သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အပြောင်းအလဲအတွက် အမျိုးသမီးများဆု ဒေါ်နန်ပူ၊ မစိုးစံထိုက်တို့ရရှိ


မစိုးစံထိုက်နဲ့ ဒေါ်နန်ပူရဲ့ဖခင်ဖြစ်သူ ဦးရင်ဘောက်နော် (မတ်၊ ၁၈၊ ၂၀၁၉)

ရန်ကုန် အမေရိကန်သံရုံးက ၂၀၁၉ ခုနှစ်အတွက် ပေးအပ်တဲ့ Women of Change အပြောင်းအလဲအတွက် အမျိုးသမီးများ ဆုကို ကချင်ပြည်နယ်က ထွယ်ဂျန် ဖောင်ဒေးရှင်းကို တည်ထောင်သူ ဒေါ်နန်ပူနဲ့ မှတ်တမ်း ရုပ်ရှင်ဖန်တီးသူ တဦးလည်းဖြစ်၊ မြန်မာအမျိုးသမီး သတင်းထောက်များအဖွဲ့ ပူးတွဲ တည်ထောင်သူလည်း ဖြစ်တဲ့ မစိုးစံထိုက်တို့က ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း အပြောင်းအလဲ ဖော်ဆောင်ရာမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍကို အလေးထား ဂုဏ်ပြုတဲ့ အနေနဲ့ ဒီဆုကို ပေးအပ်တာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။ ဒီ ဂုဏ်ပြုပွဲ အခမ်းအနားကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ မခင်ဖြူထွေးက တင်ပြပေးပါမယ်။

အပြောင်းအလဲအတွက် အမျိုးသမီးများဆု Women of Change ပေးအပ်တဲ့ ဆုပေးပွဲ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးရဲ့ နေအိမ်မှာ တနင်္လာနေ့ ညပိုင်းက ကျင်းပတာပါ။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ ဖွံ့ဖြိုးသာယာရေး ကြိုးပမ်းမှုတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို အသိအမှတ်ပြု ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို ပေးအပ်တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး Scot Marciel က ပြောပါတယ်။

“ကျနော်တို့ အတွက်တော့ ဒီဆုက သိပ်အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမိုကရေစီစနစ် တည်ဆောက်တဲ့အခါမှာ အထက်-အောက်သွားတဲ့ ပုံစံမျိုးနဲ့ သွားလို့ မရပါဘူး။ ဒီတိုင်းပြည်ရဲ့ လူထုတွေဆီကနေ သွားတာမျိုးပဲ ဖြစ်ရပါမယ်။ ဒီလိုအချိန်မျိုးမှာ တခြား နိုင်ငံ အများအပြားမှာလိုပဲ မြန်မာနိုင်ငံက အမျိုးသမီးတွေဟာလည်း တကယ့်ကို အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်နေကြတာပါ။

ဒါပေမဲ့လည်း သူတို့ဟာ အမျိုးသားတွေလောက် အသိအမှတ်ပြု မခံကြရပါဘူး။ ဒါကြောင့် ဒီလိုဆုမျိုး ပေးအပ်ခြင်းအားဖြင့် အမျိုသမီးတွေ ပါဝင်မှု အခန်းကဏ္ဍဟာ အင်မတန်ကိုပဲ အရေးကြီးတယ် ဆိုတာကို လူအများ ပိုမို သိရှိ နားလည်လာအောင်၊ လက်ခံလာအောင် အထောက်အကူ ဖြစ်စေဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ဒီနှစ်အတွက် ဆုရှင် ၂ ဦးကတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အခြေစိုက် ထွယ်ဂျန်ဒါ ဖောင်ဒေးရှင်း (Htoi Gender and Development) တည်ထောင်သူ၊ အဖွဲ့ရဲ့ လက်ရှိ ညွန်ကြားရေးမှူး ဒေါ်နန်ပူနဲ့ မြန်မာအမျိုးသမီး သတင်းထောက်များအဖွဲ့ ပူးတွဲ တည်ထောင်သူလည်းဖြစ်၊ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ တဦးလည်းဖြစ်တဲ့ မစိုးစံထိုက်တို့ ဖြစ်ပါတယ်။

ဒေါ်နန်ပူဟာ ကချင်ပြည်နယ်တွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေကို ကယ်ဆယ်ခွင့်ရဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာမှာ ဦးဆောင် ပါဝင်ခဲ့တဲ့အတွက် မြန်မာ့တပ်မတော်ကို အသရေဖျက်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုခံရပြီး ထောင်ဒဏ် ၆ လ ချခံထားရသူ ဖြစ်ပါတယ်။

မစိုးစံထိုက်ကတော့ - အမျိုးသမီး အခွင့်အရေး၊ မသန်စွမ်းသူတွေ အတွက် အခွင့်အရေးတွေ ပိုမို ရရှိလာစေဖို့နဲ့ လူမှု အသိုင်းအ၀ိုင်းအတွင်း ဒီလို ခွဲခြား နိမ့်ချ ဆက်ဆံခံရသူတွေ အတွက် မူဝါဒဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်လာအောင် ကြိုးပမ်းလှုံ့ဆော်ခဲ့သူ ဖြစ်ပြီး သူတို့နှစ်ဦးရဲ့ ကြိုးပမ်းမှုတွေဟာ လူမှု အသိုင်းအ၀ိုင်းအတွင်း ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာအောင် ပံ့ပိုး ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ခုလို ဆုချီးမြှင့်ရတာဖြစ်တဲ့ အကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။

ဆုရှင်တဦးဖြစ်တဲ့ မစိုးစံထိုက် ကတော့ - ဒီဆုဟာ သူတဦးတည်းအတွက် တင်မဟုတ်ဘဲ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အားလုံးကို ဂုဏ်ပြုတဲ့ဆုအဖြစ် မှတ်ယူကြောင်း ပြောပါတယ်။

“မြန်မာနိုင်ငံမှာ Journalist (သတင်းထောက်) လုပ်ရတဲ့သူတွေ၊ film maker တွေက ရပ်တည်ရတာ အရမ်း ခက်ခဲ့ပါတယ်။ အခက်အခဲတွေကတော့ အများကြီး ရှိနေဆဲပါပဲ။ တခြားသူတွေလည်း အများကြီး ရှိတယ်ပေါ့နော်။ ဆိုတော့ ကျမ ဒီနေ့ ဒီဆုရလိုက်တာက ကျမ တယောက်တည်းကို မဟုတ်ဘဲနဲ့ မီဒီယာ လောကမှာရှိတဲ့ ကျမရဲ့သူငယ်ချင်းတွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေ၊ ပြီးတော့ မီဒီယာမှာရှိတဲ့ ဆရာသမားတွေပေါ့နော်။ လူ့အခွင့်အရေး လှုပ်ရှားတဲ့သူတွေ အကုန်လုံးကို ပေးအပ်လိုက်တာလို့ ကျမ ထင်မြင် ယူဆပါတယ်ရှင့်။”

ဒီဆုဟာ သူ့အတွက် ရှေ့ဆက် ခွန်အားပါပဲလို့လည်း မစိုးစံထိုက်က ပြောပါတယ်။

“ကျမ ရှေ့ဆက်ဖို့ အလုပ်တွေ လုပ်ဖို့အတွက် ခွန်အား၊ တွန်းအားဖြစ်တယ်လို့ ခံစားရပါတယ်။ အရင်ကတော့ ကျမက ဒီဆုရှိတယ်ဆိုတာလည်း မသိပါဘူး။ ပြီးတော့ ဒီဆုကလည်း ကျမတို့ မီဒီယာသမားတွေကို ပေးတယ်လို့လည်း ကျမ မသိပါဘူး။ ကျမ ထင်တာကတော့ ဒီ အမျိုးသမီး လှုပ်ရှားတဲ့သူတွေ၊ တက်ကြွ လှုပ်ရှားသူတွေကို ပေးတဲ့ဆုလို့ပဲ ကျမ သိတယ်ပေါ့နော်။ ဒီနေ့ သူတို့က nominate ထဲ ပါတယ်ဆိုတော့ ကျမ အရမ်း အံ့သြ ၀မ်းသာသွားတယ်ပေါ့နော်။ ပြီးတဲ့အခါကျတော့ ရှေ့ဆက်ပြီးတော့ ကျမ အလုပ်တွေ အများကြီးလုပ်ဖို့ တာဝန်ပိုရှိလာတယ်လို့ ခံစားမိပါတယ်ရှင့်။”

ဆုရှင် နောက်တဦးဖြစ်တဲ့ ဒေါ်နန်ပူ ကတော့ လက်ရှိ အကျဉ်းထောင်ထဲမှာ ရှိနေတာကြောင့် ဆုကို ကိုယ်တိုင် လက်ခံရယူနိုင်ခြင်း မရှိခဲ့ပါဘူး။ သမီးဖြစ်သူရဲ့ကိုယ်စား ဆု လက်ခံရယူခဲ့တဲ့ ဖခင်ဖြစ်သူ ဦးရင်ဘောက်နော်က သမီးအတွက် ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

“၀မ်းသာပါတယ်။ ဂုဏ်လည်းယူပါတယ်။ နောက်နောင် အခါလည်းပဲ ကျနော်တို့နိုင်ငံ အေးချမ်း သာယာရေးအတွက်က အစစအရာရာမှာ နိုင်ငံတကာက ကူညီမှုတွေ လိုတယ်လို့ ကျနော် ထင်မြင်မိပါတယ်။ နောက်ပြီးတော့မှလည်း အခုလို ၀မ်းသာတာထက်ကို နောက်ထပ်လည်းပဲ ကျနော် သမီးအနေနဲ့ ဆက်ပြီးတော့ ဒီအလုပ်ကိုပဲ ဆက်လက် လုပ်သွားလိမ့်မယ်လို့လည်း ကျနော် မြင်ပါတယ်။

"မြန်မာနိုင်ငံတွင်း အပြောင်းအလဲ ဖော်ဆောင်ရာမှာ ပါဝင်ခဲ့ကြတဲ့ အမျိုးသမီး ခေါင်းဆောင်တွေ၊ တက်ကြွ လှုပ်ရှားသူတွေကို ပေးအပ်တဲ့ Women of Change အပြောင်းအလဲအတွက် အမျိုးသမီးများ ဆုကိုတော့ ရန်ကုန် အမေရိကန်သံရုံးအနေနဲ့ ၂၀၁၇ ခုနှစ်ကစပြီး နှစ်စဉ် ပေးအပ်လာခဲ့တာမို့ ဒီနှစ်ဟာ ၃ နှစ်မြောက်ပါ။ ဒီနှစ်ဆုရှင်နှစ်ဦး အပါအ၀င် အမျိုးသမီး တက်ကြွလှုပ်ရှားသူ ၁၀ ဦးနဲ့ အမျိုးသမီး အဖွဲ့အစည်း ၁ ခုကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG