သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေပါဝင်ခွင့် နည်းပါး


ပထမအကြိမ်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်လာသော အမျိုးသမီးများ (Photo credit to Myanmar Peace Center)
ပထမအကြိမ်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်လာသော အမျိုးသမီးများ (Photo credit to Myanmar Peace Center)

မြန်မာနိုင်ငံမှာ လက်ရှိကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပိုမို ပါဝင်လာဖို့ လိုအပ်တယ်လို့ အမျိုးသမီးရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ တိုင်းပြည်မှာ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ၊ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေမှာ အမျိုးသမီးတွေ ပါဝင်နိုင်မှု အများကြီး အားနည်းနေသေးတယ်လို့ သူတို့က ထောက်ပြကြပါတယ်။ မြန်မာနိုင်ငံလူဦးရေရဲ့ တဝက်ကျော် ရှိတဲ့ မြန်မာအမျိုသမီးတွေ အနေနဲ့ တိုင်းပြည်မှာ လတ်တလော အရေးကြီးဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးကဏ္ဍမှာ ဘယ်လောက်အတိုင်းအတာအထိ ပါဝင် စွမ်းဆောင်နေနိုင်ပါပြီလဲ။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက စုစည်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာရော ကမ္ဘာတဝှမ်းမှာပါ လက်နက်ကိုင်ပဋိပက္ခတွေ၊ စစ်ပွဲတွေရဲ့ဒဏ်ကို အဆိုးဆုံး ခံစားရသူတွေဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်သလို၊ သူတို့ဟာ ငြိမ်းချမ်းရေးကို အလိုလားဆုံးသူတွေ ဖြစ်တယ်လို့ အမျိုးသမီးရေး တက်ကြွလှုပ်ရှားတွေက ပြောပါတယ်။ ဒါပေမဲ့ ဒီလို ငြိမ်းချမ်းရေးကို လိုလားတဲ့အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာတော့ ထိထိရောက်ရောက် ပါဝင် ခွင့်မရကြသေးဘူးလို့ WLB အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ ရဲ့ အကြံပေးဘုတ်အဖွဲ့ဝင် မသင်းသင်းအောင်က ပြောပါတယ်။

“ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေအနေနဲ့ ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာတွေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲစကားဝိုင်းမှာ တေ့တေ့ဆိုင်ဆိုင်နဲ့ ညှိနှိုင်း ဆွေးနွေးတဲ့ နေရာတွေ ဆိုရင် အမျိုးသမီးတွေက မပါသလောက်ဖြစ်နေတာကို တွေ့ရတယ် ။ အမျိုးသမီးတွေနဲ့ အမျိုးသားတွေက ဘာပဲပြောပြော တခါတလေ အတွေးအခေါ်မတူဘူး အယူအဆ နောက်သူတို့ရဲ့ စိတ်ဝင်စားမှုနဲ့ ဒီလိုအပ်ချက်တွေကလည်း မတူတဲ့အခါမှာ အဲလိုမျိုး Balance ဖြစ်ဖြစ်ပေါ့နော် နှစ်ဦးစလုံး မျှမျှတတ ပါဝင်ပြီးတော့မှ အမျိုးသမီးတွေရော အမျိုးသားတွေရော စဉ်းစားချက်က ပြည့်စုံမှာဖြစ်တယ်။ အဲဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ပိုပြီးတော့မှ ပါဝင်ဖို့လိုနေတယ်ပေါ့နော် ဆိုတော့ စွမ်းရည်အရ ဆိုရင်လည်း အမျိုးသမီးတွေက ညှိနှိုင်းဆောင်ရွက်တဲ့နေရာမှာ တော်တော်လေး ရှိတယ် တကယ့် စွမ်းရည်လို့ ပြောလို့ရတာပေါ့နော် ၊ အဲလိုမျိုး စကားပြောတဲ့နေရာမှာ Negotiate ပေါ့နော် ညှိနှိုင်းတဲ့နေရာမှာ အမျိုးသမီးတွေက တော်ကြတယ်၊ ဒါပေမယ့်လည်း အဲဒီ အမျိုးသမီးတွေက တကယ်တမ်း ပါဝင်ခွင့်မရပဲနဲ့ ဖယ်ထားခံရတဲ့ အနေအထားကို တွေ့ရတယ်။”

ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေမှာ အမျိုးသမီးတွေ ပါဝင်မှု အားနည်းနေတာဟာ ငြိမ်းချမ်းရေးကို အလှမ်းဝေးစေတဲ့ အရာတခု ဖြစ်တယ်လို့ အမျိုးသမီးရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Triangle Women အဖွဲ့က မခင်လေးက ပြောပါတယ်။

“ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လောက်အထိ အားရစရာ ဖြစ်အောင် ပါဝင်နေပြီလဲဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အားရစရာမကောင်းပါဘူး။ ဒီနေ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံနဲ့ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တွေပေါ့ အငယ်ပိုင်းတွေနဲ့ တွေ့ဆုံ တဲ့ စကားဝိုင်းမှာဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးကို ဆက်စပ်ပြီးတော့ ထည့်ပြီးတော့ ပြောခိုင်းပါတယ်။ဒါပေမယ့် အမျိုးသမီးတွေက Business sector ကနေပဲ လာတဲ့အမျိုးသမီးတွေအများစုဖြစ်တဲ့အခါကျတော့ ကြိုတင်လည်း ပြင်ဆင်မလာတာ ပါကောင်းပါမယ်၊ ဒေါ်အောင်ဆန်းစုကြည်က ထပ်ခါထပ်ခါ သတိပေးပေမယ့် ဒါကိုလည်း ထည့်သွင်းပြီးတော့ ပြောသွားတာ မတွေ့ရဘူး ။

ဒါဘာကို ပြသလဲဆိုရင် ကျမတို့ ငြိမ်းချမ်းရေးဟာ အလှမ်းဝေးနေသေးတယ်။ ဒီလိုပညာတတ်တဲ့ အပေါ်ယံအလွှာမှာ ရှိနေတဲ့ ချမ်းသာတဲ့သူတွေတောင်မှ ဒီငြိမ်းချမ်းရေးဆိုတာကို သူတို့စိတ်ထဲမှာ နားလည်မှု ခံယူမှုက သိပ်ပြီးတော့ မရှိသေးဘူး။ စကားလုံးနဲ့တောင်မှ သူတို့လုပ်နေတဲ့ လုပ်ငန်းတွေနဲ့ ဒီငြိမ်းချမ်းရေးကို ဆက်စပ်ပြီးတော့ စကားဝိုင်းမှာ ပြောရမယ်ဆိုတာကို အဆင်သင့်မဖြစ်သေးဘူးဆိုတာကို သွားတွေ့ရတဲ့အတွက် ကျမ ဝမ်းနည်းမိတယ်၊ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့် ကျမတို့ အရပ်ဘက်အဖွဲ့အစည်းထဲမှာ ရှိတဲ့အမျိုးသမီးတွေကတော့ ၂၁ ရာစုပင်လုံ ပထမအကြိမ်မှာလည်း အရင်ကထက် အမျိုးသမီးတွေ ပိုပြီးတော့ ပါဝင်လာတာတွေ ရှိတယ်။ လာမယ့် ဒုတိယအကြိမ် နောက်ပိုင်းလာမယ် အစီအစဉ်တွေမှာလည်း ပိုပြီးတော့ ပါဝင်လာမယ်လို့ ကျမတို့ ယူဆတယ်။ အခုကတော့ အစပဲ ရှိသေးပါတယ် ကျမတို့ အများကြီးတော့ လုပ်ရဦးမယ်လို့ကျမမြင်ပါတယ်။”

အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်နဲ့ သူတို့ရဲ့အခန်းကဏ္ဍကို မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး အခုသီတင်းပတ်ကို အမျိုးသမီးများ ရက်သတ္တပတ် အဖြစ် NLD အစိုးရက သတ်မှတ်ပြီး လှုပ်ရှားမှုတချို့ ဆောင်ရွက်နေပါတယ်။ ဒီလိုလှုပ်ရှားမှုတွေထဲမှာတော့ မြန်မာအမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တနင်္လာနေ့က တွေ့ဆုံပြီး အမျိုးသမီးတွေ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့တွေ အနေနဲ့ကတော့ ဒီလ ၈ ရက်နေ့ ကျရောက်မယ့် နိုင်ငံတကာ အမျိုးသမီးနေ့မှာ အထိမ်းအမှတ် အခမ်းအနားတွေ၊ ဂီတဖျော်ဖြေပွဲတွေနဲ့အတူ အမျိုးသမီးအခွင့်အရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ပညာပေးအစီအစဉ်တွေ လုပ်သွားဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG