သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်အရေပြား အရောင်းအဝယ်ကြောင့် ဆင်မျိုးတုန်းမယ့်အန္တရာယ် ပိုကြီးလာနေ


မြန်မာနိုင်ငံမှာ တောရိုင်းဆင်တွေကို ဖမ်းဆီးသတ်ဖြတ်ပြီး ဆင်အရေပြားတွေကို အိမ်နီးချင်း တရုတ်နိုင်ငံဘက် တရားမဝင် တင်ပို့ ရောင်းချနေတဲ့ အတွက် မြန်မာ့ဆင် မျိုးတုန်းမယ့်အန္တရာယ် မြင့်မားလာနေပါတယ်။ ပဲခူးရိုးမ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ တနင်္သာရီဒေသတွေမှာရှိနေတဲ့ အာရှဆင်တွေ မျိုးတုန်းမယ့်အန္တရာယ် ရင်ဆိုင်နေရတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန်အခြေစိုက် ဂေဟစနစ်ထိန်းသိမ်းရေးအဖွဲ့နဲ့ ဗြိတိန်အခြေစိုက် ဆင်ထိန်းသိမ်းရေးအဖွဲ့တွေရဲ့ လေ့လာစူးစမ်းတွေ့ရှိချက်တွေကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ဆင်တွေရဲ့အရေပြား ရောင်းချတဲ့ဈေးကွက် ပေါ်ပေါက်လာတာ လွန်ခဲ့တဲ့ သုံး လေးနှစ်ကဖြစ်ပြီး အရင်က ဆင်တွေရဲ့အစွယ်တွေကို ဖြတ်ယူရောင်းချတဲ့ အခြေအနေထက် အလွန်ဆိုးရွာတယ်လို့ စူစမ်းလေ့လာသူတွေက ဆိုပါတယ်။ မြန်မာအပါအဝင် အာရှမှာ ဆင်အကောင်ရေ ၅၀,၀၀၀ လောက်ပဲ ကျန်ရှိပြီး လက်ရှိ သူတို့ရင်ဆိုင်နေရတဲ့ အခြေအနေဟာ အာဖရိကမှာ ရှိတဲ့ဆင်တွေထက် ၁၀ ဆလောက် ပိုပြီးဆိုးဝါးနေပါတယ်။

ဆင်တွေရဲ့အရေပြားကို ပတ္တမြားအရောင် လက်ဝက်ရတနာအဖြစ် ပြုလုပ်ရောင်းချတာ၊ စက်နဲ့ အမှုန့်ဖြစ်အောင်ကြိတ်ပြီး ဆေးဝါးအဖြစ် သုံးစွဲလာတာ စတဲ့ဈေးကွက်သစ် ကြီးမားလာနေတာကြောင့် မြန်မာနိုင်ငံမှာ ကျန်ရှိတဲ့ ဆင်အကောင်ရေ ၂,၀၀၀ လောက်ဟာ ဆင်ဖမ်းသမားတွေရဲ့အန္တရာယ်ကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။ ဆင်တွေရဲ့ အရေပြားတွေကို လှီးဖြတ်ယူဖို့ ဆင်ဖမ်းသမားတွေကအထီး၊ အမ၊ အကောင်ပေါက်မရွေး ဖမ်းဆီး သတ်ဖြတ်နေတဲ့ လက်ရှိ နှုန်းထားကို မတားဆီးနိုင်ဘူးဆိုရင် မြန်မာ့တောရိုင်းဆင်တွေဟာ အနှစ် ၆၀ လောက်အတွင်း ကွယ်ပျောက်သွားဖို့ရှိကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် Smithsonian ဂေဟစနစ် ထိန်းသိမ်းရေးအဖွဲ့ ညွန်ကြားရေးမှူး Peter Leimgruber ကပြောပါတယ်။

သူတို့အဖွဲ့အနေနဲ့ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်နဲ့ ဆင်တွေထိန်းသိမ်းရေးအတွက် စတင် လေ့လာ ကူညီရာကနေ ဆင်တွေ ဖမ်းဆီးသတ်ဖြတ်ခံနေရတာကို မျှော်လင့်မထားဘဲ ခြေရာခံတွေ့ရှိခဲ့ကြောင်း အခုလိုပြောပါတယ်။

“တကယ်တမ်း အလွန်ကို တုန်လှုပ်စရာကောင်းပါတယ်။ ဆင်တွေရဲ့ လည်ပင်းတွေမှာ သူတို့ကို ခြေရာခံနိုင်ဖို့ ကျနော်တို့ချိတ်ဆွဲပေးထားတဲ့ GPS လည်ပတ်တွေနောက်ကို လိုက်လံစူးစမ်းရင်းကနေ သူတို့ ပျောက်ပျောက်သွားတယ်ဆိုတာ ကျနော်တို့ သတိထားမိလာတာပါ။ သူတို့ရဲ့ လည်ပတ် GPS ကိရိယာတွေ အလုပ်မလုပ်တော့ဘူးဆိုရင် ဆင်တွေပျောက်သွားလို့ဖြစ်ပါတယ်။ လည်ပတ်ချိတ်ဆွဲပေးထားတဲ့ ဆင် ၁၉ ကောင်ထဲက ၅ ကောင်ဟာ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာကို ကျနော်တို့တွေ့ရှိခဲ့ပါတယ်။ နောက် ပျောက်သွားတဲ့ ဆင် ၂ ကောင်လည်းရှိပါတယ်။ အဲဒီ ဆင် ၂ ကောင်လည်း ဖမ်းဆီး သတ်ဖြတ်ခံရတာဖြစ်နိုင်ပါတယ်။ သူတို့ မပျောက်ခင်အချိန်ထိ သူတို့ လှုပ်ရှားမှုတွေကို ကျနော်တို့ ခြေရာခံနိုင်ခဲ့တဲ့ အချက်အလက်တွေအရ ဖမ်းဆီးသတ်ဖြတ်ခံရတာဖြစ်ဖို့ များတယ်ဆိုတာ ပြနေပါတယ်။နောက်ဆုံး ကျနော်တို့ တွေ့ရှိချက်တွေအရ အကျယ်အဝန်းပမာဏအားဖြင့် ခရိုင် နယ်မြေလောက်ပဲရှိတဲ့ နေရာတခုတည်းမှာတင် ဆင်ကောင်ရေ စုစုပေါင်း ၄၅ ကောင် သတ်ဖြတ်ခံခဲ့ရပါတယ်။”

ဒါ့အပြင် မြန်မာအစိုးရက သီးသန့်ပြုစုထားတဲ့ အစီရင်ခံစာအရ ၂၀၁၆ ခုနှစ်အတွင်း ဆင်ပေါင်း ၂၅ ကောင် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအရေအတွက် အားလုံးပေါင်းဟာ ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်အတွင်း အသတ်ခံရတဲ့ အရေအတွက်နဲ့နှိုင်းယှဉ်ရင် နှစ်ဆလောက် တိုးလာတာ တွေ့ရပါတယ်။

အခုလို ဆင်အရေပြားဈေးကွက်သစ် ဖြစ်လာတာနဲ့ပတ်သက်လို့ ၂၀၁၂ ခုနှစ်ကတည်းက စတင်စုံစမ်းနေတဲ့ ဗြိတိန်အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Elephant Family ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Belinda Stewart-Cox က အခုလိုပြောပြပါတယ်။

“ဝယ်ယူသူ အများအပြားက လေးလံတဲ့ ဆင်အရေပြားအစစ်ကိုပဲ ဝယ်ချင်ကြတာပါ။ ဒါမှလည်း ဆင်အရေပြား စစ်မစစ်ဆိုတာ သူတို့ကိုယ်တိုင် သေသေချာချာ သိရတာပါ။ အရေပြားတချို့ကို အန်စာတုံးပုံစံ အရွယ်အစားလောက် လှီးဖြတ်ပြီး အခြောက်ခံပြီးနောက် ပုတီးလုံးအဖြစ် စက်နဲ့ ပုံသွင်းယူပါတယ်။ အဲဒီ ဆင်အရေပြား ပုတီးလုံးရဲ့အရောင်ဟာ ပတ္တမြားအရောင်လို ဖြစ်နေတာပါ။ ဘာကြောင့်လဲဆိုတော့ အရေပြားထဲမှာ သွေးတွေ ရှိနေလို့ဖြစ်ပါတယ်။ အဲဒီပုတီလုံးတွေကို ဆွဲကြိုး၊ လက်ကောက် စတာတွေအဖြစ် ပြုလုပ်ကြပါတယ်။”

ဆင်အရေပြားကို အဓိကဝယ်ယူတဲ့ ဈေးကွက်က တရုတ်နိုင်ငံဖြစ်တယ်လို့လည်း Belinda Stewart-Cox ကပြောပါတယ်။

အရင်က ဆင်စွယ်လောက်ပဲ ဝယ်ယူကြတဲ့အတွက် ဆင်ဖမ်းသမားတွေဟာ အစွယ်ရှိတဲ့ ဆင်ထီးတွေကိုပဲ ပစ်မှတ်ထား ဖမ်းဆီးကြတာဖြစ်ပါတယ်။ အခုတော့ ဆင်အရေပြားကို လက်ဝတ်ရတနာ၊ ဆေးဝါးအဖြစ် ပြုလုပ်ရောင်းချလာတဲ့အတွက် ဆင်မှန်သမျှ ဖမ်းဆီးသတ်ဖြတ်လာတာကြောင့် ဆင်အရေပြား ဝယ်ယူသုံးစွဲသူတွေကို အသိပညာပေးဖို့ လိုအပ်လာကြောင်း Peter Leimgruber ကပြောပါတယ်။

“ဒါတွေကို ဝယ်ယူသုံးစွဲနေသူတွေဟာ သူတို့ ဘာလုပ်နေတယ်ဆိုတာ သဘောပေါက်နားလည်ကြတာ မဟုတ်ပါဘူး။ ဒါတွေကို အရောင်းအဝယ် လုပ်နေတဲ့ နေရာတွေဆီသွားပြီ ဒီဈေးကွက်ကြောင့် ဘယ်လောက်ထိ ပျက်ဆီး ထိခိုက်မှုတွေရှိနေလဲဆိုတာ ဝယ်ယူသူတွေကို ပညာပေးဖို့လိုပါတယ်။”

Smithsonian ဂေဟစနစ် ထိန်းသိမ်းရေးအဖွဲ့အနေနဲ့ ပဲခူးရိုးမ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ တနင်္သာရီဒေသမှာရှိတဲ့ တောရိုင်းဆင်တွေ ထိန်းသိမ်းရေး ပူးပေါင်းကူညီနေတာပါ။

သြဂုတ်လ ၁၂ ရက်နေ့ တနင်္ဂနွေနေ့ဟာ ကမ္ဘာ့ဆင်များနေ့အဖြစ် အဲဒီနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းမှာ ဆင်တွေ မျိုးမတုန်းအောင် ထိန်းသိမ်းကာကွယ်ဖို့ အသိပညာပေး ဆွေးနွေးပွဲကို ဒေသဆိုင်ရာအာဏာပိုင်တွေ ဦးစီး ကျင်းပခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG