ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ SYK Auto Part Import Company Ltd. နဲ့ Tiger အပိုပစ္စည်း ကုမ္ပဏီ လီမိတက်ဖြစ်တဲ့ ဆိုင်ကယ်ဦးထုပ်နဲ့ ဆိုင်ကယ် ဘရိတ်တုံးတွေ ထုတ်လုပ်တဲ့ စက်ရုံက မြန်မာအလုပ်သမား ၃၀၀ ကျော်ဟာ သူတို့ရဲ့ နစ်နာကြေးတွေအတွက် ဒီနေ့မှာပဲ ဆန္ဒပြခဲ့ကြပါတယ်။ မနက် ၈ နာရီကျော်ကနေ ဆန္ဒပြခဲ့ပြီး ထပ်ခမ်းမြို့နယ် ရဲမှူးကြီးနဲ့ ထိုင်းအာဏာပိုင်တွေ ကိုယ်တိုင် လာပြီး ဖြေရှင်းပေးတဲ့အတွက် ညနေ ၂ နာရီခွဲကျော်လောက်မှာ အလုပ်သမားတွေ တောင်းဆိုချက်တွေကို အလုပ်ရှင်တွေဘက်က လိုက်လျောမယ်လို့ ကတိပြုတာကို ရရှိခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
ပတ်စ်ပို့ ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမား ၃၀၀ ကျော်ဟာ အစိုးရ ရုံးပိတ်ရက်တွေမှာ လုပ်အားခ မပေးတာတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု မပေးဘဲ ဆေးရုံတက်တဲ့ အချိန်တွေမှာ အလုပ်က လုပ်အားခ ဖြတ်တာတွေ၊ အလုပ်သမားလက်မှတ် လုပ်ပေးဖို့ ကိစ္စတွေကို ကူညီဆောင်ရွက်ပေးခြင်း မရှိတာတွေကြောင့် အလုပ်ရှင်ကို ၃ ရက်နေ့ မနက်မှာ သူတို့ရဲ့ နစ်နာမှုတွေအတွက် အလုပ်မလုပ်ဘဲ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
အလုပ်သမားတွေ ဆန္ဒပြနေတဲ့ နေရာကို ဖြေရှင်းပေးဖို့အတွက် ထိုင်းအာဏာပိုင်တွေ ရောက်ရှိလာချိန်မှာတော့ အလုပ်သမားတွေက ကြိုဆိုခဲ့ကြပါတယ်။ အလုပ်သမား တဦးကတော့ သူတို့ နစ်နာခဲ့ရတဲ့ အခြေအနေတွေကြောင့် ဆန္ဒပြခဲ့ရကြောင်း သူတို့ရဲ့ တောင်းဆိုချက်တွေကို အခုလို ပြောပြပါတယ်။
“ကျနော်တို့ အချက်တွေကတော့ စက်ရုံမှာ ရက်မှန်ကြေး မရတာရယ်၊ အလုပ်ပိတ်ရက် ရက်ကြီးခါကြီးတွေမှာ ပြီးခဲ့တဲ့ ရက်တွေကတည်းက တရက်မှ မရခဲ့တာကို တောင်းထားတယ်။ နောက်ပြီး အလုပ်ပျက်တဲ့ အချိန်မှာ ဆေးရုံ၊ ဥပမာ အလုပ်မှာ ထိခိုက်ဒဏ်ရာ ရသွားတဲ့ အချိန်မှာ ခွင့်တိုင်တာကို အလွယ်တကူ မပေးပါဘူး။ လုပ်ခကို ၂ ရက်စာ ဖြတ်ပါတယ်။ ဥပမာ ထိခိုက်တဲ့ လက်ပြတ်သွားတာတို့၊ လက်ပေါက်သွားတာတို့၊ အလုပ်လုပ်ရင်းနဲ့ သံရှသွားတာတို့ ဘာတို့ အဲဒီနေ့ ဆင်းပြီးတာနဲ့ နောက်နေ့ ကိုယ်က မလာနိုင်တဲ့ အချိန်မှာ တောင်းခွင့် မရှိဘူးလေ။ အဲဒီအချိန်မှာ ၂ ရက်ထပ်ဖြတ်ရင် နောက်ထပ် ၄ ရက် ထပ်ဖြတ်တယ်၊ အဲလိုမျိုး။
“အခုတောင်းဆိုတဲ့ အနေအထားကတော့ ရုံတိုင်းရုံတိုင်းမှာ မြန်မာပြည်သားတယောက် အနေနဲ့ ရှမ်းတယောက်ရဲ့ အခွင့်အရေးတွေ ရပိုင်ခွင့် ဆိုတာလည်း ပတ်စ်ပို့လုပ်တဲ့ ရုံးမှာလည်း အကုန်လုံး ရေးထားပြီးသားပဲ။ ခွင့်ပြုချက်အရ ကျနော်တို့လည်း တောင်းဆိုတာပေါ့နော်။ မြန်မာပြည်သား တယောက်မှာ အလုပ်ပိတ်ရက် ရက်ကြီး အခါကြီးတွေမှာ ပိုက်ဆံရရမယ်။ နစ်နာကြေး၊ ရက်မှန်ကြေးပေါ့၊ ရှမ်းတွေလည်း ပေးထားတယ်။ ရှမ်းတွေနည်းတူ ကျနော်တို့ ရပိုင်ခွင့် ရှိရမယ်။”
အလုပ်သမားတွေ အနေနဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတဲ့ အခြေအနေကိုလည်း ဆန္ဒပြနေတဲ့ နေရာကို ရောက်ရှိနေတဲ့၊ အလုပ်သမားရေး ဆောင်ရွက်နေတဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကျော်သောင်းက အခုလို ရှင်းပြပါတယ်။
“အဓိက တောင်းဆိုချက်တွေက သူတို့က အလုပ်လုပ်နေလျက်နဲ့ ကွန်ပျူတာမှာ သူတို့လက်မှတ် မဝင်ဘူးဆိုပြီး မတရားသဖြင့် ခေါင်းပုံဖြတ်တယ်။ သူဌေးရဲ့ စာရွက်စာတမ်းတွေနဲ့ အလုပ်သမားရဲ့ ပတ်စ်ပို့ကို မိတ္တူကူးပြီးမှ Work Permit ဆိုတာ လျှောက်ရတယ်။ အဲဒီ စာရွက်စာတမ်းတွေ တောင်းတဲ့အခါမှာ မိတ္တူကို၊ ဆိုလိုရင်းက အလုပ်သမားတွေရဲ့ အမှန်တကယ် လိုအပ်ချက်အရ ယာယီပတ်စ်ပို့ လုပ်ငန်းစဉ် ကိစ္စကို သူဌေးက စေတနာ ပါပါနဲ့ ဖြောင့်ဖြောင့်ဖြူးဖြူး မပေးတဲ့အပြင် ၅၀၀ စီ အလကား ဖြတ်ပြီးတော့ ယူလိုက်တယ်။ အလုပ်သမားတွေက မင်းတို့ မလုပ်ပေးရင် နေပါစေ၊ ငါတို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပေးပေ့ါ၊ အခုက အဲဒါမျိုးလည်း မပေးဘူးလေ။”
ညနေပိုင်းမှာတော့ အလုပ်သမားတွေရဲ့ တောင်းဆိုမှု အတော်များများကို အလုပ်ရှင်ဘက်က လိုက်လျောမယ်ဆိုပြီး ကတိကဝတ် ပေးခဲ့ကြောင်းကိုလည်း ပြောပြပါတယ်။
“အဲဒီ ထပ်ခမ်းနယ်မြေမှာ အကြီးဆုံး ရဲမှူးကြီး ကိုယ်တိုင် လာပြီးတော့ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ အကုန်လုံးကို လိုက်လျောဖို့အတွက်၊ ပြဿနာ မဖြစ်ဖို့အတွက် အလုပ်သမားတွေဘက်က ရှင်းပေးသွားတယ်လို့တောင် ပြောလို့ရတယ်။ ကျန်းမာရေဆိုင်ရာ ကိစ္စရပ်တွေကျတော့ သူတို့က ထိုင်းတွေလိုပဲ၊ ဥပမာ ဆေးရုံက ၃ ရက် နားခွင့်ရှိတယ်ဆိုရင် နား၊ အဲဒီအတိုင်း အကုန်လုံးပေးမယ်။ ဒါပေမဲ့ ၄ ရက် ထပ်နားမယ်ဆိုရင် ခွင့်ပြုချက်ထပ်ယူ၊ အဲဒီသဘော။ ကုန်ကုန်ပြောရရင် အလုပ်သမားတွေရဲ့ တောင်းဆိုချက် အကုန်လုံးကို လျှော့ပေးလိုက်တယ်လို့ ပြောလို့ရတယ်။”
ထိုင်းနိုင်ငံတွင်းမှာ မြန်မာအလုပ်သမားတွေရဲ့ နစ်နာကြေး တောင်းဆို ဆန္ဒပြမှုတွေဟာ အများအပြား ဖြစ်ခဲ့ဖူးပါတယ်။ ထိုင်း၊ လာအိုနယ်စပ် ခွန်ကယ်မြို့က ဒေချာဖန်းနစ် ပိုက်ကွန်စက်ရုံက ဆန္ဒပြမှုဟာ ရက်အတော်ကြာ ဆန္ဒပြခဲ့ပြီးမှ အောင်မြင်မှု ရခဲ့ပါတယ်။
အခုအခါမှာတော့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့တွေ၊ လူ့အခွင့်အရေး၊ အလုပ်သမားရေး အဖွဲ့တွေက ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို အကူအညီ ပေးခဲ့တာတွေကြောင့် နောက်ပိုင်းမှာ အလုပ်ရှင်တွေဘက်က အလုပ်သမားတွေကို ဖိနှိပ်မှုတွေ နည်းပါးလာတာကိုလည်း တွေ့ရပါတယ်။