သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေဒဏ်ကျခံ မြန်မာအမျိုးသမီးနဲ့ ပတ်သက်သူတွေကို ထိုင်းရဲ ဆက်လက်ဖမ်းဆီး


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က တရားရုံးချုပ်မြင်ကွင်း။ (သြဂုတ် ၂၅၊ ၂၀၁၇)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က တရားရုံးချုပ်မြင်ကွင်း။ (သြဂုတ် ၂၅၊ ၂၀၁၇)

ထိုင်းနိုင်ငံမှာ သေဒဏ်ကျခံနေရတဲ့ မြန်မာအမျိုးသမီးနဲ့ ဆက်နွယ်နေတဲ့ ထိုင်းနိုင်ငံသားများအား ဆက်လက်ဖမ်းဆီးပြီး ပိုင်ဆိုင်မှု ဘတ်သန်း ၁၀၀ ကျော် သိမ်းဆည်းခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောဆိုပါတယ်။ ဒါ့အပြင် ထိုင်းမြောက်ပိုင်းက တောင်ပေါ်တိုင်းရင်းသူ ၃ ဦးကိုလည်း ကာလ ပေါက်ဈေး ဘတ်ငွေသန်း ၁၀၀ လောက်တန်ဖိုးရှိတဲ့ စိတ်ကြွဆေး ၅ သိန်း ဖမ်းမိခဲ့ပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မူးယစ်ဂိုဏ်းတွေရဲ့ ငွေမဲတွေကို ငွေဖြူဖြစ်အောင် လုပ်ပေးမှုနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရချဒါ တရားရုံးကနေ ဇန်နဝါရီလအတွင်းက သေဒဏ် အမိန့် ချခဲ့တဲ့ မြန်မာအမျိုးသမီး နန်းမြင့်သိန်းအေးနဲ့ ဆက်စပ်မှုရှိတဲ့ တခြား မူးယစ်တရားခံ ၃ ဦးကို ထပ်မံဖမ်းဆီးလိုက်ပါတယ်။

ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က ထိုင်းမူးယစ်နှိမ်နင်းအဖွဲ့နဲ့ အမှတ်(၅) ဒေသ ချင်းရိုင်ခရိုင် ရဲတပ်ဖွဲ့တွေပူးပေါင်းပြီး နေရာ ၆ နေရာကို ဝင်ရောက်ရှာဖွေခဲ့ပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ထိုင်းနိုင်ငံသူ ပီယာချပ် ဝပ်ချဒါဒီနဲ့ အမျိုးသား ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့တာပါ။ တရားခံတွေဟာ ထိုင်းမြောက်ပိုင်းက လာတဲ့ မူးယစ်ဆေးတွေကို ထိုင်းအလယ်ပိုင်း၊ တောင်ပိုင်း တခွင်ဆီ အဓိက ဖြန့်ပေးနေသူတွေဖြစ်တယ်လို့ထိုင်းရဲချုပ် ချလန်ကရက် စီဝါရာခန်က အခုလိုပြောဆိုသွားပါတယ်။

ဖမ်းဆီးခံရသူတွေဟာ နန်းမြင့်သိန်းအေးနဲ့ ဆက်စပ်ပြီး ဘဏ်ငွေ အလွဲှအပြောင်းလုပ်တာတွေနဲ့ မူးယစ်ဆေးရောင်းရတဲ့ တရားမဝင်ငွေတွေကို ငွေဖြူဖြစ်အောင် နာမည်ခံပေးတာတွေ၊ သူတို့ပိုင်အမည်ခံပြီး ရွှေ့ပြောင်းမရတဲ့ ပစ္စည်းတွေဖြစ်တဲ့ မြေတွေ၊ အိမ်တွေ၊ ဝယ်ထားတာတွေ မြန်မာနိုင်ငံအတွင်းက ဘိန်းမှောင်ခိုဂိုဏ်းခေါင်းဆောင်တွေထံကို ငွေတွေ လွှဲပေးနေတာတွေမှာ ပတ်သက်ဆက်နွယ်မှုတွေ ရှိနေတာဖြစ်တယ်လို့ ထိုင်းရဲချုပ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းလိုက်တဲ့ နေအိမ် ၄ လုံး၊ ကွန်ဒိုတိုက်ခန်း ၂ လုံး၊ တန်ဖိုးကြီး ဇိမ်ခံကား ၄ စီးအပြင် ဆိုင်ကယ်တွေနဲ့ အတွင်းပစ္စည်းနဲ့ ကာလတန်ဖိုး ဘတ်သန်းပေါင်း ၁၀၀ ခန့်ကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူခဲ့တယ်လို့ဆိုပါတယ်။ အခုရက်ပိုင်းအတွင်းမှာပဲ ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်လာနေတဲ့ မူးယစ်ဆေးတွေကို ပိတ်ဆို့ ရှာဖွေနေရာမှာ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ကတော့ ထိုင်းမြန်မာနယ်စပ်မှာ စိတ်ကြွဆေး ၅၀၀၀၀၀ (ငါးသိန်း)နဲ့ အတူ တောင်ပေါ်တိုင်းရင်းသူ သုံးဦးကို ဖမ်းဆီးနိုင်ခဲ့တာပါ။

ဒီအမျိုးသမီးတွေဟာ တန်ဖိုးကြီး ဇိမ်ခံကားတွေနဲ့ စိတ်ကြွဆေးတွေ သယ်ဆောင်နေတာ ၇ ကြိမ် ထက်မနည်း ရှိနေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အမှတ်(၅) ဒေသက အာဏာပိုင်တွေက ဆိုပါတယ်။

ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ကတော့ တနင်္သာရီတိုင်း မြိတ်မြို့နဲ့ အနီးဆုံး ထိုင်းနိုင်ငံ ပကျော့ခီရီခန် ခရိုင်အတွင်း ရာဘာသစ်တောလမ်းအတိုင်း ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား လေးဦးကိုလည်း ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့ပါတယ်။

မူးယစ်ဆေးဝါးအဖြစ် သုံးစွဲမှုကြောင့် တားမြစ်ထားတဲ့ ထိုင်းဘာသာနဲ့ (ဘိုင်ကထော့မ့်) လို့ခေါ်တဲ့ ဆေးရွက်၂၈၇ ကီလိုကို ထိုင်းနိုင်ငံတွင်း သယ်ဆောင်လာတာကြောင့် ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောဆိုခဲ့ပါတယ်။ ဒီဆေးရွက်တွေကလည်း ကာလပေါက်ဈေးဘတ်ငွေ ၃သိန်းလောက် တန်ဖိုးရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG