သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီးများ တရုတ်နိုင်ငံထဲ ရောင်းစားခံရမှု များလာ


နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကဒီနေ့ ထုတ်ပြန်တဲ့ လူကုန်ကူးခံရတဲ့ အခြေအနေတွေအကြောင်း သတင်းစာရှင်းလင်းပွဲ
နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကဒီနေ့ ထုတ်ပြန်တဲ့ လူကုန်ကူးခံရတဲ့ အခြေအနေတွေအကြောင်း သတင်းစာရှင်းလင်းပွဲ

မြန်မာနိုင်ငံက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို သတို့သမီးတွေအဖြစ်နဲ့ အိမ်နီးချင်း တရုတ်နိုင်ငံထဲကို လူကုန်ကူးခံရတဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီးတော့ မီးမောင်းထိုးပြတဲ့ အစီရင်ခံစာတစ်ခုကို နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ အထူးသဖြင့် ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းက အမျိုးသမီးတွေ လူကုန်ကူးခံရတဲ့အခြေအနေတွေဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပြီး နှစ်နိုင်ငံအစိုးရတွေအနေနဲ့ ဒီလို လူကုန်ကူးမှုတွေကို ရပ်တန့်ဖို့ ပျက်ကွက်နေတယ်လို့ HRW ကထောက်ပြလိုက်တာပါ။ ဒီနေ့ အစီရင်ခံစာ မိတ်ဆက်ပွဲကို ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ကိုဇော်ထက်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခတွေ၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုတွေကြောင့် အိမ်နီချင်းနိင်ငံတွေကို အလုပ်သွားလုပ်ဖို့ကြိုးစားကြတဲ့သူတွေ အထူးသဖြင့်အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ လူကုန်ကူးမှုရဲ့ သားကောင်တွေဖြစ်ကြရတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အစီရင်ခံစာရေးသားပြုစုသူ Heather Barr ကပြောပါတယ်။

ကချင်နဲ့ ရှမ်းမြောက်ပိုင်းက အမျိုးသမီးနဲ့ ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ ကျေးကျွန်တွေအဖြစ်တဲ့ ရောင်းစားခံရတဲ့အခြေအနေကို သုံးနှစ်လောက်အချိန်ယူပြီး အစီရင်ခံစာကိုရေးသားခဲ့တာပါ။ ဒီဒေသတွေမှာ ဘယ်လိုအခြေအနေတွေကြောင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ရောင်းစားခံရတဲ့ အခြေအနေ ဆိုးဆိုးရွားရွား ကြုံနေရတာလဲဆိုတာကို သူက အခုလိုရှင်းပြပါတယ်။

“ဒီပြဿနာရဲ့ တစိတ်တပိုင်းက တရုတ်နဲ့ မြန်မာနှစ်နိုင်ငံစလုံးမှာ ဒီကိစ္စကို အလေးအနက်ထားပြီး အရေးယူကိုင်တွယ် ဆောင်ရွက်မှုမရှိတဲ့ ကိစ္စပါ။ ဒါ့အပြင် ဒီလိုလူကုန်ကူးမှုတွေ ဖြစ်စေတဲ့ အဓိက အကြောင်းရင်း နှစ်ချက် ရှိပါတယ်။ တချက်ကတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေမှာ စစ်ပွဲတွေနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ အခြေအနေတွေကြောင့် လူတွေ အတိဒုက္ခရောက်နေကြရတာဖြစ်ပြီး နောက်တချက်ကတော့ တရုတ်နိုင်ငံမှာ ကျား၊ မအရေအတွက် မညီမျှတဲ့အချက်ပါ။ တရုတ်နိုင်ငံမှာ အမျိုးသားတွေက အမျိုးသမီးထက်သန်း ၃၀ ကျော် ၄၀လောက် ပိုများနေတော့ အဲဒါက သတို့သမီး ရှာဖို့ခက်လာတဲ့ အခြေအနေဖြစ်နေတာကြောင့်ပါ။”

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြားမှာရော၊ လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းကြားမှာပါ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကချင်နဲ့ရှမ်းမြောက်ပိုင်းဒေသတွေမှာ စစ်ဘေးတိမ်းရှောင်ရသူ ထောင်သောင်းချီ ရှိနေပြီး၊ အဲ့ဒီလို စစ်ရှောင်စခန်းတွေမှာရှိတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ လူကုန်ကူးမှုသားကောင်းဖြစ်ဖို့ လွယ်ကူလေ့ရှိတာပါ။ ဒီပြဿနာတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပေမယ့်လို့၊ လူတွေရဲ့ စိတ်ဝင်တစား စောင့်ကြည့်မှုကတော့ နည်းပါးလွန်းတယ်လို့ Heather Barr ကပြောပါတယ်။

“ဒီကိစ္စကို မီးမောင်းထိုးပြဖို့ အင်မတန် အရေးကြီးတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် နှစ်စဉ်နှစ်တိုင်း အမျိုးသမီးတွေ ရာနဲ့ချီ လူကုန်ကူးခံရပြီး အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ဆိုးဆိုးရွားရွား ဒုက္ခခံစားနေကြရ တာပါ။ ဒါပေမဲ့လို့ ဒီကိစ္စကို လူတွေက ကောင်းကောင်း မသိကြသလို၊ စိတ်ဝင်စားမှုလည်း သိပ်မရှိကြပါဘူး။”

အိမ်နီးချင်းတရုတ်နိုင်ငံထဲကို ဇနီးမယားတွေအဖြစ် အလိုမတူဘဲ ရောင်းစားခံရသူတွေ အရေအတွက်ကို အတိအကျ မသိနိုင်ပေမဲ့လို့၊ ဒီပြဿနာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ် ဆိုတာကိုတော့ သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ အခိုင်အမာ ပြောနိုင်တယ်လို့လည်း Heather Barr က ပြောပါတယ်။

မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ တရုတ်အမျိုးသားတွေအတွက် ကလေးမွေးဖွားပေးဖို့အတွက် အသုံးချခံနေရကြောင်း၊ ဒီအခြေအနေတွေကနေ လွတ်မြောက်လာတဲ့ အမျိုးသမီးတွေရှိသလို နေရပ်ပြန်မလာနိုင်တဲ့ အမျိုးသမီးတွေရှိနေတဲ့အကြောင်း တချို့ကတော့ ဆယ်စုနှစ်တခုနီးပါးလောက်ထိ လိင်ပိုင်းဆိုင်ရာ ကျွန်ပြုခံရတယ်ဆိုတာကို ဒီအစီရင်ခံစာထဲမှာ မီးမောင်းထိုးပြထားပါတယ်။

ပြန်လည်လွတ်မြောက်လာသူတွေဆိုရင်လည်း သူတို့ကြုံခဲ့ရတဲ့အခြေအနေတွေကြောင့် လူမှုအသိုင်းအဝိုင်း ထဲမှာ အထင်သေးခံရတာတွေ၊ မျက်ကွယ်ပြုခံရတာတွေကြောင့် ပြန်လည်ဝင်ဆံဖို့ဆိုတာမှာ အခက်အခဲတွေအများအပြားကြုံရတယ်ဆိုတာကိုလည်း စာမျက်နှာ ၁၀၀ ကျော်ပါတဲ့ HRW ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ ‘ကလေးတယောက် မူဝါဒကြောင့်’ မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ အမျိုးသမီးတွေလည်း တရုတ်နိုင်ငံသားတွေရဲ့ ဇနီးမယားတွေဖြစ်နဲ့ ရောင်းစားခံရတဲ့ဖြစ်ရပ်တွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်လို့ HRW ရဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ ယာယီပူးတွဲညွှန်ကြားရေးမှူးဖြစ် ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာကိုရေးသားသူလည်းဖြစ်တဲ့ Heather Barr ကပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG