံအနေနဲ့ကတော့ ယနေ့အချိန်မှာ မျိုးတုံးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ သတ္တဝါမျိုးစိတ်တွေဖြစ်တဲ့ ကျား၊ ဆင်၊ ပြောင်၊ ဝက်ဝံ ၊ သင်းခွေချပ်၊ ရွှေသမင် အစရှိတဲ့ ရှားပါးသတ္တဝါတွေကို အမဲလိုက်သတ်ဖြတ်မှုတွေ ၊ တရားမဝင်ကုန်သွယ်မှုတွေ၊ ပိုမိုးတိုးလာတာကို အများပြည်သူတွေ သိရှိလာစေရန် ၊ ထိန်းသိမ်းကာကွယ်မှုတွေ ၊ တရားမဝင်ကုန်သွယ်မှုများကို တားဆီးနိုင်ရေးမှာ ပိုမိုပူးပေါင်းလာစေရန် ဆင်ပြတိုက်ဖွင့်လစ်ခြင်းနဲ့အတူ ဖမ်းဆီးရမိတဲ့ ဆင်စွယ် ၊ ဆင်အစိတ်အပိုင်းနဲ့ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေကို ဒုတိယအကြိမ် ဖျက်ဆီးတဲ့အထိမ်းအမှတ်ကို ကျနော်တို့ ရန်ကုန်မြို့မှာ ကျင်းပတာဖြစ်ပါတယ်။"

အဲဒီအခမ်းအနားကို တက်ရောက်လာတဲ့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့ WWF ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွန်ကြားရေးမှူး Christy Williams ကလည်း အထူးသဖြင့် မြန်မာနိုင်ငံ မှာ တောရိုင်းဆင်မှန်သမျှ သတ်ဖြတ်ခံနေရတဲ့ အလွန်ဆိုးရွားတဲ့ အခြေအနေကို အခုလို သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

"လက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာ ဆင်စွယ်အတွက် သာမကပဲ ဆင်အရေပြား ရောင်းဝယ်နေတဲ့အတွက်ကြောင့် ဆင်တွေရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရမှု အမြင့်မားဆုံး ရင်ဆိုင်နေရပါတယ်။ ဒီအတွက်လည်း ဆင် အသက်ကြီးတာ၊ ငယ်တာ မခွဲခြားပဲ ဆင်မှန်သမျှ ခိုးယူဖမ်းဆီး သတ်ဖြတ်ခံနေရပါတယ်။ ဒီပုံစံအတိုင်း ဆက်သွားနေ မယ်ဆိုရင် အနှစ် (၃၀)အတွင်း မြန်မာ့တောရိုင်းတွေမှာ ဆင်တွေပြုန်းတီးတော့မယ့် အခြေအနေပါ။ ဒါဟာ တကယ့် အခြေအနေဆိုးကြီး ဖြစ်လာမယ်လို့ ကျနော်တို့ မြင်ပါတယ်။"

မြန်မာနိုင်ငံမှာ တောရိုင်းဆင်တွေကို ဖမ်းဆီးသတ်ဖြတ်ပြီး ဆင်အရေပြားတွေကို အိမ်နီးချင်း တရုတ်နိုင်ငံဘက် တရားမဝင် တင်ပို့ ရောင်းချနေတဲ့ အတွက် မြန်မာ့ဆင် မျိုးတုန်းမယ့်အန္တရာယ် မြင့်မားလာနေကြောင်း အမေရိကန်အခြေစိုက် ဂေဟစနစ် ထိန်းသိမ်းရေးအဖွဲ့နဲ့ ဗြိတိန်အခြေစိုက် ဆင်ထိန်းသိမ်းရေးအဖွဲ့တွေကလည်း ပြီးခဲ့တဲ့နှစ် သြဂုတ်လက အစီရင်ခံစာတွေ ထုတ်ပြန်ထားပါတယ်။ ဆင်တွေရဲ့အရေပြား ရောင်းချတဲ့ဈေးကွက် ပေါ်ပေါက်လာတာ လွန်ခဲ့တဲ့ သုံး လေးနှစ်ကဖြစ်ပြီး အရင်က ဆင်တွေရဲ့အစွယ်တွေကို ဖြတ်ယူရောင်းချတဲ့ အခြေအနေထက် အလွန်ဆိုးရွားတယ်လို့ စူစမ်းလေ့လာသူတွေက ဆိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အာရှဆင်မျိုးတုန်းမယ့်အန္တရာယ် ကာကွယ်ရေး မြန်မာလူငယ်တွေရဲ့ အားထုတ် ကြိုးပမ်းဖို့ လိုအပ်နေကြောင်း Christy Williams က ပြောပါတယ်။

"ရေရှည်အတွက်ဆိုရင် မြန်မာလူငယ်တွေအနေနဲ့ တောရိုင်းတိရစ္ဆာန် လုံး၀ မရောင်းဝယ်အောင် ပြောဆိုစည်းရုံးကြဖို့နဲ့ အနာဂတ်မှာ ဒီလိုချိုးဖောက်မှုတွေကို အရေးယူနိုင်အောင် တကယ် ဆောင်ရွက်ကြဖို့ လိုပါတယ်။"

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Kristain Schmidt ကလည်း ကမ္ဘာလှည့်ခရီးသွားတွေ မြန်မာနိုင်ငံကိုလာဖို့ အဓိက ဆွဲဆောင်မှုတွေထဲ တောရိုင်းဆင်တွေကို လာရောက်ကြည့်ရှုဖို့ အဓိကအခန်းကဏ္ဍက ပါဝင်နေတယ်လို့ အခုလိုပြောပါတယ်။

"မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားတွေလာဖို့ ပြောတဲ့နေရာမှာ ဆင်တွေအကြောင်း မရှိမဖြစ်ပါနေပါတယ်။ အထူးသဖြင့် ဥရောပက လာတဲ့ ကမ္ဘာလှည့်ခရီးသွားတဦးအတွက်ဆို တောရိုင်း တိရစ္ဆာန်တွေကို သွားကြည့်ချင်တာပါ။ ဥရောပသားတွေအတွက် သက်မဲ့ ဆင်စွယ်တွေမဟုတ်ပဲ အသက်ရှင်နေတဲ့ ဆင်တွေကိုပဲ ကြည့်ချင်ကြတာပါ။"

ဒါ့အပြင် အခမ်းအနားမှာ မြန်မာနိုင်ငံတွင်း တရားမဝင် အမဲလိုက်ခြင်းနဲ့ ကူးသန်းရောင်းဝယ်ခြင်းတို့ကနေ ဥပဒေအရအရေးယူဖမ်းဆီးထားတဲ့ အမေရိကန်ဒေါ်လာ တသန်းကျော်တန်ဖိုးရှိတဲ့ ဆင်စွယ်(၂၁၉)ချောင်း ၊ ဆင်နှာမောင်း အကွင်းခြောက် (၂၁၀)ခု ၊ ကျားနှင့်ကျားသစ်အပါအဝင် တိရစ္ဆာန်အရိုးမျိုးစုံ (၅၂၇)ချောင်း၊ ၊ ဦးချိုမျိုးစုံ (၈၀၀) ချောင်း ၊ သင်းခွေချပ်အကြေးခွံ (၁၃၄.၇၂) ကီလိုဂရမ်၊ အခြားတောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းတွေကို သစ်တောဦးစီးဌာနက ကြိတ်ခွဲဖျက်စီးခဲ့ပါတယ်။ နောက် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံမှာ ပထမဦးဆုံးဖြစ်တဲ့ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်မှာ ဖွင့်လှစ်တဲ့ ဆင်ပြတိုက် ဖွင့်ပွဲအခမ်းအနားလည်း ပြုလုပ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG