သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုဒ္ဓဘာသာလူငယ်ဖိုရမ် ဒိန်းမတ်မှာ ကျင်းပမည်


ဗုဒ္ဓဘာသာလူငယ်များ ဖိုရမ်
ဗုဒ္ဓဘာသာလူငယ်များ ဖိုရမ်

ဥရောပတိုက်မှာ ငြိမ်းချမ်းရေးနဲ့ ဗုဒ္ဓ သာသနာ ပိုမိုကျယ်ပြန့်လာစေဖို့ ရည်ရွယ်ပြီးကျင်းပမယ့် ပထမဆုံး အကြိမ်မြောက် ဥရောပ ဗုဒ္ဓဘာသာလူငယ်များ ဖိုရမ်ကို လာမယ့် ဇူလိုင်လထဲ ကျင်းပမှာ ဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေမှာ မြန်မာနိုင်ငံကနေ ရောက်ရှိအခြေချလာကြတဲ့ ဗုဒ္ဓဘာသာဝင် လူငယ်တွေကြား ချစ်ကြည်ရင်းနှီစေမယ့် ကွန်ယက်တခု ထူထောင်သွားနိုင်ဖို့ကိုလည်း ဗုဒ္ဓဘာသာလူငယ်များ ဖိုရမ်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ပထမဆုံးအကြိမ်မြောက် ဥရောပ ဗုဒ္ဓဘာသာလူငယ်များ ဖိုရမ်ကို ဇူလိုင်လ (၂၆)ရက်နေ (၃၁)ရက်နေ့ထိ ဒိန်းမတ်နိုင်ငံ အနောက်ဖက်ခြမ်း Horve မြို့က ဓမ္မဆာယာ ဓမ္မအရိပ်သာသနာပြု ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပသွားမယ်လို့ တွေ့ဆုံပွဲကို စီစဉ်သူတွေက ပြောပါတယ်။

၁၉၈၈ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖေါက်မှုနဲ့ ဖိနှိပ်မှု အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်သူတွေ မိသားစုအလိုက် ရွှေ့ပြောင်းအခြေချ နေလာကြတဲ့ နိုင်ငံတွေထဲမှာ ဥရောပနိုင်ငံတွေလည်း ပါဝင်တာပါခရစ်ယာန်နဲ့ အခြားဘာသာဝင်တွေ အများစုရှိတဲ့ ဥရောပနိုင်ငံတွေမှာ ငြိမ်းချမ်းရေးနဲ့ ဗုဒ္ဓသာသနာ ပိုမိုကျယ်ပြန့်လာစေရေး ရည်ရွယ်ချက်နဲ့ ဒီလိုတွေ့ဆုံပွဲ လုပ်ရတာပါလို့ ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ ဓမ္မဒူတကျောင်း ပဓာန နာယကဆရာတော် ဦးကုသလသာမိက VOA ကို မိန့်ကြား ပါတယ်။

"ခေတ်အဆက်ဆက်မှာ မြန်မာတွေဟာ အကြောင်းအမျိုးမျိုးနဲ့ ဒီဥရောပတိုက်ကို ရောက်လာကြတယ်ပေါ့ ။ ဒီကအစိုးရတွေလည်း တနေရာစီတနေရာစီမှာ ချထားတာကိုတွေ့ရတယ်ပေါ့။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် ဒီဘက်မှာ Meditation နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုတွေက အများကြီးရှိတယ်။ ဗုဒ္ဓဘာသာလုပ်ပေးစရာတွေအများကြီးရှိနေတယ် အဲဒီတော့ လူငယ်တွေအင်အားက သိပ်ပြီးတော့လိုအပ်တယ်လို့ မြင်မိတဲ့အခါကျတော့ ပြီးခဲ့တဲ့နှစ်က ဒိန်းမတ်မှာ ဖွင့်ဖြစ်တဲ့ကျောင်းလေးမှာ ဥရောပအနှံ့အပြားက မြန်မာပြည်ဖွားတွေ၊ ဗုဒ္ဓဘာသာလူငယ်တွေ သူတို့အချင်းချင်း တနေရာထဲမှာ တွေ့ဆုံပြီးတော့ အမြင်တွေ ဖလှယ်ကြမယ်။ ကိုယ့်ယဉ်ကျေးမှု ဘာသာစကား၊ ဘာသာတရား၊ ကိုယ့်နိုင်ငံအကြောင်း အဲလိုအချင်းချင်း အပြန်ပြန်အလှန်လှန်ပေါင်းကူးပြီးတော့ ဆောင်ရွက်သွားနိုင်မယ့် ကွန်ယက်ကလေးတခုရှိတယ်ဆိုရင် ဥရောပတိုက်အတွက်တော့ ပထမဦးဆုံးခြေလှမ်း အဖြစ်အကျိုးထိရောက်မယ်လို့ ထင်တယ်လေ။"

ဥရောပရောက် မြန်မာ ဗုဒ္ဓဘာသာလူငယ်တွေကြား ချစ်ကြည်ရင်းနှီစေမယ့် ကွန်ယက်တခု ထူထောင်သွားနိုင်ဖို့ ဒီဖိုရမ်မှာ ဆွေးနွေးဖို့ရှိကြောင်း ဆရာတော်က မိန့်ပါတယ်။

"ဥရောပ မှာ well organize ကျယ်ကျယ်ပြန့်ပြန့် ဒီလို organize လုပ်ထားတာမရှိသေးဘူး။ ဒီလူငယ်တွေကျတော့ ဒီကကျောင်းတွေ ၊ ဒီက ကောလိပ်တွေ၊ တက္ကသိုလ်တွေတက်နေတဲ့အခါကျတော့ ဒီကယဉ်ကျေးမှုတွေလည်းအကုန်သိနေပြီ ၊ ဥပဒေတွေလည်းနားလည်တဲ့လူတွေဖြစ်တော့ သူတို့မျိုးဆက်ကျရင်တော့ ဥရောပတိုက်ကို ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ ဒီလူငယ်တွေက အများကြီးဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တာပေါ့။"

မြန်မာနိုင်ငံမှာ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်လို့ဖြစ်ဖြစ် ၊ အစွန်းရောက်တဲ့ ဗုဒ္ဓသံဃာတော်တွေရဲ့ လုပ်ရပ်တွေကြောင့်ပဲဖြစ်ဖြစ် နိုင်ငံတကာမှာ မြန်မာရဟန်းသံဃာတွေရဲ့ ပုံရိပ်ကျဆင်းနေတာပါ။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေရဲ့ပုံရိပ် ပြန်လည်မြှင့်တင်နိုင်ဖို့ ဥရောပရောက် မြန်မာလူငယ် တွေကတဆင့် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဆရာတော် ဦးကုသလသာမိက မိန့်ပါတယ်။

"မကောင်းတဲ့ ပုံရိပ်တွေ များများဖြစ်နေပြီဆိုရင် ၊ဦးပဉ္စင်းတို့ ကောင်းတဲ့ပုံရိပ်တွေ များများဖော်ထုတ်ပေးဖို့ လိုအပ်တာပေါ့။ဦးပဉ္စင်း ကိုယ်တိုင်ဆိုရင်လည်း ဒီ ဂျာမန် တက္ကသိုလ် သင်တန်းကျောင်းတွေမှာ သွားရတယ် သွားတဲ့အခါမှာ ကိုယ့်ရဲ့အပြောအဆိုတွေဟာ ကောင်းတဲ့ ပုံရိပ်တွေ ထွက်လာဖို့ပေါ့။ ကိုယ့်ဘာသာတရားကလည်း ငြိမ်းချမ်းဖို့ပဲ အဓိက ပေးတယ်ဆိုတဲ့ဟာကို ဦးပဉ္စင်းတို့များများပြောပေးဖို့လိုတာပေါ့။ ဒါတွေများများဖော်ပေးရင်တော့ နိုင်ငံတကာပုံရိပ်ရော မြန်မာနိုင်ငံရော ကိုယ့် ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီးတော့ အများကြီးပြန်တက်လာမယ်လို့ ဦးပဉ္စင်းတို့ယုံကြည်တယ်ပေါ့။"

ဇူလိုင်လထဲကျင်းပမယ့် ပထမအကြိမ် ဥရောပ ဗုဒ္ဓဘာသာလူငယ်များ ဖိုရမ်ကိုတက်ရောက်ဖို့ ဂျာမနီ၊ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေ၊ နယ်သာလန် က လူငယ်တွေကို ဖိတ်ကြားထားပြီး၊ မြန်မာနိုင်ငံက ရဟန်းတချို့နဲ့ သီလရှင်တချို့လဲ တက်ရောက်ဖို့ ရှိပါတယ်။ ဒီတွေ့ဆုံပွဲ ဖိုရမ်မှာ အလုပ်ရုံ ဆွေးနွေးပွဲ၊ ဝါဆိုသင်္ကန်းကပ်လှူပွဲနဲ့ ကိုပင်ဟေဂင်မြို့ လေ့လာရေး အစီစဉ်တွေပါဝင်ပြီး၊ ဒီဖိုရမ်ကနေ ဥရောပ သာသနာပြုလုပ်ငန်းတွေမှာ လူငယ်တွေရဲ့အခန်းကဏ္ဍ မြှင့်တင်ဖို့ ၊ ဥရောပရောက် ဗုဒ္ဓဘာသာလူငယ်တွေကြား ကွန်ယက်တခု ထူထောင်သွားဖို့နဲ့ ငြိမ်းချမ်းသာယာတဲ့ ဗုဒ္ဓဘာသာ အသိုင်းအဝန်း ပိုမိုကျယ်ပြန့်လာစေဖို့ ရည်ရွယ်ထားတယ်လို့ ဓမ္မအရိပ် သာသနာပြုကျောင်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG