သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်နဲ့ အလုပ်လက်မဲ့ ပြဿနာ မြန်မာပြည်မှာ ကြီးထွား


በሳውዲ ንጉሣዊ ቤተሰብ የተካሄደ ህዝባዊ ተቃውሞ ሰልፍ
በሳውዲ ንጉሣዊ ቤተሰብ የተካሄደ ህዝባዊ ተቃውሞ ሰልፍ

မြန်မာလူငယ်တွေ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အဓိကပြဿနာဟာ မူးယစ်ဆေးဝါးသုံးစွဲမှု အန္တရာယ်ဖြစ်နေတယ်ဆိုတာကို လူငယ်ထုကြား စစ်တမ်းကောက်ယူနေတဲ့လူငယ်အဖွဲ့တစ်ဖွဲ့က ထောက်ပြလိုက်ပါတယ်။ မြန်မာလူငယ်တွေထဲ ဆယ်ဦးမှာ ခြောက်ဦး အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်အကိုင်ရှားပါးတဲ့ စိန်ခေါ်မှုနဲ့လည်း ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ ဒီလိုအခက်အခဲတွေကို အလေးအနက်ထား ဖြေရှင်းပေးဖို့ကိုလည်း သမ္မတအပါအဝင် လွှတ်တော်ကိုပါ လူငယ်တွေက တင်ပြတောင်းဆိုထားကြပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

၂၀၁၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင်းက ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်း ဒေသကြီးနှစ်ခုက အသက် (၁၆) နှစ်ကနေ (၃၅) နှစ်အတွင်း လူငယ် ၂,၀၀၀ကျော်ကို စစ်တမ်း ကောက်ယူခဲ့ကြတဲ့အခါမှာ လက်ရှိ မြန်မာနိုင်ငံမှာ လူငယ် (၁၀) ဦးမှာ (၆) ဦး အလုပ်လက်မဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတယ် ဆိုတာကို မြန်မာလူငယ်များအစည်းအရုံးက လေ့လာ တွေ့ရှိခဲ့ပါတယ်တဲ့။ အလုပ်အကိုင်ရှားပါးမှု၊ အသက်မွေး ဝမ်းကျောင်း ပညာရပ်က ဘဝအာမခံချက်မရှိတဲ့ အနေအထားဖြစ်နေတယ်လို့ မြန်မာလူငယ်များအစည်းအရုံး ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က ပြောပါတယ်။

“နေရာဒေသအသီးသီးမှာ လူငယ်ဆယ်ဦးကို ကောက်ခံထားတဲ့အခါမှာ အဲဒီ ဆယ်ဦးမှာ အမျိုးသား အမျိုးသမီး ဆယ်ဦးမှာ ခြောက်ဦးဟာ အလုပ်လက်မဲ့ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်။

အလုပ်သမားဝန်ကြီးဌာနက ကြေညာချက်
အလုပ်သမားဝန်ကြီးဌာနက ကြေညာချက်

ဘွဲ့ရပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့ ပညာတတ် အလုပ်လက်မဲ့တွေရယ်၊ နောက် ရထားတဲ့ဘွဲ့နဲ့ အလုပ်နဲ့ မကိုက်ညီတာတွေရယ်၊ တချို့ကျတော့လည်း ကိုယ်နေတဲ့ဒေသမှာ အလုပ်အကိုင်တွေက ရှားပါးတယ်လို့ ပြောတယ်။ တချို့ကျတော့လည်း ကိုယ့်ဒေသ ကိုယ့်နယ်မြေမှာရှိတဲ့ အလုပ်က၊ ဒါမှမဟုတ် ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်က တကယ့်တကယ် ဝင်လုပ်တဲ့အခါမှာ အဆင်မပြေတာတွေ ကြုံရတယ်ပေါ့လေ။ ဘက်ပေါင်းစုံကတော့ ကဏ္ဍပေါင်းစုံ၊ ပြဿနာပေါင်းစုံကို လူငယ်တွေ ရင်ဆိုင်နေကြရပါတယ်။”

အလုပ်လက်မဲ့ဖြစ်နေတဲ့ လူငယ်တွေကြားထဲမှာ လူမှုဝန်းကျင်ဆိုင်ရာ ပြဿနာ၊ မိသားစု စီးပွားရေး မပြေလည်မှုတွေနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ဖြစ်တာကြောင့် မူးယစ်ဆေးဝါးရဲ့သားကောင်ဖြစ်ရပြီး အခုလို လူငယ်ထုကြား ဆိုးဆိုးရွားရွားဖြစ်ပွားနေတဲ့ မူးယစ်ဆေးဝါး ပြဿနာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က အရေးယူဖို့ ပျက်ကွက်ပြီးတော့ လျစ်လျူရှုထားတယ်လို့လည်း ကိုဇွဲရန်နိုင်က ထောက်ပြ ပြောဆိုပါတယ်။

“အလုပ်လက်မဲ့ပြဿနာ အင်အား များလာရင်းနဲ့ တဖြည်းဖြည်းနဲ့ မိသားစုရဲ့ ဖိအားပေးမှုတွေ ခံရတယ်။ နောက် မိသားစု စီးပွားရေး ကျဆင်းလာပြီးတော့ မူးယစ်ဆေးဝါး သုံးစွဲမိတာမျိုးတွေ၊ ရာဇဝတ်မှု ကျူးလွန်ပြီးတော့ စီးပွားရှာတာမျိုးတွေအထိ ဖြစ်လာပြီးတော့ ဆိုးဝါးတဲ့ အခြေအနေမျိုးတွေ ရင်ဆိုင်လာရတာ တွေ့ရပါတယ်။ လောလောဆယ် အခြေအနေမှာ အတော်လေးကို အမြန်ဆုံးကို ဖြေရှင်းရမယ့်ကိစ္စ၊ ပြောရမယ်ဆိုလို့ရှိရင် အလုပ်လက်မဲ့ပြဿနာထက်တောင် ဦးစားပေး ဖြေရှင်းရမယ့် ကိစ္စလို ဖြစ်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မြို့ပေါ် အခြေခံပညာ ကျောင်းတွေ အနီးတဝိုက်မှာတောင်မှ ကျောင်းသားလူငယ်၊ ကိုးတန်း၊ ဆယ်တန်းအရွယ်တွေရဲ့ လက်ထဲမှာ စီးကရက်ကလေးတွေ ကိုယ်စီ ကိုင်ထားတာ တွေ့ရတယ်။ တိုင်းရင်းသားဒေသတွေ၊ ငြိမ်းချမ်းရေးရယူတဲ့နေရာတွေမှာဆိုရင် မူးယစ်ဆေးဝါးကို စီးပွားရေးအရ ရောင်းဝယ်ဖောက်ကား၊ ကူးသန်းရောင်းဝယ်တာတွေ၊ အစိုးရဘက်က အရေးယူဖို့ ပျက်ကွက်တာတွေကြောင့် လူငယ်တွေဟာ မူးယစ်ဆေးဝါးပေါ်မှာ အတော်လေး အာရုံစိုက်လာကြရာကနေ ထိန်းချုပ်ဖို့ ခက်ခဲတဲ့အခြေအနေကို ရောက်လာနိုင်တဲ့ အနေအထားတွေကို ကျနော်တို့ တွေ့ရပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပြဿနာကလည်း အလျင်အမြန် ဖြေရှင်းရမယ့် ပြဿနာဖြစ်တယ်ဆိုတာ ကျနော်တို့ ပြောခြင်း ဖြစ်ပါတယ်။”

မြန်မာနိုင်ငံတွင်းမှာ အလုပ်အကိုင်ရှားပါးမှုပြဿနာ၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုပြဿနာတွေနဲ့ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ ထိရောက်စွာကိုင်တွယ် ဖြေရှင်းပေးသင့်တယ်လို့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ယာယီ) ရဲ့ဥက္ကဋ္ဌ ဦးအောင်လင်းကလည်း ဗွီအိုအေကို ပြောပါတယ်။

“အစိုးရရဲ့ တာဝန်ယူမှုအပိုင်းမှာ ကျွမ်းကျင်လုပ်သားတွေ အမြောက်အများ မွေးထုတ်နိုင်ဖို့အတွက်ကို လိုအပ်တဲ့ awareness training တွေ၊ --- မွေးထုတ်နိုင်ဖို့ကိုလည်း ပိုမိုမြှင့်တင်ပေးရပါလိမ့်မယ်။ သင်ကြားလိုက်တဲ့ ပညာရေးစနစ်ကလည်း အခြေခံကျတယ်ဗျ။ နောက် လုပ်ငန်းခွင်တွေမှာ တိုက်ရိုက်ဝင်ဖို့အတွက်မှာ -- ပညာရေးစနစ် အားနည်းချက်တရပ်ကလည်း ဒါကို ဖော်ပြနေတယ်ဗျ။ ဒီတော့ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးမှာ တာဝန်ရှိပါတယ်။”

မြန်မာလူငယ်ထု လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို နိုင်ငံတော်သမ္မတအနေနဲ့ အထူး အလေးထား စဉ်းစားဆောင်ရွက်ပေးဖို့ လူငယ်တွေက အလေးအနက်ထားတောင်းဆိုပါတယ်လို့ မြန်မာလူငယ်များ အစည်းအရုံးက ပြောပါတယ်။

“နိုင်ငံတော် သမ္မတကို လိပ်မူပြီးတော့ သက်ဆိုင်တဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ လွှတ်တော် ဥက္ကဋ္ဌတွေ၊ နောက် သမ္မတအနီးမှာရှိနေကြတဲ့ အကြံပေးအဖွဲ့တွေ၊ သမ္မတရဲ့အားကိုးရတဲ့ အဖွဲ့အစည်းတွေကို ပေးပို့ပြီးတော့… သမ္မတ အားကိုးရတဲ့-ဆိုတာက သမ္မတအနေနဲ့ လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ အမြဲတမ်း အကြံဉာဏ်တွေ ပေးပြီးတော့ အားလုံး တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေဆီကို ပေးပို့ပြီးတော့ ကျနော်တို့ တောင်းဆိုတာပါ။ အဲဒီတော့ သူတို့ဘက်က ပြန်ဆောင်ရွက်ပေးစေချင်တာ တချက်ပါပဲ။ အဲဒါက ဒီ ကျနော်တို့ တင်ပြတဲ့ အချက်တွေ အပါအဝင် တခြားသော ကျနော်တို့ မဖော်ပြနိုင်တဲ့ လူငယ်ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်လေး ဝိုင်းပြီးတော့ ဆောင်ရွက်ပေးဖို့ ကျနော်တို့ ပြောချင်တာပါ။ ကျယ်ကျယ်ပြန့်ပြန့်လေး ဆောင်ရွက်ပေးဖို့ဆိုတာက မူဝါဒတွေ ချမှတ်ရုံ၊ ဥပဒေတွေ ပြဌာန်းရုံနဲ့ မပြီးပါဘူး။ ကိုယ်ကလည်း လူငယ်တွေ ကိုယ်တိုင် ပါဝင်တယ်၊ လူငယ်ကိုယ်စားလှယ်တွေ၊ အစိုးရကိုယ်စားလှယ်တွေရော ပါဝင်တဲ့အဖွဲ့တွေ ဖွဲ့ပြီးတော့ သေချာကို လူငယ်ကိစ္စကို အာရုံစိုက်စေချင်ပါတယ်။ တိုင်းပြည်မှာ တခြားအရေးကြီးတဲ့ကိစ္စတွေ ရှိနေတယ်ဆိုတာ ကျနော်တို့ နားလည်ပါတယ်။ လူငယ်ကိစ္စကလည်း အရေးကြီးပါတယ်။ လူငယ်ကိစ္စကို လျစ်လျှူရှုရင် တိုင်းပြည် အနာဂတ်အတွကို ဝေဝါးသွားမှာ ဖြစ်ပါတယ်။”

မြန်မာလူငယ်ထုကြား အလုပ်အကိုင်ရှားပါးနေတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ အဓိက ပညာရေးအဆင့်အတန်းမြှင့်တင်ပေးဖို့၊ ပညာ ဆုံးခန်း တိုင်အောင် မသင်နိုင်တဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်းကြောင်းပညာတွေ သင်ကြားပေးဖို့၊ ပြည်ပအလုပ်အကိုင် ရှာဖွေကြတဲ့ နေရာမှာလည်း မှန်ကန်တိကျမှုရှိတဲ့ သတင်း အချက်အလက်တွေ ဝန်ဆောင်မှုပေးဖို့၊ မူးယစ်ဆေးဝါးအန္တရာယ် ကင်းဝေးအောင် တရားဥပဒေနဲ့အညီ ထိရောက်အောင် ကိုင်တွယ်ဖြေရှင်းပေးဖို့ အပါအဝင် နိုင်ငံပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ တိုင်းပြည်တည်ဆောက်ရေး လူငယ်ထုရဲ့အခန်းကဏ္ဍကို အလေးထားစဉ်းစားပေးဖို့ လူငယ်တွေက တောင်းဆိုနေကြတာဖြစ်ပါတယ်။

XS
SM
MD
LG